Tuesday, July 29, 2008

Monday, March 24, 2008

ထားဝယ်ရှင်ကိုးရှင်

(၁) ရှင်တောင့်ပုံ

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ သရက်ချောင်းမြို့။









(၂) ရှင်မျှော်

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်၊ ကြက်လွှတ်ရွာ။







(၃) ရှင်မုတ္ထီး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီးရွာ။









(၄) ရှင်ပင်ခရု

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထားဝယ်မြို့၊ ကရပ်ပြင်ရပ်။





(၅) ရှင်ဥသြ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထားဝယ်မြို့၊ ပိန္နဲတောရပ်၊ ဘုရားကြီးဝင်းအတွင်း။







(၆) ရှင်တောက်ထိန်

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်၊ ကမြောကင်းရွာ။







(၇) ရှင်ဇလွန်

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်၊ မြို့ဟောင်းရွာ။



(၈) ရှင်ဆံတော်

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်ရွာ။





(၉) ရှင်ဓါတ်ဝဲ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာ။





(ဦးသောင်းရီနှင့် ကိုရဲမင်းနိုင်တို့အား အထူး ကျေးဇူးတင်ပါသည်)


Friday, January 18, 2008

ထားဝယ်စကားပြောသူတွေဟာ ပျူလူမျိုးတွေများ ဖြစ်နေလေရော့သလား

ဆရာဟိန်းလတ်ခင်ဗျား . . .
ဟဲဟဲ . . .
(ထို “ဟဲဟဲ“ သည် ကိုရင်တာ၏ မူပိုင် “ဟဲဟဲ“ ဖြစ်ပါသည်။ သူသည် စာဖတ်သူများထံသို့ ဦးနှောက်အခြောက်ခံ စဉ်းစားစရာပြဿနာတစ်ရပ်ကို သယ်ဆောင်လာတော့မည်ဆိုလျှင် ထိုသို့ တဟဲဟဲဖြင့် အာလုပ်ပြုကာ ကြိုတင် မျက်နှာချိုသွေးထားလေ့ရှိပါသည်။ ထိုအလေ့ကို အလွန်သဘောကျသော ကျွန်တော်ကလည်း သူ့ ဟဲဟဲကြီးကို ခဏဆွဲသုံးကာ ဆရာတို့၏ဦးနှောက်များအား အောက်ကျို့ခယ၊ တင်ကြို မျက်နှာချိုသွေးလိုက်ပါကြောင်း)
မီဒီယာဟိုင်းဝေးလမ်းမကြီးထဲ ကောက်ရိုးလှည်းကြီး၊ ဆူးလှည်းကြီး မောင်းဝင် လာသည်ဟု မထင်ကြစေလိုပါခင်ဗျား။ ရှေ့ဆက်သွားရမည့် အနာဂတ်လမ်းတွင် လူမျိုးတစ်မျိုး၏ သမိုင်းဇစ်မြစ်၊ ယဉ်ကျေးမှုဆိုသည်များကလည်း အရေးပါလှသည် ဟု ထင်မြင်သည်ကတစ်ကြောင်း၊ စိတ်ဝင်စားလှသော်လည်း သမိုင်းသုတေသန ဘာသာရပ်တစ်ခုကို ကျွန်တော်ကိုယ်တိုင် ဇွတ်နှစ်လုပ်နိုင်သည့် အခြေအနေမရှိ သည်က တစ်ကြောင်းကြောင့်၊ သိလို/ လုပ်လိုသူများ (ရှိခဲ့ပါက) သိနိုင်/လုပ်နိုင်ကြ စေရန် လက်ဆင့်ကမ်းလိုက်ခြင်းဖြစ်ပါသည်။ ဟဲ ဟဲ . . . ။

