Sunday, December 30, 2007

Saturday, December 8, 2007

လောကသရဖူ လျောင်းတော်မူဘုရားကြီး

ထားဝယ်ဒေသ၏ အထင်အရှား ဘုရားများတွင် တဆူအပါအဝင်ဖြစ်သည့် “လောကသရဖူ လျောင်းတော်မူဘုရားကြီး”သည် ထားဝယ်မြို့မှ ၄ မိုင်ခန့်အကွာ ထားဝယ်မြို့နယ်၊ အလယ်ကုန်း ကျေးရွာတွင် တည်ရှိသည်။ သမိုင်းစာအုပ်အထောက်အထားများအရ ကောဇာသက္ကရာဇ် ၁၂၉၂ ခု၊ တပေါင်းလတွင် တည်ထားကိုးကွယ်၍ ဉာဏ်တော်အလျား ၁၆၂ တောင်၊ ပလ္လင်တော်အလျား ၂၀၀ တောင်၊ ပလ္လင်တော်အနံ ၄၀ တောင်၊ မြေပြင်မှ အမြင့် ၅၂ တောင် အသီးသီးရှိသည်ဟု မှတ်သားသိရှိရပါသည်။ မိတ်ဆွေသူငယ်ချင်းများ ဖူးမျှော်ကြည်ညိုနိုင်ရန် ဓါတ်ပုံများကို တင်ပေးလိုက်ပါသည်။










(ဓါတ်ပုံများပေးပို့သူ ဦးသောင်းရီနှင့် အချက်အလက်ရှာဖွေပေးသူ ကိုရဲမင်းနိုင်တို့အား ကျေးဇူးတင်ပါသည်။)

Friday, November 23, 2007

Monday, November 19, 2007

အလင်းပြကြယ်စင် စာကြည့်တိုက်



ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်ဒေသ ထိုင်းယူနီယံရပ်ကွက်တွင် ‘အလင်းပြကြယ်စင် စာကြည့်တိုက်’ ကို မြန်မာအလုပ်သမားများ စုပေါင်းအလှူငွေဖြင့် “မ”တည်ဖွင့်လှစ်ထားပါသည်။ ၎င်းစာကြည့်တိုက်သို့ စာအုပ်စာတမ်းများ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။

ဆက်သွယ်ရန် -

ကိုရန်နိုင်စိုး

79/133 (Room-201), Mu-7
Thasai, A Muang
Samutsakorn, 74000

Ph: +66 (0)89-039-2816



Friday, November 16, 2007

သူလည်း ဝမ်းတထွာအတွက်ပဲ

ပြီးခဲ့တဲ့ နွေရာသီတုန်းက ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် ဓါတ်ဆီဆိုင်တဆိုင်အရှေ့တွင် ခရီးသည်များအား သရက်သီး လိုက်လံရောင်းချနေသော လူမမယ် ကလေးငယ်တဦးဖြစ်ပါတယ်။ အသက်အရွယ်နဲ့မမျှအောင် ဝမ်းတထွာအတွက် လှုပ်ရှားရုန်းကန်နေကြရတဲ့ သူ့လို ကလေးငယ်တွေ မြန်မာပြည်မှာ ဘယ်လောက်များများ ရှိနေတယ်ဆိုတာ လူတိုင်း ခန့်မှန်းနိုင်ကြမှာပါ။ ၎င်းဓါတ်ပုံကို ခရီးသွားသံဃာတော်တပါးက ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

ထိုသံဃာတော်က “ဒီကလေးလေးက သူ ဈေးရောင်းမကောင်းလို့ အတင်းလိုက်ရောင်း နေတာပါ။ ဒါနဲ့ ဗိုလ်ချုပ်ကြီး သန်းရွှေ မြေးတွေသာ အဲလိုလုပ်ကိုင်နေရရင် သူတို့စိတ်ထဲမှာ ဘယ်လိုနေမလဲဆိုတဲ့ စိတ်ကူး ပေါ်လာတာနဲ့ ရိုက်ယူလာခဲ့တာပါ” ဟု ဆိုသည်။

သြော် … ‘သဗ္ဗေသတ္တာ ကမ္မဿကာ’ ပါပဲလား။

(ဓါတ်ပုံပေးပို့သော အရှင်ပညာဝံသအား ကျေးဇူးတင်ပါသည်)

