Thursday, April 21, 2011

တုဏှိဘာဝေ တနင်္သာရီအမတ်များ

ဗမောင်း

ဗထူး Facebook မှာ ကူးယူဖော်ပြသည်။

ရွေးကောက်ပွဲအလွန် ‘လှုပ်ကွက်’ (Space) အကြောင်း အကောင်းမြင် ရောင့်ရောင့်ရဲရဲ ပြောကြမည်ဆိုပါစို့။ ကျွန်းသားအတိဖြင့်ပြုလုပ်ထားသော လွှတ်တော်ထိုင်ခုံများ၊ စားပွဲဝိုင်းများ၊ စင်မြင့်များ ပေါ်၌ မေးမြန်း၊ ဖြေကြား၊ အဆိုတင်သွင်းခြင်း စသော ကိစ္စရပ်များအကြောင်း ဦးစွာ စားပွဲဝိုင်းပေါ်ရောက်လာမည်ထင်သည်။

ပြည်ထောင်စု၊ ပြည်သူ့၊ အမျိုးသားလွှတ်တော်အသီးသီးတွင် သက်ဆိုင်ရာအရွေးချယ်ခံ လွှတ်တော် အမတ်များ၏ ဇာတိဌာန၊ စိတ်ဝင်စားမှုနယ်ပယ် အလိုက် မေးခွန်းများမေးမြန်းကြသည်။ အဆိုတင်သွင်းကြသည်။ ထို့အနက် အကဲဆုံး၊ မေးမြန်းအထူဆုံးမှာ တိုင်းရင်းသားအမတ်များဖြစ်သည်ကို တွေ့ရသည်။

ထိုအချိန် မေးခွန်းမဲ့၊ အဆိုမဲ့ ကွက်လပ်ကြီးတစ်ခု ကျန်နေသည်မှာ တောင်ပိုင်း အမြီးသေးသေးရှိရာ တနင်္သာရီဒေသကိစ္စဖြစ်သည်။ ၅နှစ်သား မြန်မာမြို့တော်သစ် နေပြည်တော်တွင်အခြေစိုက်သည့် ကြီးကျယ်ခန်နားလှပါသည် ဆိုသော လွှတ်တော် ခန်းမဆောင်အသီးသီးတွင် တနင်္သာရီ ဒေသကို အခြေပြုသော မေးခွန်းများ အဆိုများကို အစည်းအဝေး ၂ ပတ်ကျော်ကြာသည်အထိ စိုးစဉ်မျှ မကြားရပါ၊


တိုင်းပြည်နယ်စွန်နယ်ခြားဖြစ်ခြင်း၊ ဖွံ့ဖြိုးတိုးတက်မှု နှုန်း နောက်ကျခြင်း စစ်တပ်အစိုးရက လမ်းပန်းဆက် တပြေးညီဖွံ့ဖြိုးအောင်ဆောင်ရွက်နေပါသည်ဆိုသော်လည်း နေရာ ကွက်ကျန်ခဲ့ခြင်း စသည်တို့က ချင်း၊ ရခိုင်၊ ရှမ်း၊ ကချင်ကဲ့သို့သော နေရာများမှ အမတ်များအတွက် မေးခွန်းများဖြစ်စေသည်။

ပါတီအစွဲကိုချန်၊ ဦးနှောက်ကိုဖွင့် အလုပ်ပေးစဉ်းစားမည်ဆိုပါက မေးခွန်းများ၊ အဆိုများကြောင့် ၎င်းတို့ တနည်းနည်းနှင့် အနိုင်ရလာသော မဲဆန္ဒနယ်နေ တိုင်းရင်းပြည်သား၊ တိုင်းရင်းပြည်သူများအတွက် စောကျောစရာ အဖြေများရရှိသည်။ မိမိတို့အပေါ်လက်ရှိ အာဏာရအစိုးရက မည်သို့စဉ်းစားသည်။ မည်ရွေ့စေတနာရှိသည်ကို ထောက်ချင့်နိုင်သည်။ မြန်မာနိုင်ငံပတ်လည် နယ်စွန်မှ တိုင်းရင်းသားအမတ်များ၏ အသံများကို ကြားရသည်မှာ အားရဖွယ်ရာဖြစ်သည်။

သို့သော် ဘာကြောင့် တနင်္သာရီ။ ထားဝယ်ကား ကွက်လပ်ဖြစ်နေရသနည်း။

တနင်္သာရီမှာ တိုင်းများအနက် ဒေသအကြီးဆုံးနယ်မြေတစ်ခုဖြစ်သည့်အပြင် နယ်စွန်လည်း အကျဆုံး ဒေသတစ်ခုဖြစ်သည်။ အာဆီယံ လမ်းမများ၊ ထားဝယ်ရေနက်ဆိပ်ကမ်းကဲ့သို့သော နိုင်ငံတွင်းအပြင် ဒေသတွင်းကုန်သွယ်ရေး၊ ကူးသန်း ရောင်းဝယ်ရေး၊ ကုန်ထုတ်လုပ်ရေးတို့၌ အရေးပါသော စီမံကိန်းများရှိသည်။ မြန်မာနိုင်ငံတွင် ဒုတိယ ပမာဏ အများဆုံး ရင်းနှီးမြုပ်နှံထားသော ထိုင်းနိုင်ငံနှင့် ရှည်လျားသော နယ်နိမိတ်ဆက်စပ်မှုရှိသည်။ ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ငါးဖမ်းလုပ်ငန်း၊ ခရီးသွားလုပ်ငန်းကဲ့သို့သော စီးပွားရေးလုပ်ငန်းများလည်းရှိသည်။

သမိုင်းအထောက်အထားများအရ ပုဂံခေတ်ထက်ပင်စောသည်ဟုဆိုသော ပျူခေတ် မြို့ဟောင်းများလည်း ရှိသည်။ သာဂရ၊ ဝေဒီ၊ မုတ္ထီး၊ ဆင်ဆိပ် စသည်ဖြင့်။