“အလင်းမြစ်” စာအုပ်တိုက်အနေဖြင့် ပုံမနှိပ်ရသေးသည့် စာတမ်းတစ်စောင် ကို ဖတ်ခွင့်ကြုံခဲ့ပါသည်။ ထားဝယ်အမျိုးသားစာရေးဆရာကြီး မောင်လေးတင့် (ဦးမောင်စိန်) ပြုစုသည့် “ထားဝယ်ဒေသိယစကား ရှေ့ပြေးလေ့လာချက်” စာတမ်း ဖြစ် ပါသည်။ ရှေ့ပြေးလေ့လာချက်ဆိုသော်လည်း ကျွန်တော်လက်လှမ်းမီ ဖတ်ခွင့်ကြုံခဲ့ သမျှထဲတွင် စနစ်တကျနှင့် ပြည့်စုံနိုင်သမျှပြည့်စုံအောင် ကြိုးပမ်းထားသော စာတမ်း ဟု ထင်မြင်မိပါသည်။ အသံထွက်များကို ပိုမိုရှင်းလင်းပြီး ခွဲခွဲခြားခြား သိသာနိုင်ရန် အပြည်ပြည်ဆိုင်ရာ သဒ္ဒဗေဒအက္ခရာ ( International Phonetic Alphabet) များဖြင့် ရှင်းလင်းထားပါသည်။ မှီငြမ်းကိုးကား စာအုပ်စာတမ်းပေါင်း ၄၈ အုပ် ပါ ပါသည်။ ဤနေရာတွင် တန်ဖိုးရှိသောစာမူနှင့် ဈေးကွက်ဝင်ခြင်း/မ၀င်ခြင်းအကြား ဗျာများနေသော စာအုပ်တိုက်ငယ်အကြောင်း ပြောရန်မရည်ရွယ်ပါ။ စာတမ်းရှင်၏ နောက်ဆုံး စာမျက်နှာများဖြစ်သော နောက်ဆက်တွဲ(ဃ)ပါ၊ “ထားဝယ်ဒေသနှင့် ထားဝယ်စကားပြောသူများ” အခန်းကို ဖတ်ပြီးသောအခါ . . . ။

ကျွန်တော်သည် ထိုအချက်အလက်များဆီမှ ခံစားမှု တစ်ခုမက ရခဲ့ပါသည်။ စာအုပ်စာတမ်းပါ အချက်အလက်များသည် ကျွန်တော့်ကို စဉ်းစားစရာများပေးပြီး၊ ကျွန်တော့် ညများစွာကို စားသုံးသွားခဲ့ပါသည်။ စာတမ်းအပြည့်အစုံ ထွက်မလာနိုင် သေးမီမှာ အချက်အလက်အချို့ကိုသာ ဆွဲထုတ်တင်ပြလိုက်ပါသည်။
(စာလုံးစောင်းနှင့် “ကွင်း” အတွင်း ဖေါ်ပြထားသည်မှာ စာတမ်းတွင် အောက်ခြေမှတ်စု ဖြင့် ညွှန်းထားသော ကိုးကားချက်များဖြစ်ပါသည်။)

၁။ သက္ကရာဇ်၅၅၂ခုနှစ်၊ (အေဒီ-၁၁၉၀)ပါ ရှေးဟောင်းမြန်မာကျောက်စာ တစ်ခုတွင် “မြန်မာ”ဟူသော အသုံးကို အစောဆုံးတွေ့ရသည်။ ထိုသက္ကရာဇ်ထက် အနှစ်(၉၀)ခန့်စောသော ကျန်စစ်သားမင်းကြီး၏ နန်းတည် ရှေးမွန်ကျောက်စာ (အေဒီ- ၁၁၀၂)တွင် မြန်မာကို “မိရ္မာ”ဟု ရေးထိုးထား၏။ (အေဒီ-၁၃၄၂)ထိုး ရှေးကျောက်စာတွင် “မြန်မာ”ဟု ရေးထိုးထားသည်ကို အစောဆုံးတွေ့ရသည်။ (မြန်မာ့စွယ်စုံကျမ်း- တွဲ-၁၀-စာ-၃၃၈)