Sunday, November 11, 2007

Friday, November 2, 2007

ထားဝယ် (၄)မြို့နယ်တွင် ကျေးရွာများ ပြောင်းရွှေ့ခံရမှုစာရင်း

၁၉၈၈ လူထုအရေးတော်ပုံအပြီး ၁၉၉၀ ခုနှစ်များတွင် နဝတစစ်အစိုးရက တော်လှန်ရေးသူပုန်များအား တိုက်ခိုက်ချေမှုန်းရာတွင် နယ်စွန်နယ်ဖျားမှ ကျေးရွာများတွင် သူပုန်များခိုအောင်းမနေနိုင်ရန်၊ လမ်းဖောက်၊ တံတားဆောက်ခြင်းနှင့် အခြားသော အကြောင်းပြချက်များဖြင့် အိမ်ခြေများ၊ ကျေးရွာများကို အတင်းအဓမ္မ ရွှေ့ပြောင်းခိုင်းခဲ့ပါသည်။ အခြား ပြည်နယ်နှင့် တိုင်းအချို့တွင်လည်း ထိုသို့ပြောင်းရွှေ့မှုများ ရှိပါသည်။ ယခုတိုင်လည်း ထိုသို့ပြောင်းရွှေ့မှုများ ရှိနေပါသေးသည်။ အောက်ပါစာရင်းများသည် ကျနော်တို့ ထားဝယ်ခရိုင် (၄)မြို့နယ်အတွင်းရှိ ၁၉၉၀ ခုနှစ်များအတွင်း ကျေးရွာပြောင်းရွှေ့မှုများကို ကျနော်လက်လှမ်းမှီသမျှ ဖော်ပြထားခြင်းသာဖြစ်သည်။ ဤကဲ့သို့ ကိုယ့်ရပ်ကိုယ့်ရွာမှ အတင်းအဓမ္မ ပြောင်းရွှေ့ခံရခြင်းသည် ပြည်သူများအတွက် ဘယ်လောက်ထိ ဒုက္ခဆင်းရဲ ကြုံတွေ့ကြရသည်ကို ကိုယ်တိုင် တွေ့ကြုံခံစားရသူများသာ သိနိုင်ပါမည်။ ကျနော်ကိုယ်တိုင်လည်း ထိုသို့ တွေ့ကြုံခံစားရသူများထဲမှ တယောက်သာ …..






Wednesday, September 26, 2007

ထားဝယ်နှင့် ကော့သောင်းမြို့တို့တွင် ဒုတိယနေ့အဖြစ် သံဃာတော်များ မေတ္တာပို့လမ်းလျှောက်

NEJ / ၂၅ စက်တင်ဘာ ၂၀၀၇

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နှင့် ကော့သောင်းမြို့တို့တွင် ဒုတိယနေ့အဖြစ် သံဃာတော်များက ပတ္တနိက္ကုဇ္ဇနကံဆောင်ပြီး မေတ္တာပို့လမ်းလျှောက်ကြသည်။

ယနေ့ မွန်းလွဲ (၁) နာရီမှစ၍ ထားဝယ်မြို့ရှိ သံဃာအပါး (၅၀၀) ခန့်အပါအ၀င် ပြည်သူလူထု
(၁) ထောင်ကျော်တို့က လမ်းလျှောက်ဆန္ဒပြကြရာ ရှေ့ဆုံးမှ သံဃာတပါးက သာသနာ့အလံ
ကိုင်ကာ ဦးဆောင်ပြီး သံဃာတော်များက မေတ္တာသုတ်ရွတ်ဖတ်၍ လမ်းလျှောက်ကြကြောင်း မြို့ခံများက ပြောသည်။

ထိုသို့ သံဃာတော်များ မေတ္တာပို့လမ်းလျှောက်ရာတွင် ထားဝယ်မြို့စာသင်တိုက်များဖြစ်သည့် တိုက်သစ်ကျောင်းနှင့် ဇေယျဝတီကျောင်းတိုက်မှ သံဃာတော်များ အဓိကပါဝင်ပြီး အခြားကျောင်း တိုက်များမှ သံဃာတော်များလည်းပါဝင်ကြောင်း ထားဝယ်မြို့မှ မျက်မြင်တဦးက ပြောသည်။

၎င်းက “ထားဝယ်ဘုရားကြီးကနေ စထွက်တယ်။ နောက်ပြီး ဆေးရုံလမ်းကနေပြီးတော့ အာဇာနည် လမ်းအတိုင်း ဈေးဘက်ကို သွားတယ်။ နောက်ပြီး လမ်းဆုံကြီးကိုရောက်တယ်။ အဲဒီကနေပြီးတော့ လုပ်သားရုပ်ရှင်ရုံဘက်ကို ထွက်တယ်။ နောက်ပြီးတော့ ကမြောကင်းလမ်းဘက်ကိုလျှောက်တယ်။ ပြီးတော့ မြိတ်တန်းလမ်းဆုံဘက်ကို ကွေ့ပြီးတော့ အုတ္တံတားကြီးကနေပြီး ဘုရားကြီးထဲကိုပြန်ဝင်
သွားတယ် အဲဒီမှာ လူစုခွဲတယ်” ဟု ပြောသည်။