ဆိုလိုသည်မှာ တနင်္သာရီ အထူးသဖြင့် ထားဝယ်ဒေသကို ကိုယ်စားပြုပါသည်ဆိုသော လွှတ်တော်အမတ်များ အနေဖြင့် မေးခွန်းများ ကိုယ်စီရှိအပ်ပါသည်။ အဆိုများရှိအပ်သည်။ ထိုမှာသာ ထိုဒေသတွင်နေထိုင်သော ထားဝယ်တိုင်းရင်းသား တို့၏ နှလုံးကြားက မဲတစ်ပြားကို တန်ဖိုးထားရာရောက်မည်။

သို့သော် အဘယ်ကြောင့် တိတ်ဆိတ် ဆွံ့အ နေရပါသနည်း။ ကိုယ်ကျိုးစီးပွားများကြောင့်လား။ အရည်အသွေးပြဿနာ ကြောင့်လော။

ထားဝယ်ကို ကိုယ်စားပြုသော အမတ်များတွင် တနင်္သာရီတိုင်း အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၂) မှ ဦးသန်းဆွေ အမည်ခံ မောင်သန်းဆွေ(ထားဝယ်) ကဲ့သို့သော လွှတ်တော်အမတ်များ ပါဝင်သည်။ သမိုင်းသုတေသီ၊ စာရေးဆရာအဖြစ် မြန်မာတစ်နိုင်ငံလုံး ကျော်စောသော ဦးသန်းဆွေမှာ ထားဝယ်ဒေသတွင် ရာဘာကဲ့သို့သော လုပ်ငန်းကြီးများ လုပ်ကိုင်နေသူ ဖြစ်သည်။ ဘိုးဘွားစဉ်ဆက် ဇောတိက မျိုးရိုးမှဆင်းသက်လာပြီး ‘ဖိုးထူး’ ဟု ထားဝယ်တွင် နာမည်ကျော်သည်။ သမိုင်းသုတေသီဆိုသော၊ သမိုင်းကို ချစ်သည်ဆိုသော ဦးသန်းဆွေအတွက် လွှတ်တော်တွင် အစိုးရမင်းများအတွက် ထားဝယ်ဒေသ သမိုင်းဆိုင်ရာမေးခွန်းများ ရှိအပ်သည်။ သို့သော် စင်မြင့်ပေါ်သို့ကား ပေါ်မလာ။

ထားဝယ်ဒေသတွင် သမိုင်းဆိုင်ရာ မေးခွန်းများစွာရှိသည်။ ဆောက်လုပ်တော့မည့် ထားဝယ်ရေနက်ဆိမ်ကမ်းစီမံကိန်း ကြောင့် ထားဝယ်ဒေသရှိ မြို့ဟောင်းအချို့မှာ ပျောက်ကွယ်တော့မည့် စိုးရိမ်ဖွယ်ရာ အနေအထားနှင့် ကြုံတွေ့နေရသည်။ ဗမာတို့အတွက် ဂုဏ်ယူဖွယ်ရာ ရှေးဟောင်းမြို့တော် ပုဂံ ထက် နှစ်ဆယ်ပေါင်းများစွာ စောသည်ဆိုသော ပျူမြို့ဟောင်း သာဂရ (ယခုလောင်းလုံးမြို့နယ် မြို့ဟောင်းရွာ) မှာ စီမံကိန်း ဧရိယာ အတွင်းတစ်စိတ်တစ်ပိုင်းတွင် ပါဝင်လျက်ရှိသည်။

မုတ္တီးမြို့ဟောင်း မြို့ရိုးအချို့မှာလည်း ထားဝယ်-သရက်ချောင်း ရထားလမ်းဖောက်လုပ်ရာတွင် အပျက်အစီးရှိခဲ့သည်။ ဆောက်လုပ်တော့မည်ဆိုသော ထားဝယ်ယဉ်ကျေးမှုပြတိုက်မှာ ယခုအထိပေါ်မလာသေးပါ။

ပြည်သူ့လွတ်တော်ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့တွင် မြောက်ဦးမဲဆန္ဒနယ်မှ ဦးအောင်ထွန်းသာက မြောက်ဦးရှေးဟောင်း ဒေသအား ယူနက်စကို အသိအမှတ်ပြု ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်များ ထိန်းသိမ်းရေး စာရင်းဝင်ဒေသအဖြစ် သတ်မှတ်နိုင်ရန် လုပ်ဆောင်ပေးရန် ရှိမရှိ အစိုးရကိုမေးခွန်းထုတ်ခဲ့သည်။

ဦးအောင်ထွန်းသာ ကဲ့သိုမေးခွန်းများ ဦးသန်းဆွေ တွင် အဘယ်ကြောင့် မရှိရသနည်း။

လူထုဒေါ်အမာ၏ မြေးဖြစ်သူ စာရေးဆရာတစ်ဦးဖြစ်သော ဘိုဘိုလန်းစင် မှတ်ချက်ပြုသကဲ့သို့ “သမိုင်းပညာရှင် ဦးသန်းဆွေ အမတ်ဖြစ်မှပဲ ရှေးဟောင်းမြို့ရိုး ရထားလမ်းမှာပါသွားရတယ်”ဟုကား ထားဝယ်ဒေသခံများ ပြောချင် ဆိုချင်ကြမည် မဟုတ်ပါ။

နောက်ထပ်ကိစ္စရပ်တစ်ခုမှာ အရှေ့တောင်အာရှတွင် အကြီးဆုံးဖြစ်လာမည်ဆိုသည့် အာရှအင်အားကြီးနိုင်ငံများကပါ မျက်စိကျနေသော ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်နှင့်စပ်ဆိုင်သည်။

ယင်းဇုန်ကား ရေဖြူမြို့နယ်တွင် အများစုပါဝင်ပြီး လောင်းလုံမြို့နယ်တွင်ပိုင်နက်တွင် အနည်းငယ်ပါဝင်သည်။ ရွာ ၁၉ ရွာ ပြောင်းရမည်ဖြစ်ကြောင်း ပြည်တွင်းမီဒီယာ အချို့တွင် ရွာစာရင်းနှင့်တကွ ပါရှိပြီးဖြစ်သည်။ လျော်ကြေးကိစ္စ၊ ပြန်လည်နေရာ ချထားရေး ကိစ္စများကို အစိုးရအပါအ၀င် တည်ဆောက်မည့် ထိုင်းကုမ္ပဏီ အီတလျံ-ထိုင်းဘက်ကပါ တုတ်တုတ်မျှ လူသိနတ်ကြား ထုတ်မပြော။

