21 January 2010

ရိုးတိုးရိပ်တိပ် မျှော်လင့်လာရတဲ့ အစုအပြုံလိုက် ပြန်ပို့မှု

ဘာသာပြန်သူ - စိုးနေလင်း
တနင်္လာနေ့၊ ဇန်နဝါရီလ ၁၈ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၂၇ မိနစ်

(၂ဝ၁ဝ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့ထုတ် Bangkok Post မှ Sanitsuda Ekachi ရဲ့The looming prospectof massive deportation ကို ဘာသာပြန်ဆိုပါသည်။) - (ဓာတ်ပုံ - ရောင်ခြည်ဦး)


တကယ်လို့ အဖြေက “ကောင်းပါပြီ” ဆိုရင်တောင် ဘရုတ်သုတ်ခ ဖြစ်နေတဲ့ တရားမဝင် ရွှေ့ပြောင်း အလုပ်သမား အခြေအနေဟာ သိပ်ပြီး ကောင်းလာမှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အဖြေက သိပ်ကြောက်စရာကောင်းတဲ့ “မရပါဘူး” ဆိုရင်တော့ ဒီဘရုတ်သုတ်ခအဖြစ်ဟာ ပိုပြီး ဆိုးဝါးလာပါလိမ့်မယ်။ ကျမပြောနေတာက ဆိုင်းငံ့ထားတဲ့ အိမ်နီးချင်းနိုင်ငံတွေက သန်းပေါင်းများစွာရှိတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကို စနစ်တကျ၊ စည်းကမ်းတကျ ထိန်းချုပ်ဖို့ လုပ်ဆောင်နေတဲ့ အမျိုးသား စီမံဆောင်ရွက်မှုသစ်ရဲ့ ကန့်သတ်ကာလကို တိုးချဲ့ပေးဖို့၊ မပေးဖို့ အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ပြောတာပါ။

အစိုးရက လွန်ခဲ့တဲ့နှစ်က လမ်းပေါက်တွေ ပွနေတဲ့၊ နယ်စပ်တလျှောက်က ထိုးဖောက်ဝင်ရောက် လာနေကြတဲ့လော၊ ကဗ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံတွေက ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ တရားမဝင် ဝင်ရောက်နေမှုကို ရပ်ဆိုင်းပစ်လိုက်ဖို့ မျှော်လင့်ချက်နဲ့ နှစ်အလိုက် လုပ်ပေးနေတဲ့ ရွှေ့ပြောင်းအလုပ်သမား မှတ်ပုံတင်မှုကို ရပ်ပစ်တော့မယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီလို မှတ်ပုံတင်ပေးနေမှုအစား သူတို့ရဲ့ မူလနိုင်ငံတွေက နိုင်ငံသားစိစစ်မှုကို လုပ်ပေး၊ နိုင်ငံကူးလက်မှတ် ထုတ်ပေးရမှာ ဖြစ်ပြီး အဲဒီ ရလာတဲ့ နိုင်ငံကူးလက်မှတ်နဲ့ အလုပ်သမားတွေက ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့်ကို လျှောက်ထားကြရမှာ ဖြစ်ပါတယ်။ တကယ်လို့ အလုပ်သမားတွေက နိုင်ငံသား စိစစ်မှုကို ကန့်သတ်ကာလဘောင်အတွင်း မီအောင်မလုပ်နိုင်ကြဘူးဆိုရင် အဲဒီအလုပ်သမားတွေဟာ အဖမ်းအဆီးခံ နိုင်ငံကို ပြန်ပို့ခံရမှာ ဖြစ်ပါတယ်။ အစိုးရက သူတို့ရဲ့ တောင်းဆိုမှုအတွက် သန်းပေါင်းများစွာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို အချိန်ကာလ တနှစ်ပဲ ခွင့်ပြုခဲ့ပါတယ်။ အဲဒီကန့်သတ်ကာလဟာ အခုချိန်မှာ ကျမတို့နိုင်ငံရဲ့တံခါးကို လာခေါက်နေပါပြီ။

