"စာနယ်ဇင်း ကျင့်ဝတ်တွေ ရေးခဲ့သလို ဘလော့ခ်ဂါ ကျင့်ဝတ်ဆိုပြီး ရေးပါဦး ခင်ဗျ။ အခု ဘလော့ခ်တွေ သိပ်များလာပြီး တချို့က မဟုတ်မဟတ်တွေချည့် ရေးနေကြတယ်"
လူငယ် စာနယ်ဇင်းသမားလေး တစု ရောက်လာပြီး ပြောလိုက်တာ ဖြစ်ပါတယ်။ စာနယ်ဇင်း ကျင့်ဝတ်တွေ အကြောင်း အမြဲလိုလို ရေးနေတာကြောင့် ခုလို ပြောလိုက်တာပါ။ အင်တာနက် ဝက်ဘ်ဆိုက်တွေ ဘလော့ခ်တွေကို စောင့်ကြည့်ဖတ်႟နေသူ ဖြစ်တော့ သူတို့ပြောသလို ဘလော့ခ်တွေ သောင်းချီ ရှိနေတာ တွေ့ရပါတယ်။ အတော်များများကလည်း မဖွယ်မရာတွေ ဖြစ်ပါတယ်။ တချို့ဆို ညစ်ညမ်းတာတွေ ဖြစ်ပါတယ်။
လူထု ဂျာနယ်လစ်တွေ
ဘလော့ခ် ဆိုတာတွေ ပေါ်ပေါက်လာတာ သိပ်မကြာလှသေးပါဘူး။ ကွန်ပြူတာ သုံးနိုင်သူတိုင်း ကိုယ်ပိုင်ဘလော့ခ်တွေ လုပ်လို့ရတာကြောင့် အချိန်ပေးနိုင်သူတိုင်း၊ ဝါသနာပါသူတိုင်း ဘယ်သူမဆို လုပ်နိုင်ကြပါတယ်။ အထူးသဖြင့် လူငယ်လေးတွေက အများဆုံး လုပ်ကြပါတယ်။ တချို့က သတင်းတွေ ဖလှယ်ကြတယ်။ တချို့က ဖျော်ဖြေရေး အတွက်၊ တချို့က ပညာရေးအတွက် လုပ်ကြတယ်။ လူတိုင်း လုပ်လို့ရတာကြောင့် ဒီလိုလုပ်တဲ့ ဘလော့ခ်ခ်ဂါတွေကို တချို့က 'လူထု ဂျာနယ်လစ်' (Citizen Journalist) လို့ အမည်တပ်ပေး ကြတယ်။ စစချင်းတော့ အပျော် လုပ်ကြတာပါ။ လုပ်ရင်း လုပ်ရင်းနဲ့ နောက်တော့ တကယ်ဝါသနာပါသွားပြီး၊ တကယ်ကို ပုံမှန် ဘလော့ခ်ခ်တွေ ထောင်ပြီး သတင်း အလုပ်လုပ်တဲ့ ဘလော့ခ်ခ်ဂါတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
ရင်ဖွင့်နေရာ
ဘလော့ခ်ဂါတွေဟာ အများအားဖြင့် လူငယ်လေးတွေ ဖြစ်ကြတယ်။ တချို့က သတင်းအလုပ်ကို ဝါသနာပါလို့ လုပ်ကြတာ။ တမင်တကာကို မဟုတ်မဟတ် မတော်မလျှော်တွေ လုပ်သူအချို့လည်း ရှိပါတယ်။ ဒါပေမဲ့ သောင်းချီနေတဲ့ ဘလော့ခ်ခ်တွေထဲမှာ သိပ်အများ ကြီးတော့ မဟုတ်ပါဘူး အများစုကတော့ လူငယ်လေးတွေ အပျှော်တမ်း လုပ်ကြတာမို့ သင့် မသင့်၊ တော် မတော်၊ တင့်တယ်၏ မတင့်တယ်၏၊ မစဉ်းစားတတ်လို့ မလျှော်မကန် ဖြစ်နေတာတွေသာ ဖြစ်ပါတယ်။ ဘလော့ခ်ခ် အင်တာနက်တို့ဆိုတာတွေကို စပြီး သုံး နိုင်ကြတာ ဘာမှ မကြာသေးပါဘူး။ ဒီတော့ လူငယ်လေးတွေ အဖို့ ကစားစရာ အရုပ်ရသလို ဆော့လို့၊ ကစားလို့ အားမရနိုင်အောင် ဖြစ်ကြတာ သဘာဝကျပါတယ်။
စမ်းသပ်မှုတွေ့ရှိတယ်
ကွန်ပြူတာ အင်တာနက် ဆိုတာကလည်း ကစားစရာ အသစ်အဆန်း၊ ဘလော့ခ်ခ်ဂါတွေ အများစုကလည်း လူငယ်လေးတွေ ဖြစ်နေတာကြောင့် ကျင့်ဝတ်တွေဘာတွေ ပြောပြီး မ'ဟန့်' ချင်ပါဘူး။ လူငယ်လေးတွေ လွတ်လွတ်လပ်လပ် ရင်ဖွင့်စေချင်တယ်။ အဲဒါ ကြောင့် အသစ်အဆန်းကို စမ်းသပ်နေကြတဲ့ လူငယ်တွေကို တားဆီး ချုပ်ချယ် မလုပ်ချင်ဘူး။ စမ်းသပ်မှုတွေ့ရှိနိုင်တယ်။ ဘာမှ မစမ်းသပ်ရင် ဘာမှမတွေ့နိုင်ဘူး။ ဘာမှ မတွေ့ရင် ဘယ်လိုလုပ်ပြီး တိုးတတ်မှာလဲ။