ယင်းဧရိယာတွင်နေထိုင်သော လူဦးရေ ၃၂၀၀၀ ကျော်၏ အနာဂတ်မှာမရေရာ။

ယင်းမဲဆန္ဒနယ်မှ အရွေးကောက်ခံဆိုသော အမတ်များမှာ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၅) နှင့်အမှတ် (၆) တို့မှ ဦးမောင်စိန်၊ ဦးတင်ရန်၊ ရေဖြူမြို့နယ် ပြည်သူ့လွှတ် မဲဆန္ဒနယ်မှ ဦးဝင်းဦးတို့ ဖြစ်သည်။

၎င်းတို့တွင်လည်း မေခွန်းများရှိအပ်သည်။ ဒေသခံများ၏ လယ်ယာမြေများအတွက် မည်သို့လျော်ကြေးပေးရန် ပြင်ဆင်ထားပါသနည်း။ သို့တည်းမဟုတ် ကုမ္ပဏီနှင့် မည်သို့ သဘောတူချက်ယူထားပါသနည်း။ ဘယ်အချိန်၊ ဘယ်နေရာကို ပြောင်းရွေ့ရမည်နည်း။

ထိုနည်းတူ ပတ်ဝန်းကျင်ရေးရာကိစ္စရပ်များလည်းရှိသည်။ စီမံကိန်းအတွင်းတွင် ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ၊ ဓါတ်မြေသြဇာစက်ရုံ၊ ရေနံဓါတုစက်ရုံများတည်ဆောက်မည်ဖြစ်ရာ ရေရှည်တွင် ပတ်ဝန်းကျင် ရေထု၊ လေထု၊ မြေထု ကို မုချထိခိုက်မည်ဖြစ်သည်။

ထိုကိစ္စရပ်များအတွက် အစိုးရက မည်သို့စဉ်းစားထားပါသနည်း။ တည်ဆောက်မည့် ကုမ္ပဏီနှင့် မည်သို့သော သဘောတူညီချက်၊ ဂတိက၀တ် ရရှိထားသနည်း။ မေးခွန်းများရှိအပ်သည်။

“ရွေးကောက်ပွဲတုန်းက ရေနက်ဆိပ်ကမ်းရောက်လာမည်ဖြစ်တဲ့ အတွက် ကောင်းစားမယ်လို့ပြောပြီး မဲဆွယ်ခဲ့တယ်”ဟု ရေဖြူဒေသခံတစ်ဦးက ပြောသည်။

လွှတ်တော်အမတ်ဆိုသူများအနေဖြင့် အနည်းဆုံး မိမိမဲဆန္ဒနယ်မှ မဲဆန္ဒရှင်များကို တာဝန်ယူရသည်။ တာဝန်ခံရသည်။ ကိုယ်စားပြုရမည်။

ရန်ကုန်တိုင်း မဲဆန္ဒနယ် အမှတ် (၄) မှ အမျိုးသားလွှတ်တော်အမတ် ဒေါက်တာမြတ်ဥာဏစိုးက ‘စီးပွားရေး လုပ်ငန်းရှင်ကြီးများ၏ လုပ်ငန်း ချဲ့ထွင်မှု စနစ်မကျ၍တောင်သူလယ်သမားတို့၏ လက်ငုပ်လက်ရင်းတို့ ပျောက်ပျက်ပြီး မြေမဲ့ယာမဲ့ ဘ၀ရောက်ရှိစေမည့်အရေး’ ကိုမည်သို့ဆောင်ရွက်ပေးမည်နည်းဟု ပထမအကြိမ် အမျိုးသားလွှတ်တော်ပုံမှန် အစည်းအဝေး သတ္တမနေ့တွင် အစိုးရကို မေးခွန်းထုတ်ခဲ့သည်။

ထိုနည်းတူ ပတ်ဝန်းကျင်ရေးရာနှင့်ပတ်သက်၍ ကချင်ပြည်နယ်မဲ ဆန္ဒနယ် အမှတ် (၈)မှ အမျိုးသားလွှတ်တော်အမတ် ဦးမြအုန်းက ဖားကန့်ကျောက်စိမ်းလုပ်ကွက်များကြောင့် ဖြစ်ပေါ်လာသော ဥရုမြစ်ကြောင်း ရေကြီးမှု သဘာဝဘေးမှ ကာကွယ်ရန်မည်သို့ဆောင်ပေးနိုင်မည်နည်းဟု ယင်းနေ့ အစည်းအဝေးတွင် မေးခွန်းထုတ်ခဲ့သည်။

အထက်ဖော်ပြပါ ရေဖြူမြို့နယ်ကို ကိုယ်စားပြုသည်ဆိုသော ဦးဝင်းဦး၊ ဦးမောင်စိန်၊ ဦးတင်ရန် တို့တွင် ဒေါက်တာမြတ်ဥာဏစိုး၊ ဦးမြအုန်းကဲ့သို့သော မေးခွန်းများ ရှိအပ်သည်။ သို့သော် ထွက်ပေါ်မလာခဲ့ပါ။

ဦးဝင်းဦးမှာ ထားဝယ်မြို့နယ် အညာဖျားရေအားလျှပ်စစ်စီမံကိန်း ကိုတည်ဆောက်ခွင့်ရရှိထားသော Delco ကုမ္ပဏီ အကြီးအကဲဖြစ်သည်။ (၉ မဂ္ဂ၀ပ်လျှပ်စစ်ထုတ်လုပ်နိုင်မည်ဆိုသော အညာဖျားစီမံကိန်းကြောင့် ရွာ ၆ ရွာရွေ့ပြောင်းရမည်ဖြစ်သည်) ထားဝယ်စီမံကိန်းကြောင့် ပြောင်းရွေ့ရမည့် ၁၉ ရွာတွင်ပါဝင်သော ကျောက်ထောင့်ရွာ ချက်မြုပ် ဦးမောင်စိန်မှာ ထားဝယ်မြို့နယ် တွင် သတ္တူမိုင်းများစွာကို လုပ်ကိုင်ခဲ့သူဖြစ်ပြီး ဦးဝင်ဦးနှင့် ရင်းနှီးသူဖြစ်သည်။