ကျမတို့ အခုကြုံတွေ့ရမယ့် အဖြစ်ကတော့ ၂ သန်းကျော်ရှိနေတဲ့ လူတွေကို အစုလိုက်အပြုံလိုက် ပြန်ပို့ရမယ့် အဖြစ်ပါပဲ။ ရွှေ့ပြောင်းနေထိုင်သူများ တရားမျှတမှု အစီအစဉ် (Migrant Justice Programme) ရဲ့ ညွှန်ကြားရေးမှူး အင်ဒီဟောလ် (Andy Hall) ရဲ့ အဆိုအရ ၇ဝဝဝဝ ကျော်ရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတချို့ဟာ သတင်းတပတ်လောက်ပဲ လိုတော့တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ကုန်ဆုံးတော့မယ့် သူတို့ရဲ့ အလုပ်သမားလက်မှတ်အရ အစုလိုက်အပြုံလိုက် တိုင်းပြည်ပြန်ပို့ခံရမယ့်အဖြစ်ကို ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။ ကျန်တဲ့ခန့်မှန်းခြေ ၉၃ဝဝဝဝ လောက်ရှိတဲ့ မှတ်ပုံတင်ပြီး အလုပ်သမားတွေအတွက်ကတော့ သူတို့ရဲ့ အလုပ်သမားလက်မှတ် သက်တန်းကုန်ဆုံးမယ့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ပြီးရင် ဒီအဖြစ်နဲ့ ရင်ဆိုင်ကြရပါလိမ့်မယ်။

ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာအဖွဲ့ (International Organization for Migration) ရဲ့ အဆိုအရ ၂ဝဝ၉ ခုနှစ်အတွင်း ထိုင်းနိုင်ငံမှာ တရားဝင် မှတ်ပုံတင်ထားကြတဲ့ အလုပ်သမားပေါင်း ၁,၁၇၄,၇၁၆ ဦး ရှိပါတယ်။ အဲဒီအလုပ်သမား ဦးရေရဲ့ ၈ဝ % ဟာ မြန်မာနိုင်ငံက ဖြစ်တဲ့အတွက် နိုင်ငံသား စိစစ်ရေးလုပ်ငန်းရဲ့ အောင်မြင်မှုဟာ မြန်မာနိုင်ငံပေါ်မှာ မူတည်နေပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ် ကုန်လွန်ချိန်အထိ မြန်မာနိုင်ငံက လျှောက်ထားသူ ၅ဝဝဝ-၆ဝဝဝ လောက်ကိုပဲ စိစစ်ပေးနိုင်ခဲ့ပါသေးတယ်။ မြန်မာနိုင်ငံရဲ့ ကြိုးနီစနစ်နဲ့ ခြစားလောက်ကိုက်မှုတွေကြောင့် အရမ်းနှေးကွေးလှတဲ့ စိစစ်ဆောင်ရွက်မှု လုပ်ငန်းစဉ်ဟာ တခုတည်းသော အဟန့်အတား၊ အနှောက်အယှက်တော့လည်း မဟုတ်ပါဘူး။ လောနဲ့ ကဗ္ဘောဒီးယား နိုင်ငံတွေက နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ် လျင်မြန်လာဖို့အတွက် သူတို့နိုင်ငံတွေက အာဏာပိုင်အရာရှိတွေကို ထိုင်းနိုင်ငံကို စေလွှတ်ပေးဖို့ သဘောတူညီထားခဲ့ပြီးဖြစ်ပေမယ့် မြန်မာနိုင်ငံကတော့ အဲဒီလို စေလွှတ်ပေးဖို့ကို ငြင်းဆန်ခဲ့ပါတယ်။

သူတို့က အလုပ်သမားတွေကို သူတို့ကိုယ်တိုင် မြန်မာနိုင်ငံထဲ ပြန်ဝင်ပြီး လုပ်ဆောင်ကြဖို့ ဒါမှမဟုတ် ပွဲစားတွေကတဆင့် လုပ်ဖို့ပဲ ပြောဆို တိုက်တွန်း နေပါတယ်။ အဲဒီနိုင်ငံကူးလက်မှတ်အတွက် ပေးသွင်းရမယ့် အခကြေးငွေကို ထိုင်းဘတ်ငွေ ၅ဝဝ အထိ လျှော့ချ ပေးလိုက်ပေမယ့် အလုပ်သမားတွေအတွက်ကတော့ သက်ဆိုင်ရာ တာဝန်ရှိအရာရှိတွေရဲ့ လက်မှတ်ကိုရဖို့ မတန်တဆပေးပြီး လုပ်နေကြရဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း လိမ်လည်လှည့်စားမှုတွေက များလှတဲ့ အတွက် အလုပ်သမား တော်တော်များများရဲ့ သူတို့ ခက်ခက်ခဲခဲ၊ ပင်ပင်ပန်းပန်း ရှာဖွေထားခဲ့ရတဲ့ လုပ်အားခငွေတွေဟာ ပွဲစားတွေရဲ့ လက်ထဲမှာ ဆုံးရှုံးရမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