စတင်လမ်းလျှောက်ချိန်တွင် သံဃာတော်များကသာ ဦးဆောင်လျက်ရှိရာမှ ပြည်သူများက တဖြည်း ဖြည်း ပူးပေါင်းပါဝင်လာကြောင်း၊ အာဏာပိုင်များ၏ အနှောင့်အယှက်တစုံတရာမရှိဘဲ ညနေ (၃) နာရီခန့်တွင် အေးချမ်းစွာပြီးဆုံးသွားကြောင်း ၎င်းက ပြောသည်။

ကော့သောင်းမြို့တွင်လည်း သံဃာတော်များက ဒုတိယနေ့အဖြစ် ယနေ့ နေ့လယ် (၁) နာရီမှစ၍ ပတ္တနိက္ကုဇ္ဇနကံဆောင်ပြီး လမ်းလျှောက်ကြကြောင်း ကော့သောင်းမြို့ခံတဦးက ပြောသည်။

၎င်းက “သံဃာက (၄၂) ပါး၊ လူတွေကတော့ ဘေးနားကနေ ပါတာပဲ။ လူကတော့ သိပ်အများကြီး မပါဘူး။ လမ်းလျှောက်တဲ့ သံဃာတွေက သာသနာ့အလံတွေကိုင်ထားတယ်။ ပြီးတော့ ဘုရားပုံတော် တွေကို ကိုင်ထားတယ်။ သပိတ်ကိုတော့ နှစ်လုံးမှောက်ပြီး ကိုင်ထားတယ်” ဟု ပြောသည်။

လမ်းလျှောက်သည့် သံဃာတော်များကို ပြည်သူလူထုက ရေသန့်ဘူးများနှင့် အချိုရည်ဘူးများ ဆပ်ကပ်လှူဒါန်းကြကြောင်း ၎င်းက ပြောသည်။

ယမန်နေ့၌လည်း ထားဝယ်မြို့နှင့် ကော့သောင်းမြို့တို့တွင် သံဃာအပါး (၁၀၀) ခန့်စီ မေတ္တာသုတ် ရွတ်ဖတ်လမ်းလျှောက်ခဲ့ကြသည်။ ။

Friday, September 14, 2007

ဒါလားကွဲ့ဝမ်းနည်းစရာ

မဟေသီမဂ္ဂဇင်းအသစ်ရပြီဆိုတာနဲ့ ကျနော် စလှန်မိတဲ့ စာမျက်နှာကတော့ ဂျက်ကွမ်းခြံကုန်းရဲ့ သရော်စာ စာမျက်နှာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ဆောင်းပါးလေးတွေကို ကျနော် ဖတ်ရတာ အရမ်းကြိုက်လို့ပါ။ အခုတပတ်လည်း ကျနော် ကြိုက်နှစ်သက်တဲ့ စာစုအနေနဲ့ ကျနော့်သူငယ်ချင်းမိတ်ဆွေများကို မျှဝေပေးလိုက်ပါတယ်။ (ပို့စ်အသစ်တင်စရာလည်း မရှိလို့ပါ - ဟ - ဟ :P) ဖတ်ရှုခံစားကြပါကုန်။

“ဒါလားကွဲ့ဝမ်းနည်းစရာ”

ဟိုယခင် ကျွန်ုပ် ဂျက်ကွမ်းခြံကုန်းတို့ နုစဉ်က ဖတ်ခဲ့ရသော၊ နောင်တွင် ရုပ်ပြကာတွန်းဘဝမှနေ၍ ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်သွားခဲ့ရသော ကာတွန်းမြင့်သိန်း၏ စံရွှေမြင့်ဇာတ်လမ်းတစ်ပုဒ်နှယ် ဝမ်းသာရမှာလား၊ ဝမ်းနည်းရမှာလား မိသိန်းကြည်ဟူသော အော်ဟစ်မြည်တမ်းသမှု ပြုလိုက်ချင်တော့ပါဘိသည် တမုံ့။ ဟုတ်ကဲ့။ နယူးဇီလန်ဘက်ဆီက ကြားခဲ့ရသော သတင်းတစ်ပုဒ်က ကျွန်ုပ်ဆရာကြီးဂျက်၏ခေါင်းကို အလုပ်ရှုပ်စေကြောင်းပါအဆွေ။ သြစတြေးလျတိုက်နဲ့ မလှမ်းမကမ်း ပင်လယ်သမုဒ္ဒရာကြီးတွေ ဝိုင်းပတ်နေချေသည့် ကျွန်းနိုင်ငံကလေး နယူးဇီလန်မှ သတင်းရယ်ပ ချစ်မိတ်ဆွေ။