ဆိုလျှင်အဘယ်ကြောင့် ဦးဝင်းဦး၊ ဦးမောင်စိန်တို့ထံမှ ထားဝယ်စီမံကိန်းဆိုင်ရာ မေးခွန်းများ၊ အဆိုများ မထွက်ပေါ်လာ သနည်း။

ဒေသခံများအတွက် နောက်ထပ်အရေးကြီးသော ကိစ္စရပ်များရှိသေးသည်။ ရွေ့ပြောင်းလုပ်သားကိစ္စ၊ နယ်ဝေး စာသင်ကျောင်းများတွင် ဆရာ၊ ဆရာမ အင်အားနည်းမှုကိစ္စ၊ နှစ်ပေါင်းများစွာ အဆိုးကျော့သံသရာထဲလည်နေသော ရေး-ထားဝယ် ကားလမ်းကိစ္စ၊ ငါးအရအမိနည်းလာသောကြောင့် အကြွေးသံသရာ ထဲလည်လာသော ရေလုပ်ငန်းများကိစ္စ စသည်ဖြင့်။

ထားဝယ်တွင် နာမည်ကြီးသော ကျန်လွှတ်တော်အမတ်များမှာ လောင်းလုံးမြို့နယ် ပြည်သူလွှတ်တော်အမတ် ဒေါက်တာကျော်ကျော်ဌေး၊ တနင်္သာရီ အမှတ် (၃) မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်အမတ် ဦးတင်မောင်မြင့်၊ သရက်ချောင်း ပြည်သူ့လွှတ်တော်အမတ် ဦးကင်းစိန်တို့ဖြစ်သည်။

မြန်မာအစိုးရမှ ချီးမြှင့်သော ပါရဂူဘွဲ့ရ ဒေါက်တာကျော်ကျော်ဌေးမှာ ထားဝယ်တက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ထားဝယ်သားဖြစ်သည်။ ဦးတင်မောင်မြင့်မှာ လောင်းလုံမြို့နယ်တွင် လက်ထောက်မြို့နယ် ပညာရေးမှုအဖြစ် နှစ်ပေါင်းများစွာ တာဝန်ယူခဲ့ပြီး နောက်ဆုံးတွင် မောင်းမကန်တွဲဖက် အထက်တန်းကျောင်းအုပ် အဖြစ်မှ အငြိမ်းစား ယူကာရွေးကောက်ပွဲဝင်ခဲ့သည်။ ဦးကင်းစိန်မှာ ထားဝယ်မြို့ခံ နာမည်ကျော် စီးပွားရေးလုပ်ငန်းရှင်ဖြစ်သည်။

နယ်စွန်နယ်ဖျားရှိ ဆိုးရွားလှသော လမ်းပန်းဆက်သွယ်ရေးနှင့် ပတ်သက်၍ ချင်း၊ ကချင်၊ ကယား၊ ရှမ်းစသော ပြည်နယ်များ မှ သက်ဆိုင်ရာလွှတ်တော်အမတ်များက မေးခွန်းများကိုယ်စီ ထုတ်ခဲ့သည်။ ပညာရေးနှင့် ပတ်သက်၍လည်းမေးခွန်းများ ထုတ်ခဲ့သည်။ ရေလုပ်ငန်းဆိုင်ရာနှင့်ပတ်သက်၍လည်း ရခိုင်အမတ်များက မေးခွန်းများထုတ်ခဲ့သည်။

ပညာရေးနယ်ပယ် နောက်ခံမှလာသော ဒေါက်တာကျော်ကျော်ဌေး၊ ဦးတင်မောင်မြင့်ထို့တွင်လည်း ယင်းကိစ္စရပ်များနှင့် ပတ်သက်၍ မေးခွန်းများရှိအပ်သည်။ ယင်းတို့ရွေးကောက်ခံ နယ်မြေမှာ လောင်းလုံးမြို့နယ်။ ယင်းနယ်တွင် ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်နေသော ရွေ့ပြောင်းလုပ်သားအများအပြားရှိသည်။ နယ်၏ အဓိက ၀င်ငွေမှာ ရေလုပ်ငန်းမှရသည်။ မြန်မာနိုင်ငံတွင် အလှပဆုံးကမ်းခြေများအနက်တစ်ခုဖြစ်သော မောင်းမကန်တည်ရှိသည်။ ပညာရေးဝန်ထမ်းလိုအပ်နေသော နယ်စွန်ကျေးရွာအများအပြားရှိသည်။ မေးခွန်း၊ အဆို လွှတ်ထုတ်လိုစိတ်ရှိပါက တပုံတပင်။

ချင်း၊ ကချင်၊ ရခိုင်၊ ရှမ်း၊ ကယားတို့ကဲ့သို့ မေးခွန်းများစွာရှိအပ်သည်။ သို့သော် ၎င်းတို့ထံမှ ထွက်လာသည်က နတ္တိ။ အဘယ်ကြောင့် ချင်း၊ ကချင်၊ ရခိုင်၊ ရှမ်း၊ ကယားနယ်မှ အမတ်များ ကဲ့သို့မေးခွန်းထွက်ပေါ်လာခြင်း မရှိသနည်း။

နောက်ထပ် စောကျောစရာ အမတ်များမှာ မြန်မာအစိုးရ ချီးမြှင့်သော ၀ဏ္ဏကျော်ထင်ဘွဲ့ရ မြိတ်နယ်ခံ ဦးဌေးမြင့်နှင့် ဦးကျားမောင်တို့ဖြစ်သည်။ နှစ်ဦး စလုံးမှာ အကျော်ဇေယျ စီးပွားရေးလုပ်ငန်းရှင်များဖြစ်သည်။ ဦးဌေးမြင့်မှာ ရေ၊ ဟိုတယ်၊ စိုက်ပျိုးရေး၊ သစ် စသော စုံနီနဖာလုပ်ငန်းစုံလုပ်ကိုင်သော နိုင်ငံကျော် စီးပွားရေးလုပ်ငန်းရှင်ဖြစ်ပြီး မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌလည်းဖြစ်သည်။ မြောက်ဖျားကချင်ပြည်နယ်တွင် ပီလောပီနံ စိုက်ပျိုးရန်ဟုဆိုကာ လယ်မြေများစွာ သိမ်းယူခဲ့သဖြင့် တရားရင်ဆိုင်ရနည်းနည်းဖြစ်ခဲ့သည်။ တနင်္သာရီတွင် ဆီအုန်းစိုက်ပျိုးရန်ဟုဆိုကာ သစ်တော၊ သစ်ပင်စည်ဝေသော မြေအများအပြားကို ရယူထားသည်။ ကျောက်မီးသွေးကုန်ကြမ်းထုတ်ယူခွင့် ရရှိထားသည်။