အရေးယူအပြစ်ပေးခံရမှာကို ကြောက်ရွံ့စိုးရိမ်မှုဟာလည်း အလုပ်သမားအတော်များများက အဲဒီနိုင်ငံသား စိစစ်ရေးလုပ်ငန်းနဲ့ ကင်းကင်းရှင်းရှင်း နေကြဖို့ ရွေးချယ်ရတဲ့ အကြောင်းတချက် ဖြစ်ပါတယ်။ ရွှေ့ပြောင်းအလုပ်သမား အများစုကြီးဟာ စစ်အစိုးရရဲ့ ရက်ရက်စက်စက်၊ ကြမ်းကြမ်းတမ်းတမ်း ဖိနှိပ်မှုအောက်ကနေ ထွက်ပြေးလာခဲ့ကြတဲ့ ရှမ်း၊ ကရင်နဲ့ မွန် တိုင်းရင်းသားလူမျိုးစုတွေ ဖြစ်ကြပါတယ်။ သူတို့က သူတို့ကိုယ်တိုင် မြန်မာနိုင်ငံထဲသွားပြီး စာရင်းပေးမယ်ဆိုရင် ပြည်တွင်းထဲမှာ နေထိုင်ကျန်ရစ်ခဲ့ကြတဲ့ သူတို့ရဲ့ မိသားစု တွေကိုစစ်အစိုးရက အပြစ်ဒဏ်ပေးမှာ ခြိမ်းခြောက်ငွေညှစ်မှာကို စိုးရိမ်ကြောက်ရွံ့ကြပါတယ်။

ကန့်သတ်ချိန်ဟာ မအောင်မြင်နိုင်တော့တာကို သိတဲ့အတွက် နိုင်ငံခြားသား အလုပ်သမား စီမံကွပ်ကဲရေးကော်မီတီ (Alien Workers Management Committee) က နိုင်ငံသား စိစစ်ရေးအတွက် ကန့်သတ်ချိန်ကို နောက်ထပ် ၂ နှစ် တိုးပေးဖို့ အစိုးရအဖွဲ့ရဲ့ သဘောတူခွင့်ပြုမှုကို တောင်းခံခဲ့ပါတယ်။ အစိုးရအဖွဲ့က အဲဒီတောင်းဆိုမှုကို အခုထိ ဘာမှ မတုံ့ပြန်ခဲ့သေးပါဘူး။ ဒါပေမဲ့ အစိုးရအဖွဲ့ရဲ့ အဲဒီသဘောတူခွင့်ပြုမှုကရော တရားမဝင် အလုပ်သမားပြဿနာ နိဂုံးချုပ်ရေးကို လောက်လောက်လားလား အကူအညီ ဖြစ်စေ နိုင်ပါ့မလား။

အခု မြန်မာနိုင်ငံအစိုးရ အလုပ်လုပ်နေတဲ့ နှုန်းအတိုင်းဆိုရင် နောက်ထပ် အပိုဆောင်း ၂ နှစ်မှာ တရားဝင်အလုပ်လုပ်ခွင့် ရရှိရမယ့် မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမား တသန်းလောက်ထဲက ၁၂ဝဝဝ လောက်ပဲ စိစစ်ခွင့်ပြုပေးနိုင်မှာ ဖြစ်ပါတယ်။