သတင်းက လျှပ်စစ်မီးကို အခြေခံသည့် သတင်းရယ်ပလေ။ အနှီ နယူးဇီလန်တွင် အောက်ကလန်မြို့ဟူ၍ ရှိလေသတတ်။ ကမ္ဘာ့မြေပုံစာရွက်ကြီးပေါ်တွင်ကား အော့ခ်လန်ဟု ရေးသားပုံနှိပ်ထားသည်ကို ကျွန်ုပ် တွေ့မြင်ဖူးပါ၏။ သူ့ဘာသာသူ အောက်ကလန်ဖြစ်ဖြစ် အော့ခ်လန်ဖြစ်ဖြစ် ယင်းသည် ဂျက်နှင့်မဆိုင်။ အနို့ဟူမူသောကြောင့် ကျွန်ုပ်စကားကိုသာ ကျွန်ုပ် ဆက်ပါအံ့။

ကိစ္စကား အောက်ကလန်မြို့မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ကိစ္စတစ်ရပ်ပင်။ အဲသည် အနှီအောက်ကလန်မြို့မှာ လျှပ်စစ်မီးပေးဝေသော ပုဂ္ဂလိက လျှပ်စစ်ကုမ္ပဏီတစ်ခု ရှိချေသတဲ့ဗျာရယ်။ မာကျူရီ အင်နာဂျီ ကုမ္ပဏီတဲ့ခင်ဗျ။ နာမည်ကလေးက လှပပေစွာ Mercury Energy ဟူလို။ ဗုဒ္ဓဟူးအလင်း၊ ဗုဒ္ဓဟူးစွမ်းအင် ဘယ့်နှာဘာသာပြန်ရပါလတ္တံ့။ ထား။

အဲသည်မှာ မိသားစုတစ်စုရယ်က လျှပ်စစ်မီတာခ မဆောင်ဘူးတဲ့ဗျာရယ်။ ကလေးတစ်ယောက်နှင့် မိခင်တစ်ဦးတို့ နေထိုင်ကြသော မိသားစုကလေးပါတဲ့။ မိခင်ကြီးက ကျန်းမာရေးမကောင်းလှသူပါတဲ့။ အောက်ဆီဂျင်ပိုက်နဲ့တပ်ကာ အသက်ရှင်နေရချေသည့် မိခင်တစ်ဦးဟု ဆိုပါ့ကလား။ စီးပွားရေး ချွတ်ခြုံကျနေသည့် မိသားစုကလေးဖြစ်ရာ စားဖို့မှအနိုင်နိုင် မီတာခကို မဆောင်နိုင်ကြချေ။

တစ်နေ့သ၌ အနှီ မာကျူရီ အင်နာဂျီ ကုမ္ပဏီက ဝန်ထမ်းတချို့ မီတာခမပေးနိုင်သာ ယင်း၎င်းအိမ်ကလေးရှိရာဆီ ရောက်လာကြချေသတဲ့ဗျ။ လျှပ်စစ်မီးဖြတ်တောက်မည့်အကြောင်း လာရောက် အကြောင်းကြားခြင်းပင်။ မလုပ်ပါနဲ့၊ မလုပ်လိုက်ပါနဲ့။ သို့ကလို အကြောင်းအတန်တန်နဲ့ တောင်းပန်ကြချေသတဲ့ဗျာ။ အောက်ဆီဂျင်စက်နှင့် အသက်ရှင်နေရသူမိန်းမနှင့်တကွ သူ၏သားတစ်ဦးတို့က တောင်းပန်ကြခြင်း ဖြစ်ပါသတဲ့။

ယင်း၎င်းနောက် မာကျူရီ အင်နာဂျီကုမ္ပဏီက လူပုဂ္ဂိုလ်တို့ ပြန်သွားကြလေပြီ။ လျှပ်စစ်မီးကို ဖြတ်တောက်ပစ်လိုက်ပါ၏။ ၂၀၀၇ ခုနှစ်၊ မေလ ၂၉ ရက်၊ အင်္ဂါနေ့မှာ ဖြတ်ပစ်လိုက်သည် ဆိုပါ့ကလား အဆွေ။
ဤသို့ မီးဖြတ်ပြီးသည်၏နောက် ၂ နာရီလောက် ကြာသည်ရှိလေသော် အောက်ဆီဂျင်ပေးစက် ရပ်သွားခဲ့ပြီဖြစ်၍ ယင်း၎င်းအမျိုးသမီး အနိစ္စရောက်သွားခဲ့ချေသည်။ ကယ်ဆယ်ရေးတွေ ဘာတွေကတော့ သတင်းကြားလျှင်ကြားချင်း အရောက်လာကြသေးတာပဗျာ။ အနို့သော် အလာကောင်းပေမယ့် အခါနှောင်းဟု ဆိုသလို မရတော့ပါဘူးလေရယ်။