ကိုယ်ကျိုးစီးပွားများစွာရှိသော ၎င်းတို့ထံမှ မည်သို့မေးခွန်းများမျှ ထွက်မလာ။ အဆိုကားဗလာ။

မတ် လကုန် လွှတ်တော်အသီးသီး၏ ပုံမှန်အစည်းအဝေးများ ပြီးစီးသည်ခါနီးတွင် ထားဝယ်နယ်မှအမတ် ၂ ဦး၏ ဆွေးနွေးချက်တွေ့လိုက်ရသည်။

ပထမတစ်ဦးမှာ ဒေါက်ကျော်ကျော်ဌေးဖြစ်သည်။ ပြည်သူ့လွတ်တော်အမတ် ဟင်္သာတမဲဆန္ဒနယ်မှ ဦးဌေးဦး၏ ‘မြန်မာနိုင်ငံအပေါ်စီးပွားရေးအရ ပိတ်ဆို့မှုများကို ဤလွှတ်တော်က ကန့်ကွက်ကြောင်း’ အဆိုကိုထောက်ခံကြောင်း ဆွေးနွေးခဲ့သည်။

နောက်တစ်ဦးမှာ ရေဖြူမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းဦးဖြစ်သည်။ ပြည်ထောင်စုလွှတ်တော်ပုံမှန် အစည်းအဝေး (၁၆) ရက်မြောက်နေ့တွင် ဒေါက်တာမြတ်ဥာဏစိုး တင်သွင်းသော ‘ပြည်ပရွေ့ပြောင်းလုပ်သားဆိုင်ရာ ဌာနတစ်ခုကို သင့်လျော်သည့် ၀န်ကြီးဌာနအောက်တွင် ဖွဲ့စည်းဆောင်ရွက်ရန် နိုင်ငံတော်အစိုးရအားတိုက်တွန်းကြောင်း’ အဆိုကိုဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ဦးဝင်းဦးက ‘နိုင်ငံတော်အစိုးရက စေတနာအပြည့်ဖြင့် မြန်မာပြည်သူပြည်သားအားလုံး၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်လျက်ရှိခြင်း၊ ပြည်တွင်းအလုပ်သမားများကို စနစ်တကျ လေ့ကျင့်သင်ကြားပေး၍ ပြည်ပသို့သွားရောက် လုပ်ကိုင်စေခြင်း၊ ထိုက်သင့်သော ၀င်ငွေခွန်များသာ နိုင်ငံတော်အားပေးဆောင်စေခြင်း . . .’ စသည်တို့ကြောင့် ဒေါက်တာမြတ်ဥာဏစိုး၏ အဆိုကိုလက်လက် ဆွေးနွေးရန် မလိုအပ်ဟု ယူဆကြောင်း ဆွေးနွေးခဲ့သည်။

လက်ရှိ ထားဝယ်နယ်တွင် ကြုံတွေ့နေသော ရွေ့ပြောင်းလုပ်သားများအရေးကို ပစ်ပယ်ကာ ‘ဤ’ ကို ကျွဲဟု ဇွတ် ဖတ်ကာ ဆွေးနွေးခဲ့သည်လော။ သို့တည်းမဟုတ် မြေပြင်အချက်အလက်အမှန်မရရှိ၍လော။ Delco ကဲ့သို့ဆောက်လုပ်ရေး လုပ်ငန်းကြီးတစ်ခုကို ဦးဆောင်နေသော ဦးဝင်းဦးအနေဖြင့် အဘယ်ကြောင့် ထိုသို့ဆွေးနွေးခဲ့ရသနည်း။

လက်ရှိ ၀န်ကြီးချုပ် ဦးသိန်းစိန် သမ္မတ ဖြစ်လာမည့် အစိုးရအဖွဲ့သစ် မတ် ၃၀ တွင် ကျမ်းကျိန်ဆိုတော့မည်။ လွှတ်တော်အမတ်များလည်း ကျမ်းကျိန်ဆိုရတော့မည်။ ကျိန်ဆိုရမည့် ကျမ်းတွင် မည်သည့်အချက်များပါဝင်သည်မသိသေး။ ကျိန်ဆိုပြီးနောက် ဤသို့ အဆိုများ၊ မေးခွန်းများအတွက် ဆွံ့အနေဦးမည်လော။

ဆိတ်ဆိတ်နေခြင်းသည် ထောင်တန်၍လော။

တနင်္သာရီ ကိုယ်စားပြုသည်ဆိုသော အမျိုးသားလွှတ်တော်အမတ် ၁၂ ဦး၊ ပြည်သူ့လွှတ်တော်အမတ် ၁၀ဦး။ ပြည်ထောင်စု လွှတ်တော်တွင်စုစုပေါင်း ၂၂ ဦး။ လွှတ်တော်အစည်းအဝေးများ ခေတ္တအနားယူချိန် ထိုတနင်္သာရီအမတ်များ ကား ဇာတိမြေ ကို နင်းကြရပေဦးမည်။ ထိုအချိန် မဲဆန္ဒနယ်မှ ပြည်သူများအတွက် အိမ်အပြန်လက်ဆောင် သတင်းစကား များကား အဘယ်သို့နည်း။