အဲဒီကိစ္စကို ကျမတို့အနေနဲ့ ရယ်မောပစ်သင့်ပါသလား၊ ဒါမှမဟုတ် ငိုကြွေးသင့်ပါသလား။ တကယ်လို့ ထူးထွေအံ့မခန်း အဖြစ်မျိုးနဲ့ တွေ့ကြုံရပြီး အဲဒီအနှောင့်အယှက်၊ အဟန့်အတားတွေကို ဖယ်ရှားရှင်းလင်းပစ်နိုင်တယ် ဆိုရင်တောင် နောက်ထပ် အနိုင်ကျင့်၊ ခေါင်းပုံဖြတ်ခံရမှု မျိုးစုံ တွေ့ကြုံခံစားရနိုင်တဲ့ လူတသန်းကျော်လေက် တရားမဝင် ကျန်ရှိနေဦးမှာပဲ ဖြစ်ပါတယ်။ ငွေကြေး၊ သတင်းအချက်အလက်နဲ့ အရေးယူအပြစ်ပေးခံရမှာ ကြောက်ရွံ့မှုတွေကြောင့် အဲဒီလူတွေဟာ တရားဝင် ဖြစ်လာတဲ့အတွက် ရလာနိုင်တဲ့ အကျိုးကျေးဇူးတွေကို တွေ့မြင်နိုင်ကြလိမ့်မယ် မဟုတ်ပါဘူး။ စည်းမျဉ်းစည်းကမ်းသစ်က သူတို့ကို ၂ နှစ်တာ တရားဝင် အလုပ်လုပ်ဖို့ ခွင့်ပြုမှာဖြစ်ပြီး နောက်ထပ် ၂ နှစ်တာကာလ အလုပ်သမားလက်မှတ် သက်တမ်းတိုးခွင့်လည်း ရလာနိုင်ခြေ ရှိပါတယ်။ ဒါပေမဲ့ သူတို့တွေ လုပ်နေရတဲ့ ကျေးကျွန်လုပ်ငန်းမျိုးရဲ့ အခြေအနေတွေကနေ တိုးတက်ကောင်းမွန်လာမယ်၊ ဒါမှမဟုတ် သူတို့တွေကို ရဲက ခြိမ်းခြောက်ငွေညှစ်တာမျိုး ခံရသွားစေနိုင်တဲ့ အလုပ်ရှင်တွေက သူတို့ရဲ့ အထောက်အထားလက်မှတ်တွေကို သိမ်းဆည်းတာမျိုး ရှိနိုင်၊ မရှိနိုင် ဆိုတာကိုတော့ အာမခံချက် မရရှိနိုင်ပါဘူး။

မြန်မာနိုင်ငံမှာ အစိုးရရဲ့ ကောက်ကျစ်စဉ်းလဲ ရက်စက်မှုတွေ ဆက်ပြီး ဖြစ်နေသမျှတော့ မြန်မာနိုင်ငံက ပြည်သူတွေဟာ သူတို့တွေရဲ့ ဘဝနဲ့ အသက်တွေကို စွန့်စားပြီး နယ်စပ်ဖြတ်ကျော် အလုပ်လာလုပ် နေကြဦးမှာပါပဲ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးစနစ် ကတိမ်းကပါး ဖြစ်နေသေးသမျှ၊ ထိုင်းအာဏာပိုင်တွေကလည်း ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အရေးကို အလေးဂရုပြုဖို့ ငြင်းဆန်နေသေးသမျှ သာမန်ပြည်သူတွေဟာ နိုင်ငံရဲ့ မူဝါဒကျဆုံးမှုအတွက် အကြီးဆုံး အရှုံးသမားတွေ ဖြစ်နေကြရဦးမှာပဲ ဖြစ်ပါတယ်။

အသေအချာ အကြီးမားဆုံး အနိုင်ရမယ့် သူတွေဖြစ်တဲ့ ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ထဲမှာ ခြစားလောက်ကိုက်မှုတွေ ရှိနေဦးမှာဖြစ်သလို၊ ဂိုဏ်းဖွဲ့လူကုန်ကူးမှုနဲ့ နိုင်ငံကူးလက်မှတ်အတု ပြုလုပ်မှုတွေလည်း ရှိနေဦးမှာပဲဖြစ်ပါတယ်။

(Ms.Sanitsuda Ekachi ဟာ Bangkok Post (Outlook) ရဲ့ လက်ထောက်အယ်ဒီတာ ဖြစ်ပါတယ်။)

Bookmark and Share

Leave a comment for this post!

Original Template by Dicas Blogger. Developed by Tavoyan.
Back to top