မီတာခမဆောင်ဘဲ ဘဝတစ်ပါးသို့ ပြောင်းသွားသူ အမျိုးသမီးရဲ့ ဆွေမျိုးတော်စပ်သူ ဘရင်ဒင်ရှီးဟန်ဆိုသူကတော့ စိတ်မကောင်းစရာ ဖြစ်ရပ်ဖြစ်ကြောင်း နယူးဇီလန်နိုင်ငံပိုင် အသံလွှင့်ဌာနကို ရင်ဖွင့်ပြောပြခဲ့လေသဗျာ။ မာကျူရီ အင်နာဂျီကုမ္ပဏီကတော့ ဝမ်းနည်းကြောင်း သတင်းထုတ်ပြန် ကြေညာခဲ့ပါတယ်။

အကယ်တန္တုကတော့ ဘာမှဝမ်းနည်းစရာ၊ သတင်းထုတ်ပြန်ကြေညာစရာ မလိုပ်ချေဘူးလဗျာ။ အနှီခေတ်သည် ဈေးကွက်စီးပွားရေးခေတ်။ ရောင်းကြ ဝယ်ကြသောခေတ်။ ဘာတစ်ခုမှ အလကားမရသော ခေတ်။ မာကျူရီ အင်နာဂျီကုမ္ပဏီမှာ ဘာအပြစ်ရှိသတုန်းဗျာ။ ငွေအသပြာပေးရင် လျှပ်စစ်မီးပေးမယ်၊ ငွေအသပြာမပေးရင် လျှပ်စစ်မီး မပေးဘူး။ အခု သူတို့ကို သွားပြောသားပဲ။ မီတာခဆောင်၊ မဆောင်ရင် မီးဖြတ်မယ်လို့။ ခုမှ အောက်ဆီဂျင်စက် ရပ်သွားလို့ ဘဝတစ်ပါးပြောင်းသွားရသလေး ဘာလေးနဲ့။ ဂျက်ကွမ်းခြံကုန်းဆို ဘဇာမှ ဝမ်းနည်းမနေပေါင်လဗျာ။

ဟုတ်ပ။ ဆန်ပေးလေပါမှ ဆေးရနိုင်ချေသောခေတ်။ ရော့ပတ္တမြားဆိုမှ ရော့နဂါးလေသောခေတ်။ ပိုက်ဆံမပေးသည့်ကလေးကို ဘုတ်အုတ်စာပေတွေ သင်မပေးနိုင်ပေါင်ဗျာ။ ပိုက်ဆံမပေးသည့်လူနာ ဆေးကုသသမှု မပြုပေးနိုင်ပေါင်လဗျာ။ ပိုက်ဆံမပေးသည့် ခရီးသွား ခုချက်ချင်း ဘတ်စ်ကားပေါ်က ဆင်းသွားစမ်း။ သင်းတို့တွေ ပြေပြေလည်လည် ဖြစ်တဲ့အထိ အောင့်အည်းသည်းခံ မနေနိုင်ကြပေါင်လဗျာ။ ကဲ ... မီးဖြတ်တော့ ဘာဖြစ်သေးသတုန်း။ ဘာမှ ဝမ်းနည်းပါတယ် ဘာညာ ပြောစရာမလိုပါဘူးလို့ မာကျူရီ အင်နာဂျီကုမ္ပဏီက လူကြီးမင်းတို့ကို လှမ်းပြောလိုက်ချင်မိသေးသဗျာ။

ဂျက်ကွမ်းခြံကုန်း

Sunday, September 2, 2007

လှမ်းခဲ့ပါ့ တိုင်းသာရီ




ကြည်ညိုဖူးမြင်
ရှင်ကိုးရှင်နှင့်
ပျော်ရွှင်ကမ်းခြေ
မောင်းမကန်မြေနှင့်
အဆန်ခရီး
ကားစီးရန်ကုန်
စုံလျှင် မြိတ်သို့
လေးမြို့နယ်ပိုင် ထားဝယ်ခရိုင်။


လေးကျွန်းဆီမီး
သိမ်တော်ကြီး၏
ထီးရိပ်အေးမြ
လှပဆိပ်ကမ်း
ကုန်ဈေးတမ်းနှင့်
ငါးဖမ်းစက်လှေ
ပုဇွန်တွေပေါ
ကုန်ချောထုပ်ပိုး
လေးမြို့နယ်ပိုင် မြိတ်ခရိုင်။

တောင်ကုန်းထက်က
ထူးလှစေတီ
ကြည်ညိုဖွယ်နှင့်
ဘုရင့်နောင်ကုန်း
ရှုမဆုံးနှင့်
ဝင့်ထည်လှပ
လမ်းမ သွယ်သွယ်
နယ်စပ်ကုန်ပို့
နှစ်မြို့နယ်ပိုင် ကော့သောင်းခရိုင်။

ထားဝယ်၊ မြိတ်နှင့်
တဆင့်ကော့သောင်း
ခရိုင်ပေါင်းစု
တိုင်းပြု တနင်္သာရီ
ဝေစည်လျှမ်းပ
လွမ်းစရာ့။
အေးကြည်ချမ်းမြ
လှမ်းခဲ့ပါ့။ ။