၎င်းတို့ရင်တွင်းမှ မေးခွန်းများ အတွက် ဖင့်လေးနေသရွေ့၊ အဆိုများဆွံ့အနေသရွေ့ မဲဆန္ဒရှင်များ အတွက် ထားဝယ်ရေးရာ အနာဂတ်သည်ေ၀၀ါးနေဦးမည်သာ။ အဆို၊ မေးခွန်း တော်တော်များများကို ‘နိုး’ပြော၊ ဆောင်ရွက်ပြီးစီးကြောင်း အကြောင်းပြ နေသော အစိုးရအဖွဲ့၏ ရှည်ရှည်ဝေးဝေးရှင်းပြချက် များကိုပင် မကြားကြရရှာ။

တနင်္သာရီကိုယ်စားပြုသည်ဆိုသော အမတ်များသည် အမျိုးသားဝတ်စုံများကို သစ်သစ်လွင်လွင် တောက်တောက် ပြောင်ပြောင်ဝတ်၊ ကျွန်းသားအတိ ခုံများပေါ်တွင်ထိုင်ကာ တုဏှိဘာဝေ ရှိနေသရွေ့ မဲဆန္ဒရှင် တနင်္သာရီနယ်သား၊ ထားဝယ်သားများအတွက် ‘ဗလာအဖြေ’ များကို ရရှိနေဦးမည်သာ။


ဗမောင်း


မတ် ၂၉ နံနက်ပိုင်း၊ ၂၀၁၀

“ဗထူး” ထားဝယ်ဒေသ အထူးပြုစာစောင် - အမှတ် (၈)

Bahtoo Issue 8

Friday, January 28, 2011

နာမည်ကျော်နေတဲ့ ထားဝယ်ရဲ့ပစ္စက္ခ


ရှင်ကိုးရှင်ဘုရား၊ မောင်းမကန် ကမ်းခြေနဲ့ ကျောင်းသင်ခန်းစာထဲက ဟိန္ဒား၊ ကန်ပေါက်ဆိုတဲ့ နာမည်ကျော် သတ္တုတွင်းတွေနဲ့ ထားဝယ်က နာမည်ရပြီးသားပါ။

ခုတော့ နိုင်ငံခြားစီးပွားရေး လုပ်ငန်းရှင်တွေကြားမှာလဲ ထားဝယ်၊ ပြည်တွင်း စီးပွားရေးသမားများကြားထဲ မှာလည်း ထားဝယ်၊ သံရုံးတွေကြားမှာ လည်း ထားဝယ်နဲ့ ထားဝယ်သံ ညံနေအောင် နာမည်ထပ်ကျော်လာသည်။

ရွှေထွက်၍မဟုတ်ပါ။ အရှေ့နဲ့ အနောက်၊ အာရှနဲ့ဥရောပကို အချိန်တိုအတွင်း ကူးချည်သန်းချည် လုပ်နိုင်တဲ့နိုင်ငံရဲ့ မဟာဗျူဟာမြောက် စီမံကိန်းဟုခေါ်ဆိုရမည့် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းကြောင့် ဖြစ်သည်။

ယခုဆိပ်ကမ်းသည် အချက်အချာ မည်မျှကျသည် ဆိုခြင်းကို မြန်မာ လူငယ်တွေရဲ့အိပ်မက်ဖြစ်ခဲ့သော ဖွံ့ဖြိုးပါသည်၊ အားကျရပါသည်ဆိုသော အရှေ့တောင်အာရှ၏ ဆိပ်ကမ်းနိုင်ငံ၊ ဆိပ်ကမ်းတစ်ခု၏ အကျိုးအမြတ်ကို ကကြီးမှ အ အထိ နောကြေအောင်သိသည့် စင်ကာပူနိုင်ငံပင် တွန့်သွားရသည်အထိ စီမံကိန်းမှာ အချက်အချာကျသည်၊ ကြီးမားပါသည်။

အမေရိကန်ဒေါ်လာ ရှစ်ဘီလျံ ကုန်ကျပြီး ထိုင်းနိုင်ငံ ကချနာဘူရီနှင့် ထားဝယ်ဆက်သွယ်မည့် ရှစ်လမ်းသွား လမ်းမကြီးအပြင် ရထားလမ်းပါ တွဲဖက်ပါဝင်သည့် ထားဝယ်ရေနက် ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်း မှာပမာဏကြီးသလို အကျိုးအမြတ်လည်းကြီးမည်ဟု ဆိုရမည်။

ထို့အတွက် တာဝန်ယူခွင့်ဆိုသည့် အခွင့်အရေးကိုလည်း ပြည်တွင်းပြည်ပ ကုမ္ပဏီများ အပြိုင်အဆိုင်များကြားမှ ရယူပြီးဖြစ်သည်။ ယူပြီးလျှင် ပြန်ပေးရသည်။ ယူသည်နှင့်တန်အောင် ပေးရသည်။




ထားဝယ်ရဲ့ပစ္စက္ခ

ကျပ် ၁၅ သိန်းနဲ့ အရင်က၀ယ်သူ မရှိတဲ့မြေကွက် အခုတော့ ကျပ်သိန်း ၂၀၀ နဲ့ဝယ်ကြရောင်းကြတယ်။ ကျပ်ငါးသိန်းနဲ့ ၀ယ်သူမရှိတဲ့မြေကွက် က အခုတော့ ကျပ် သိန်း ၅၀ နဲ့ဝယ်လာပြန်တယ်။

ထားဝယ် မြို့လယ်ခေါင်ကတော့ ကျပ်သိန်း ၃၅၀၀ ကနေ ကျပ်သိန်းပေါင်းသောင်းချီ တန်ကုန်ပြီ။ ဒါတွေက စီမံကိန်းသစ် သတင်းစကားများကြောင့် ဖြစ်သည်။

တနင်္သာရီတိုင်း ဒေသကြီးလွှတ်တော်၊ အစိုးရ အိမ်ယာသစ်စီမံကိန်းကလည်း ထားဝယ်မြို့တွင် လုပ်ငန်း အခြေစိုက်မှဖြစ်မည်ဟု လုပ်ငန်းရှင်များ စိတ်တွင် မှတ်ထင်စေသည်။