၂။ ထီးလှိုင်ရှင် ကျန်စစ်သားမင်း (၄၄၆-၄၇၃)ခုနှစ် လက်ထက်၊ နန်းတက်စ လောက်တွင် ထိုနန်းတော်တည်အခန်းအနား၊ မွန်ကျောက်စာ၌သော် “မြန်မာ”ကို မွန် ဘာသာဖြင့် “မိရ္မာ”ဟု ရေးခေါ်ခဲ့သည်။ ဤ “မိရ္မာ” အရေးအခေါ်သည်လည်း မြန်မာ ပုဒ်သက်ပင်ဖြစ်ရာ၏။ ဤ အရေးအခေါ်မှ “မြန်မာ”ကို ခေတ်မွန်အခေါ် “ဗမာ” ပုဒ်သက်ခဲ့သည်။
(မြန်မာစကားအဖွင့်ကျမ်း၊ ဒုတွဲ-စာ-၂၅၄-၂၅၅)

၃။ မြန်မာ့သမိုင်းများတွင် လက်ခံထားသော ပုဂံတည်သည့်နှစ်မှာ သက္ကရာဇ် ၂၁၁ (အေဒီ-၈၄၉)ဖြစ်ရာ “မြန်မာ”သည် ပုဂံတည်ပြီးနောက် အနည်းဆုံး နှစ်ပေါင်း သုံးရာ ခန့်ကြာမှ ပေါ်လာသည်ကို တွေ့ရမည်။
ကျန်စစ်သားမင်းကြီး၏ နန်းတည် ရှေးမွန်ကျောက်စာ (အေဒီ-၁၁၀၂)တွင် မြန်မာကို “မိရ္မာ” (မြန်မာမဖြစ်သေး)ပေါ်ချိန်တွင် ထားဝယ်မြို့စားများလှူဒါန်းပူဇော် သည့် အုတ်ခွက်ရုပ်ပွားဆင်းတုတော်များ၌ (မွန်ဘာသာဖြင့်) “၀ါယ်” ပေါ်နေနှင့်ပြီး ဖြစ်ပါသည်။
(ဦးမြ၊ ရှေးဟောင်းအုတ်ခွက် ရုပ်ပွား ဆင်းတုတော်များ၊ ပတွဲ-စာ ၅၇-၅၈)

၎။ လက်ရှိ ထားဝယ်မြို့မြောက်ဘက် ရှစ်မိုင်ခန့်အကွာတွင်ရှိသည့် (သာဂရ) ခေါ် ထားဝယ်မြို့ဟောင်း(လက်ရှိ- မြို့ဟောင်းကျေးရွာ) သည် သက္ကရာဇ်(၁၁၃-၁၂၃)/ အေဒီ-(၇၅၁-၇၆၁)တွင် တည်သည်ဟု အထောက်အထားရှိခဲ့ရာ “ပုဂံ”ထက် (၉၈)နှစ် ခန့် စောနေပါသည်။ အေဒီ(၅၀၀)မှ အေဒီ(၈၃၂)အထိ တည်ရှိခဲ့သော ဒုတိယ ပျူနိုင်ငံတော်“သရေခေတ္တရာ”နှင့် ခေတ်ပြိုင်ဖြစ်နေပါသည်။
(ဗိုလ်မှူးဗရှင်၊ အနော်ရထာအရင်က မြန်မာနိုင်ငံ၊ စာ-၈၁)

၅။ ယနေ့ မြန်မာစကား၊ စာအရေးအသားတို့တွင် လုံးဝမရှိသော (လ-ဆွဲ)သံများ၊ (အော)သရနောက် “န” သတ်သံများသည် ထားဝယ်စကား၌ ယနေ့တိုင်သုံးစွဲနေဆဲ ဖြစ်ပြီး၊ ထိုအသံ(စာလုံးပေါင်းများ)သည် မြန်မာထက်စော၍ ပေါ်ခဲ့သည်ဟု ပညာရှင် များ ခန့်မှန်းအဆိုပြုထားသည့် “ပျူစာ”တွင် ရှိနေခြင်း။
(မြစေတီကျောက်စာ လေးဘာသာ၊ နိုင်ငံတော်ပြတိုက်၊ ယဉ်ကျေးမှုဗိမာန်၊ ၁၉၅၄)