ချမ်းမြငြိမ်း

တနင်္သာရီတိုင်းမဂ္ဂဇင်းဟောင်းတအုပ်ထဲမှ ကဗျာတပုဒ်ဖြစ်ပါတယ်။ မဂ္ဂဇင်းက အဖုံးနှင့် အတွင်းစာမျက်နှာတချို့ မရှိတော့လို့ အတွဲ၊ အမှတ်၊ ထုတ်ဝေခုနှစ်တွေကို မဖော်ပြနိုင်ပါ။ အထက်ပါဓာတ်ပုံမှာ ထားဝယ်မြို့ အဝင်ဝမှ လွမ်းမောဖွယ်ရာ ထန်းပင်တန်းကြီးဖြစ်ပါတယ်။ စာရေးရင်းတောင် ထားဝယ်ကို လွမ်းလာပြီဗျာ။ အခုတော့ ကဗျာစာသားထဲမှာ ပါတဲ့အတိုင်း သာယာချမ်းမြအုံးပါ့မလား မသိပါဘူး။ မြန်မာတနိုင်ငံလုံးက သာယာချမ်းမြေ့ဖွယ် မကောင်းတော့တာ ကြာပြီမဟုတ်လား။

Sunday, August 12, 2007

အနန္တမေတ္တာရှင်များသို့ ဦးညွှတ်ခြင်း (အတုလရဲတိုက်)


ဒီလထုတ် ‘မဟေသီမဂ္ဂဇင်း’ ထဲမှ ကျနော့်ဟတ်(ထ်)ကို ထိသွားစေတဲ့ ဝတ္ထုတိုလေးတပုဒ်ကို မျှဝေပေးပါရစေ။ အင်မတန်မှ ရသမြောက်ပြီး ဗဟုသုတလည်းရစေတဲ့ ဝတ္ထုတိုလေးပါ။ အမေ့မေတ္တာဟာ ဘယ်အရာနဲ့မှ နှိုင်းယှဉ်လို့မရအောင် မြင့်မြတ်ဖိုးတန်တယ်ဆိုတာကို ဆရာနတ်မှူးက ဟာသကလေးနှောပြီး ခေတ်နှင့်လျှော်ညီအောင် သီကုံးရေးဖွဲ့ထားတဲ့ ဝတ္ထုလေးပါ။ ဝတ္ထုနာမည်က “အတုလရဲတိုက်” တဲ့ဗျာ။ အားလုံးပဲ နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဖတ်ရှုခံစားကြပါကုန်...။

"အတုလရဲတိုက်"

တနေ့တွင် ကျွန်တော့်ဆေးခန်းသို့ ကျွန်တော်နှင့်အလွန်ရင်းနှီးသူ ကဗျာဆရာ ဖေတင်ညွန့် ရောက်လာသည်။ အလို ... သူ့ဗိုက်က အတော်ကြီး ငေါထွက်နေပါလား။ သွားပြီ ဒီလူတော့ CIRROUS LIVER ခေါ်သည့် အသည်းကြွပ်ပြီး ရေဖျဉ်းစွဲသော ရောဂါရနေပြီ။

“ကိုဖေတင်ညွန့် ဘယ်လိုဖြစ်တာလဲဗျ”

“ဗိုက်မှာအလုံးပေါ်ပြီး တဖြည်းဖြည်း ကြီးလာတယ်ဆရာ။ ရှစ်လလောက်ရှိသွားပြီ”

“ဟ... အခုမှ လာပြရသလားဗျ”

“ဆရာ အပြစ်တင်ရင်လည်း ခံရမှာပဲဗျာ။ ကျွန်တော်က အလုပ်သိပ်ရှုပ်တဲ့လူဆိုတာ ဆရာလည်း သိသားနဲ့”
ဟုတ်သည်။ သူက ဝန်ထမ်းတဦးဖြစ်သည့်အပြင် ‘သူရိန်နှင့် သူရဲကောင်းစာပေ’ဆိုသော စာအုပ်အငှားဆိုင်လည်း ဖွင့်ထားသည်။

“ထူးဆန်းတယ်ဆရာရေ ... အလုံးက အခုနောက်ပိုင်း တော်တော်လေး လှုပ်လာတယ်ဗျ”

“မှန်းစမ်းဗျာ။ ကျွန်တော် စမ်းကြည့်ရအောင်”