ထားဝယ် ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် နေရာတစ်ဝိုက်ကို နိုင်ငံခြားသားများ ခြေချင်းလိမ်အောင် လေ့လာနေပြီ။ ပြည်တွင်းလုပ်ငန်းရှင် တွေကလည်း အ၀ယ်တော်ဆိုသူတစ်မျိုး၊ ကင်းထောက်ဆိုသူ တစ်ဖုံဖြင့် လာရောက်ကြသည်။ သံရုံးတစ်ချို့ကလည်း ထားဝယ်ရဲ့ပကတိကို လာကြည့်ကြသည်။

မြေ၀ယ်ထားပြီး ပြန်ရောင်းမယ်၊ ဘဏ်ဖွင့်မယ်၊ စူပါမားကတ်ဖွင့်မယ်၊ ပုဂ္ဂလိကဆေးရုံဖွင့်မယ်၊ ဟိုတယ်ဆောက်မယ်၊ ကုမ္ပဏီရုံးခွဲတွေဖွင့်မယ်ဆိုသည့် အတွေးများဖြင့် လာရောက်သူက ပြည်တွင်းလုပ်ငန်းရှင်များ ဖြစ်သည်။

ဝန်ဆောင်မှုကုမ္ပဏီဖွင့်ရင် ကောင်းမလား၊ အထူးစီးပွားရေးဇုန်မှာ မြှုပ်နှံရမလား၊ စီမံကိန်းတည်ဆောက်မှုထဲမှာ ဘယ်အပိုင်းကို တစ်ဆင့်ခံ ကန်ထရိုက် ယူရင်ကောင်းမလဲ၊ ပြည်တွင်းလုပ်ငန်းရှင်တစ်ဦး ကြားခံနဲ့ ဘယ်နေရာ တွေမှာ ရင်းထားရင် ကောင်းမလဲ ဆိုသည့်စိတ်ကူးများဖြင့် လာရောက်သည်က နိုင်ငံခြားလုပ်ငန်းရှင်များ ဖြစ်သည်။

ဗျူဟာမြောက် စီမံကိန်း အခြေအနေဘယ်လိုရှိပါတယ် ဆိုပြီး မှတ်တမ်းထားဖို့ စီစဉ်လာရောက်သူ တွေထဲတွင် သံရုံးတာဝန်ရှိသူတွေလည်း ပါသည်။

ဗျူဟာမြောက် စီမံကိန်းကို Italian Thai Development Public မှ ၁၀နှစ် စီမံကိန်းဖြင့် တာဝန်ယူခွင့်ရပြီး စတင်တည်ဆောက်နေပြီ ဖြစ်သည်။ ပြည်တွင်း ကုမ္ပဏီအနေဖြင့် Max Myanmar ကုမ္ပဏီမှ ပါဝင်ကာတည်ဆောက် ခွင့် ရထားသည်။

"ကျွန်တော်တို့ လွန်ခဲ့တဲ့နှစ်နှစ်က အရှုံးပေါ်ခဲ့ပေမယ့် ဒီနှစ်တော့ ထား ၀ယ်စီမံကိန်းတွေကြောင့်အကျိုးအမြတ် ကြီးမှာပါ"ဟု ITD ဥက္ကဋ္ဌ ဖြစ်သူ Mr. Premchai Karnasuta ၏ ပြောခဲ့သည့်စကားကလည်း အဓိပ္ပာယ်မဲ့မဟုတ် ခဲ့ပေ။ ထားဝယ် ရေနက်ဆိပ်ကမ်း တည်ဆောက်ခွင့်အား တရားဝင်လက်မှတ် ရေးထိုးပြီးသည်နှင့် ITD ၏ ရှယ်ယာဈေးမှာ ချက်ချင်းမြင့်တက်ပြီး အကျိုးချက်ချင်း ခံစားခဲ့ရသည်က လက်တွေ့ပင်ဖြစ်သည်။

"ကျွန်တော်တို့ လွန်ခဲ့တဲ့ ၁၂ နှစ် ကတည်းက ဒီစီမံကိန်းကိုတာဝန်ယူ တည်ဆောက်ခွင့်ရဖို့ ချဉ်းကပ်နေခဲ့တာပါ"ဟု ITD ဥက္ကဋ္ဌဖြစ်သူ Mr. Premchai Karnasuta ၏ တရားဝင် ပြောကြားထားကြောင်းလည်း သိရသည်။

တန်အောင် ပြန်ပေးမှာလား

နိုင်ငံပိုင် ရေမြေသယံဇာတများဖြင့် မက်မောလောက်သည့် အကျိုးအမြတ်များအတွက် အခွင့်အရေးရယူ သွားကြပြီးဖြစ်ရာ နိုင်ငံသားများကလည်း အားထားရသော အခွင့်အလမ်းများ ပြန်ရရန် မျှော်လင့်ကြပြီဖြစ်သည်။ '၁၀ နှစ်လောက် အလုပ်ပေါပြီပေါ့' 'နိုင်ငံခြားလို ထိုက်တန်တဲ့ လုပ်အားခရပြီပေါ့ကွာ'လို့ အလွန်သေးသည့် အခွင့်အလမ်းကိုပင် ဒေသခံများနိုင်ငံသားများက စိတ်အားထက်သန်စွာ မျှော်လင့်ကြခြင်း ဖြစ်သည်။

လက်ရှိတွင် တည်ဆောက်မှုပိုင်း စတင်နေပြီဖြစ်သလို မြေသယ်ယာဉ်မောင်းမှစကာ ဥပဒေပညာရှင်နှင့် အတွင်းရေးမှူးရာထူးများ အထိအလုပ်ခေါ်ယူနေပြီဖြစ်ရာ 'ငါတို့ ထင်တဲ့ အတိုင်းပဲ'ဟုဆိုကာ သွားရောက်ကြသူများ ရှိနေသည်။