၆။ ကောင်းကင်ဓာတ်ပုံမှ ဖတ်ရှုလေ့လာချက်အရ၊ သာဂရ(ထားဝယ်မြို့ဟောင်း) ၏ မြို့ရိုးသဏ္ဌာန်သည် ဘဲဥပုံလည်းမက စက်ဝိုင်းပုံလည်းမကျသော အ၀န်းအ၀ိုင်း ပုံသဏ္ဌာန်ရှိပြီး သရေခေတ္တရာမှ မြို့ရိုးများနှင့်ဆင်တူနေခြင်း။
( ဦးအောင်မြင့် (သစ်တော) မြန်မာ့မြို့ဟောင်းများကို ကောင်းကင်ဓာတ်ပုံမှ ဖတ်ရှုလေ့လာချက်။ (လက်နှိပ်စက်မူ) အမှတ်-၂၊ ၁၉၇၃)

၇။ ဦးအောင်မြင့်(သစ်တော)၏ စာတမ်းများကို အထောက်အထားပြု့၍ တရားဝင် မြန်မာ့သမိုင်း ကျမ်းစာတစ်စောင်တွင် ရှေးဟောင်းမြို့ဝိုင်းငါးမြို့ (သရေခေတ္တရာ၊ မိုင်းမော၊ ဝေသာလီ၊ ၀တီး နှင့် သာဂရ) တို့ကို စကေးပုံနှင့်တကွ အရွယ်ပမာဏချင်း နှိုင်းယှဉ်ဖေါ်ပြထားရာ၊ သရေခေတ္တရာသည် အကြီးဆုံးဖြစ်၍ မိုင်းမောသည် ဒုတိယ ဖြစ်သည်ကို တွေ့ရပါသည်။ ဝေသာလီ၊ ၀တီး နှင့် သာဂရတို့မှာ တတိယ၊ စတုတ္ထ နှင့် ပဉ္စမ အသီးသီးတို့ဖြစ်ကြပါသည်။ အရွယ်ပမာဏအားဖြင့် ခြားနားမှုရှိသော် လည်း မြို့ဝိုင်းပုံမှာ ဆင်တူသည်ဟု ဖော်ပြနေပါသည်။

၈။ သမိုင်းပညာရှင် “ဗိုလ်မှူးဘရှင်”ကလည်း မြန်မာနိုင်ငံအတွင်း နေထိုင်ခဲ့ကြ သော လူမျိုးများနှင့်ပတ်သက်၍ ဤသို့အဆိုပြုခဲ့ပါသည်။
“နိုင်ငံတည်းဟူသောလူမှုအဖွဲ့အစည်းကို ဗိဿနိုးပျူတို့က မြန်မာနိုင်ငံတွင် ခရစ်သက္ကရာဇ် အစလောက်က တည်ထောင်ခဲ့ကြ၏။ သူတို့နောက်တွင် အနွယ်တူ သရေခေတ္တရာပျူ တို့ က ဒုတိယပျူနိုင်ငံကြီးကို ထူထောင်ခဲ့ကြပေသည်။ ထို့နောက်သော်ကား၊ တိဗက်-မြန်မာ အနွယ်ဝင်တို့၏ နိုင်ငံများသည် ဗိဿနိုးနိုင်ငံတည်ခဲ့ရာ မြန်မာနိုင်ငံအလယ်ပိုင်းကို ဗဟိုပြု၍ ဆက်ကာဆက်ကာ ပေါ်ပေါက်လာခဲ့ကြပေသည်။ သရေခေတ္တရာ၊ ပုဂံအစရှိသည့် နိုင်ငံများ ပေါ်ထွန်းသောခေတ်များက နေထိုင်ခဲ့ကြသည့် မြန်မာနိုင်ငံသားတို့အကြောင်းနှင့် ယင်းတို့၏ သမိုင်းစဉ်တို့သည် သီးခြားလေ့လာရန်လိုအပ်သော အကြောင်းရပ်များပင် ဖြစ်ပေသည်။
(“ဗိဿနိုးမြို့ဟောင်းနှင့် သမိုင်းအမြင်” ၊ တက္ကသိုလ်ပညာပဒေသာ၊ အတွဲ(ခ) အပိုင်း(၃)၊ စာ-၂၁၅။ ၁၉၆၆)