သူ့ဗိုက်ကို ကျွန်တော်စမ်းကြည့်လိုက်သည်။ နောက် မယုံနိုင်စွာဖြင့် ထပ်တလဲလဲ စမ်းနေမိသည်။ ကျွန်တော် စမ်းမိသည်က ကလေးတယောက်၏ ဦးခေါင်းနှင့် ခြေလက်အစိတ်အပိုင်းများ။ သေချာအောင် TRUMPET ခေါ်သည့် အော်လံကလေးနှင့် ကလေးနှလုံးခုံသံကို နားထောင်ကြည့်သည်။ တဒိတ်ဒိတ်နှင့် ကလေးမှ ကလေးအစစ်။ မြတ်စွာဘုရား ...။ ဘာတွေဖြစ်နေပြီလဲ။
လူ့သမိုင်းတွင် တခါမှမကြုံဖူးသည့် ယောက်ျားစင်စစ်က ကိုယ်ဝန်ဆောင်သည့်ကိစ္စကို နဖူးတွေ့ဒူးတွေ့ကြုံရပြီ။ သေချာပါပြီ၊ ဖေတင်ညွန့်မှာ ကိုယ်ဝန်ဆောင် ယောက်ျားစစ်စစ် ဖြစ်၍နေပေပြီ။

အိမ်ထောင်သည် ကလေးနှစ်ယောက်အဖေ ယောက်ျားစစ်စစ်က ကိုယ်ဝန်သည်ဖြစ်နေခြင်းကိစ္စသည် ကမ္ဘာ့မီဒီယာလောကတွင် တစ်မုဟုတ်ချင်း ပျံ့နှံ့သွားသည်။ ကဗျာတွေရေး၍ ကမ္ဘာမကျော်ခဲ့သော ဖေတင်ညွန့်မှာ ဒေးဗစ်ဘက်ဟမ်း၊ ဘရတ်ပစ်၊ အင်ဂျလီနာဂျိုလီ စသော ကမ္ဘာကျော်တို့ထက် ရေပန်အစားဆုံး လူတယောက်ဖြစ်လာပြီး ဂင်းနစ်စာအုပ်တွင်လည်း ကမ္ဘာ့ပထမဆုံး ယောက်ျားကိုယ်ဝန်ဆောင်အဖြစ် မှတ်တမ်းတင်ခြင်းခံရသည်။ နောက်လအနည်းငယ်အကြာတွင် ကမ္ဘာ့နေရာအနှံ့၌ ဖေတင်ညွန့်ကဲ့သို့ ယောင်္ကျား ကိုယ်ဝန်ဆောင်များ တယောက်ပြီးတယောက် ပေါ်လာတော့သည်။

သိပ္ပံပညာရှင်များအနေနှင့် လိင်ခွဲခြားစိတ်ပြောင်းလဲခြင်း မပြုလုပ်ဘဲ ယောက်ျားက ကိုယ်ဝန်ဆောင်ခြင်း ကိစ္စမှာ အဖြေရှာမရသည့် ပြဿနာတခုဖြစ်နေသည်။ မကြာမီ ထိုပြဿနာအတွက် လက်သည်တရားခံ ပေါ်လာသည်။ ထိုတရားခံမှာ ခရမ်းရောင် ဂြိုဟ်သားများဖြစ်သည့် BBC, CNN စသော ကမ္ဘာ့ရုပ်သံလွှင့်ဌာန များမှာ ခရမ်းရောင်ဂြိုဟ်သားများ၏ သတင်းပေးပို့ချက် ပါလာသည်။ ၎င်းမှာ ...