မရှိမဖြစ် အာနဲ့ ဒီ
တိုင်းပြည် တိုးတက်ဖို့ ဆိုရင် အသစ်အဆန်းတွေ စမ်းသပ် ရှာဖွေနေဖို့ လူငယ်တွေကို အားပေးရပါမယ်။ လိုအပ်တာတွေကိုလည်း ဖြည့်ဆည်း ပေးရပါမယ်။ ထွန်းကား တိုးတတ်တဲ့ နိုင်ငံတိုင်းမှာ သုတေသနနဲ့ ဖွံ့ဖြိုးရေး (Research and Development) လုပ်ငန်းကို အစိုးရတွေက လုပ်ကိုင်ရုံသာမက၊ စီးပွားရေး လုပ်ငန်းကြီးတိုင်းမှာလည်း 'R & D' (အာနဲ့ ဒီ) ဆိုတဲ့ ဌာနတွေကို ငွေကြေး အများကြီး အကုန်ကျခံပြီး လုပ်ဆောင်ကြပါတယ်။ စာသင်နှစ် တနှစ် ပြီးဆုံးတော့မယ် ဆိုရင် ကုမ္ပဏီကြီးတွေက တက္ကသိုလ် ကျောင်းတွေမှာ သွားပြီး ထူးချွန် ထက်မြက်တဲ့ ကျောင်းသားတွေကို မက်လုံး အမျိုးမျိုးပေးပြီး စည်းရုံးခေါ်လေ့ ရှိပါတယ်။ လူငယ်တွေရဲ့ အစွမ်းအစကို ယုံကြည် အားထားတဲ့ သဘော ဖြစ်တယ်။
ယုံကြည်မှုအရေးကြီးဆုံး
ကိုယ့်ကို ယုံကြည် စိတ်ချစွာနဲ့ တာဝန် တခုခု ပေးအပ်တယ် ဆိုရင်၊ ကိုယ့်ဘက်ကလည်း တာဝန်ကျေအောင် မဖြစ်မနေ ကြိုးစား လုပ်ဆောင် ပြချင်တတ်တာဟာ လူ့သဘာဝ ဖြစ်တယ်။ 'ယုံကြည်မှု' ဆိုတာ လူ့အဖွဲ့အစည်း အတွင်းမှာ အင်မတန် အရေးပါတဲ့ အရာတခု ဖြစ်တယ်။ လူတဦးနဲ့ တဦး ယုံကြည်မှုအပြန်အလှန်ရှိမှု ခင်မင်ရင်းနှီးတဲ့ ဆက်ဆံမှု ရှိနိုင်တယ်။ နိုင်ငံ တနိုင်ငံနဲ့ တနိုင်ငံ၊ လူမျိုး တမျိုးနဲ့ တမျိုးလည်း အပြန်အလှန် ယုံကြည်မှု ရှိကြပါမှ ချစ်ကြည် ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင်လို့ ရနိုင်တယ်။ တဦးနဲ့ တဦးကြားမှာ ယုံကြည်မှု ပျက်ယွင်းသွားပြီ ဆိုရင်တော့ စစ်မှန်တဲ့ ရင်းနှီးချစ်ခင်မှုကို ဘယ်လိုနည်းနဲ့မှ တည်ဆောက်လို့ မရနိုင်ပါဘူး။
လူငယ်စွမ်းအား အဓိက
နိုင်ငံတခု တိုးတတ် ထွန်းကားအောင် တည်ထောင်ဖို့ လူငယ်တွေရဲ့ စွမ်းအားဟာ အဓိက ကျပါတယ်။ ဘာကြောင့်လဲ ဆိုတော့ လူငယ်တွေမှာမှ ထက်သန်တဲ့ အားမာန်တွေ ရှိပါတယ်။ အထူးသဖြင့် ခုခေတ်ကို နည်းပညာတွေ တဟုန်ထိုး တိုးတက်နေတဲ့ ခေတ်ကို လူငယ်တွေမှပဲ အမီလိုက်နိုင်မှာ ဖြစ်တယ်။ လူကြီး ဆိုတာက စိတ်သွားတိုင်း ကိုယ်ပါနိုင်တော့တာ မဟုတ်ဘူး။ အသစ်အဆန်းတွေ ရှာဖွေ စမ်းသပ်တဲ့ အလုပ်မျိုးတွေကို လူငယ်တွေပဲ ရှေ့က ဦးဆောင် လုပ်ကိုင်ကြပါစေ။
လူထုစိန်ဝင်း
ရနံ့သစ် မဂ္ဂဇင်း၊ အမှတ် (၉)၊ စက်တင်ဘာ ၂၀၀၉ ခုနှစ်၊
* နေ့သစ်ဝက်ဘ်ဆိုက် မှ ဖတ်ရှုမိ၍ ပြန်လည်မျှဝေသည်။
28 May 2010
လူငယ်၊ ဘလော့ခ်နှင့် လူထုဂျာနယ်လစ်
Posted by ထားဝယ်သား at 2:26 PM
Labels: ဖတ်မှတ်စရာ, ဘလော့ဂ်အကြောင်း
Related Posts:
Subscribe to:
Post Comments (Atom)

Post a Comment