၉။ ယင်းသို့ဖြစ်၍၊ ရှေးဟောင်းမြန်မာကျောက်စာများနှင့် ပြိုင်သော “ထားဝယ် စကား” သည် တိုးတက်လျက်ရှိသော ယနေ့“မြန်မာစကား”ထက် နှစ်ပေါင်း(၈၀၀) ခန့် စော၍ ယဉ်ကျေးမှု သက်သေခံလျက်ရှိ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် မြန်မာ နိုင်ငံရှိဒေသန္တရစကားများကို တတ်နိုင်သမျှလေ့လာကြရာ၏။ ယဉ်ကျးးမှုမဲ့ သည်ဟု အထင်ခံရသော “ထားဝယ်စကား” သည် ယဉ်ကျေးမှုနှင့်ပြည့်ဝလျက်ရှိကြောင်း သိရ သကဲ့သို့ ကျန်ဒေသန္တရဘာသာစကားများ၌လည်း ယဉ်ကျေးမှုအချက်အလက်များ တွေ့ရပေလိမ့်မည်။
( ဦးဖေမောင်တင်၊ ဘာသာစကား ယဉ်ကျေးမှု၊ မြန်မာ့ဝတ္ထုသမိုင်းအစနှင့် . . စာ-၃၁၀)

ယခုတင်ပြခဲ့သောာ အချက်အလက်များအားလုံးသည် စာတမ်းရှင် “ဆရာ မောင်လေးတင့်” ၏ စုစည်းမှုဖြစ်ပါသည်။

ဟဲ ဟဲ . . . ။

ခု ဟဲဟဲ ကတော့ ကျွန်တော် လက်ဝင်သျှိုတဲ့ ဟဲဟဲ ဖြစ်ပါတယ်ခင်ဗျား။
Forever Group က ထုတ်လုပ်တဲ့ Encyclopedia Myanmar ထဲက “ပျူလူမျိုးများ” ဆိုတဲ့ ဟာပိုဒ်ကလေးဖြစ်ပါတယ်။ လိုရ မယ်ရ ဆက်စပ် စဉ်းစားနိုင်အောင်ပါခင်ဗျား။

ရှေးခေတ်မြန်မာနိုင်ငံ၏ ကြီးကျယ်ထင်ရှားသော လူမျိုးများ
ရှေးတစ်ခေတ်က မြန်မာနိုင်ငံတွင်၊ ပျူနိုင်ငံများသည်လည်းကောင်း၊ အဆင့် အတန်းမြင့်သော ယဉ်ကျေးမှုရှိသည့် ပျူလူမျိုးတို့သည်လည်းကောင်း ရှိခဲ့ဖူးသည်။ ပျူနိုင်ငံဟူ၍ သရေခေတ္တရာ(ပြည်ခရိုင်) ၌လည်းကောင်း၊ ဟန်လင်းကြီး(ရွှေဘိုခရိုင်) ၌လည်းကောင်း ထွန်းကားခဲ့ကြောင်းသိရသည်။ ထို့အပြင် တရုတ်နိုင်ငံနှင့် ပျူနိုင်ငံ တို့ အဆက်အသွယ်ရှိခဲ့ပုံကို သိရှိရ၊ ပျူယဉ်ကျေးမှု အထောက်အထားများကိုလည်း တူးဖေါ်တွေ့ရှိခဲ့ရလေသည်။