သို့သော် မထင်မှတ်ထားသည် က မြန်မာနိုင်ငံသားလုပ်သားနှင့် ထိုင်းနိုင်ငံသား လုပ်သားတို့၏ လုပ်ခလစာပင် ဖြစ်သည်။ ထိုင်းနိုင်ငံသား အခြေခံလုပ်သားတစ်ဦးကို တစ်လလျှင် ဘတ် ၃၀၀၀၀ လုပ်အားခ သတ်မှတ်ခေါ်ယူပြီး မြန်မာနိုင်ငံသား လုပ်သားဆိုပါက တစ်ရက်လျှင် ကျပ် ၃၅၀၀ ဖြင့် သတ်မှတ်ခေါ်ယူခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံသား အင်ဂျင်နီယာ တစ်ဦးသည် တစ်လလျှင် ဘတ် ၁၂၀၀၀၀ နှင့် အထက်ရရှိပြီး လက်ရှိတွင် မြန်မာအင်ဂျင်နီယာများ ခေါ်ယူခြင်း မရှိသေးပေ။

ယခုမှ အစပင်ရှိသေးသည်။ ယခုကပင်စ၍ ထိုက်တန်သည့် အလုပ်အကိုင် အခွင့်အလမ်း လမ်းကြောင်း ရှိထားပါမှသာလျှင် နိုင်ငံသားများ၏ ၁၀ နှစ် အလုပ်အကိုင်ပေါများမည့် အိပ်မက်ရှင်သန်မည်ဖြစ်ရာ အစကောင်းဖို့ လိုနေသည်ဟုဆိုရမည်။

နိုင်ငံ့အတွက် ရေရှည်ကောင်းမည်။ နိုင်ငံသားများအတွက် ရေရှည် ကောင်းမည်။ ထိုသို့ကောင်းစားရန် နိုင်ငံပိုင် ရေမြေသယံဇာတများကို ရင်းနှီးရသည်။ ရင်းနှီးထားမှုနှင့် ထိုက်တန်သည့် အကျိုးအမြတ်ရှိဖို့ လိုသည်။ ထိုက်တန်သည့် အခွင့်အရေးပြန်ရဖို့လိုသည်။


“ဗထူး” ထားဝယ်ဒေသ အထူးပြုစာစောင် - အမှတ် (၆)

Bahtoo Issue 6

တောင်းပန်ချက် - ကြိုတင် ခွင့်ပြုချက်တောင်းခံမှု မပြုဘဲ ဖော်ပြမိခြင်းအပေါ် “ဗထူး” စာစောင်အဖွဲ့သားများ နားလည်ပေးပါရန် မေတ္တာရပ်ခံပါတယ်။



Thursday, January 20, 2011

ဆာမူရိုင်းနိုင်ငံတော်

လွတ်လပ်တဲ့
ဆာမူရိုင်းနိုင်ငံတော်ကို
ဆာမူရိုင်းတွေ စုပြီး ထူထောင်လိုက်ကြတယ်။

ဆာမူရိုင်းနိုင်ငံတော်အလံက အနက်ရောင်
ဆာမူရိုင်းနိုင်ငံရဲ့ စီးပွားရေးက ဓားနဲ့မြားထုတ်လုပ်ရေး
ဆာမူရိုင်းတွေပဲ လယ်စိုက်ပြီး
ဆာမူရိုင်းတွေပဲ ရိပ်သိမ်းကြ
မိန်းမဆိုတာ
ဆာမူရိုင်းနိုင်ငံတော်မှာ အဖျော်ဖြေခံပစ္စည်း
အလှပြင်တဲ့ ပညာကလွဲရင် ဘာပညာမှမသင်ကြရ
ဆာမူရိုင်းနိုင်ငံတော်မှာ
ချစ်ခြင်းမေတ္တာမရှိ
လိင်စိတ်နဲ့
သတ်ချင်ဖြတ်ချင်စိတ်သာ ရှိရဲ့။

ချယ်ရီတွေပွင့်ချိန်ဆို
ချယ်ရီပန်းပင်တွေအောက်
ဆာမူရိုင်းတွေရောက်လာပြီး သစ္စာရေသောက်ကြတယ်။

ဆာမူရိုင်းနိုင်ငံတော်မှာ
ဆာမူရိုင်းရဲ့သားနဲ့
ဆာမူရိုင်းရဲ့သမီးဟာ လက်ထပ်ထိမ်းမြားခွင့်ရ
ခေတ်အဆက်ဆက်
ဆာမူရိုင်းလေးတွေပဲ မွေးဖွားလာကြ။

ဆာမူရိုင်းနိုင်ငံတော်မှာ
ကဗျာမရေး
ပန်းချီမဆွဲ
ဂစ်တာမတီး
ပြဇာတ်မက
ဆံပင်တိုလည်း မညှပ်ရ
မုတ်ဆိတ်လည်း မရိပ်ရ
တစ်ယောက်ကိုတစ်ယောက် သတ်ချင်သတ်
မသတ်ချင်ရင် ကိုယ့်အသက်ကိုယ်ပြန်သတ်။

ဆာမူရိုင်းနိုင်ငံတော်မှာ
ထမင်းစားချိန်က လွဲရင်
အရွယ်ရောက်ပြီးသူတိုင်း
ကောက်ရိုးအရုပ်ကို ဓားနဲ့ခုတ်နေကြရတယ်။

ဓားခုတ်ချက်တိုင်း
ဓားခုတ်ချက်တိုင်း
“အရှင့်အတွက်”
“အရှင့်အတွက်” လို့
အသံနက်ကြီးတွေနဲ့ ကြွေးကြော်ကြရတယ်။

ဒါပေမဲ့
ဆာမူရိုင်းနိုင်ငံတော်မှာ “အရှင်သခင်” မရှိ
ဆာမူရိုင်းနိုင်ငံသားတိုင်း ကျွန်တွေချည်းပဲ။

မနက် အရုဏ်တက်ပြီဆိုတာနဲ့
ကောင်းကင်ပလ္လင်ပေါ်က
ထာဝရဘ၀ရှင် နေမင်းကြီးကို
ဆာမူရိုင်းအားလုံး ရှိခိုးနေကြတော့ရဲ့။

ပိတောက်ပွင့်သစ်၊ အမှတ်(၃၂)၊ ဇူလိုင်လ
မှ -

မှတ်ချက် - groupmail ထဲရောက်လာလို့ ပြန်လည်မျှဝေသည်။ ကဗျာရေးသူနာမည် မပါရှိပါ။ စာဖတ်သူသိပါက ကွန်မန့်တွင် ကျေးဇူးပြုပြီး ရေးခဲ့ပေးပါ။