ပျူလူမျိုး
မြန်မာနိုင်ငံတွင် ပျူလူမျိုးတို့သည် (၇)ရာစုနှစ်မှ (၉)ရာစုနှစ်တိုင်အောင် ထီးနန်းစဉ်ဆက်နှင့်တကွ အထင်အရှားကြီးစိုးလွှမ်းမိုးခဲ့ကြသည်။ပျူတို့ပြောဆိုသော ပျူဘာသာစကားသည် တိဗက်မြန်မာအစုငယ်ဝင် ဘာသာစကားဖြစ်ပြီး၊ မြန်မာ ဘာသာနှင့် များစွာ နီးစပ်သည်။ ပျူလူမျိုးနှင့် ပျူဘာသာတို့သည် ယခုအခါ ကွယ်ပျောက်လျက်ရှိပြီ။ သို့ရာတွင် ရှေးကပျူတို့၏ ယဉ်ကျေးမှုသည် များစွာ အထက်တန်းကျခဲ့သည်။ ကျောက်များ၊ အုတ်များ၊ မြေအိုးများ၊ ဘုရားဆင်းတုတော် တို့၏ အောက်ခံပလ္လလင်များတွင် ထိုခေတ်ကရေးထိုးခဲ့သော ပျူစာများနှင့် ပျူတို့၏ လက်ရာဖြစ်သော အဆောက်ဦဟောင်းများ၊ လက်မှုပညာပစ္စည်းများကို ယခုတိုင် အောင်ပင် တွေ့ရှိနိုင်သေးသည်။

ဟဲဟဲ ဆရာဟိန်းလတ်ခင်ဗျား
ဆရာ့စာမျက်နှာကို အားနာလို့၊ ဆရာကြီးဒေါက်တာသန်းထွန်းရဲ့ ကျောက်စာ နိဒါန်းတို့၊ ရှေးဟောင်းအုတ်ခွက်ပေါ်က တွေ့ရှိချက်တို့၊ ဒေသတွင်းက ဘုရား သမိုင်းတို့၊ ငွေဒင်္ဂါးပြား၊ အရိုးအိုးအထောက်အထားတို့ကိုတော့ ချန်ထားခဲ့ပါသေး တယ်။

အဲဒါတွေ ဆက်တွဲလိုက်ရင် . . . ။ ကျွန်တော်တို့တတွေ သွားရင်းလာရင် ထားဝယ်စကားပြောသူတွေကို တွေ့လို့ကတော့၊ “ရှေးဟောင်းလူမျိုးကြီး”တွေအဖြစ် အရိုအသေပေးကြရမှ ဖြစ်တော့မလားမသိတော့ပါဗျား။

တကယ်လို့များ၊ ဒီဆောင်းပါးကို “ပါရမီဆရာဦးကျော်ဦး”၊ ထားဝယ်ရုပ်ရှင်က “ကိုစိုးသိန်း”၊ မန္တလေးရောက် “ဆရာ စိုးဘားဒိုင်”၊ “စိုးမြတ်သူဇာ- စိုးမြတ်နန္ဒာ”တို့ မိသားစုများ ယောင်မှားဖတ်မိကြမယ်ဆိုရင် . . . ၊ ဟဲဟဲ။
( ထားဝယ်အမျိုးသားများ ကိုယ့်သမိုင်းအမှန်ကို ကိုယ်ရှာဖွေ တွေ့ရှိ၊ ဂုဏ်ယူနိုင်ကြပါစေ)

ငိမ်းအေးအိမ်
(၂၀၀၃ ခုနှစ်၊ သြဂုတ်လထုတ် ပေါ်ပျူလာဂျာနယ်တွင် ဖေါ်ပြပြီး)

Wednesday, January 2, 2008