“ကမ္ဘာသူ ကမ္ဘာသားများခင်ဗျား။ ကျွန်တော်တို့ဟာ ခရမ်းရောင်ဂြိုဟ်သားများ ဖြစ်ပါတယ်။ ကမ္ဘာကို ရောက်လာတော့ နှစ်အတော်ကြာပါပြီ။ လူတွေရဲ့ အဆီအငေါ်မတည့်မှုများစွာကို တွေ့လာရပါတယ်။ အဲဒီအထဲက အဆိုးဆုံးက မိန်းမများချည်း ကိုယ်ဝန်ဆောင်နေရတဲ့ကိစ္စပါပဲ။ လူကြီးမင်းတို့ စဉ်းစားကြည့်ပါ။ ယောက်ျားနဲ့မိန်းမ သံဝါသပြုရာမှာ ကမ္ဘာဦးကနေ ဒီကနေ့အထိ မိန်းမများသာ ကိုယ်ဝန်ဆောင်ရတယ်။ ကလေးမွေးရတယ်။ နို့တိုက်ပြုစုရတယ်။ ယောက်ျားတွေကတော့ ကိုယ်နဲ့မဆိုင်သလို ‘နေသာပ လေညာက’ ဖြစ်နေတာ တော်တော်တရားလွန်ပါတယ်။ ဒါဟာ သဘာဝတရားဆိုပေမယ့် ဒီသဘာဝတရားဟာ မိန်းမတွေ အပေါ် တော်တော် ရက်စက်ရာကျနေတယ်။ လူသားတွေအနေနဲ့ ဒီသဘာဝတရားကို မလွန်ဆန်နိုင်ပေမယ့် ကျွန်တော်တို့ ဂြိုဟ်သားတွေကတော့ ဒါကို ပြောင်းလဲပစ်နိုင်ပါတယ်။ ကျွန်တော်တို့ ခရမ်းရောင် ဂြိုဟ်သားတွေ ဟာ ... ဘယ်တုန်းကမှ မတရားမှုကို လက်ပိုက်ကြည့်မနေခဲ့ဘူး။ ဒီလို လူသားမိန်းမတွေ မတော်မတရားခံစား နေရတဲ့ ကိစ္စမှာ တို့ဝင်ပါမှဖြစ်တော့မယ်ဆိုပြီး ယောက်ျားကိုယ်ဝန်ဆောင်ရမယ့် စီမံကိန်းကို အကောင်အထည် ဖော်လိုက်ခြင်းဖြစ်ပါတယ်။ ကနေ့ကစပြီး မိန်းမများကိုယ်ဝန်ဆောင်ခြင်းကိစ္စ ရပ်တန့်ပြီး ယောက်ျားများက တလှည့် ကိုယ်ဝန်ဆောင်ရမှာဖြစ်ပါတယ်။ အခုကမ္ဘာမှာ ယောင်္ကျားကိုယ်ဝန်ဆောင်များ တွေ့လာနေရတဲ့ကိစ္စဟာ ကျွန်တော်တို့ ယောက်ျားကိုယ်ဝန်ဆောင်စီမံကိန်းရဲ့ ကနဦးရလဒ်များ ဖြစ်ပါတယ်။ ဒီလို ယောက်ျားများ ကိုယ်ဝန်ဆောင်ခြင်းအားဖြင့် ...

၁။ အစဉ်အဆက် မိန်းမများကိုယ်ဝန်ဆောင်နေရတဲ့ အလုပ်ဟာ ထမင်းစားရေသောက်မဟုတ်ဘဲ အလွန် အန္တရာယ်များတဲ့ အလုပ်ဆိုတာ ကိုယ်တိုင်သိလာမယ်။

၂။ လူ့လောကထဲကို လူသားအသစ်တွေပို့ဆောင်ပေးနေတဲ့ မိန်းမများကို ကိုယ်ချင်းစာစိတ် ရှိလာမယ်။

၃။ အမေနေ့ဆိုပြီး ယောက်ျားတွေ အမေးကျေးဇူးကို စာတွေ့မဟုတ်ဘဲ ငါတွေ့ခံစားလာနိုင်မယ်။ ဒါကြောင့် ယောက်ျားများအနေနဲ့ ဝမ်းမြောက်ဝမ်းသာ ကိုယ်ဝန်ဆောင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ပုံ
ခရမ်းရောင်ဂြိုဟ်သားများ

ခရမ်းရောင်ဂြိုဟ်သားများ၏ ကြေညာချက်ထွက်လာသည်နှင့် ထိုဂြိုဟ်သားတို့၏ ယောက်ျားကိုယ်ဝန် စီမံချက်ကို ကန့်ကွက်မှုများ၊ ထောက်ခံချက်များ ကမ္ဘာမှာ ပွက်လောညံသွားသည်။ ကမ္ဘာ့ယောက်ျားထု တရပ်လုံးနီးပါးက တခဲနက် ကန့်ကွက်ကြသည်။ သို့သော် ဂေးခေါ် မိန်းမလျာများကမူ ကိုယ်ဝန်ဆောင်ဘဝကို ကျေကျေနပ်နပ်ကြီး ခံယူချင်ကြောင်း ထောက်ခံကြသည်။ အမျိုးသမီးထုကြီးကမူ “ငါတို့တတွေ တလျှောက်လုံး ခံလာရတာကြာပြီ။ ဒီတခါ ယောက်ျားတွေ ဒင်းတို့အလှည် ကောင်းတယ်”ဟု ဝမ်းမြောက်ဝမ်းသာ ထောက်ခံ ကြသည်။ ကမ္ဘာ့နိုင်ငံခေါင်းဆောင်ကြီးများက ကမ္ဘာ့ကုလသမဂ္ဂတွင် အစည်းအဝေးခေါ်ယူပြီး ဂြိုဟ်သားတို့၏ ယောက်ျားကိုယ်ဝန်ဆောင်စီမံကိန်းကို မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်သည့်ဘက်မှ အပြတ်အသတ် အနိုင်ရလေသည်။ အမေရိကန်သမ္မတ ဂျော့ဘုရှ်က ...

“ခရမ်းရောင်ဂြိုဟ်သားများအနေနဲ့ လူတွေနဲ့ တွေ့ဆုံဆွေးနွေးပြီးမှ ဒီယောက်ျားကိုယ်ဝန်ဆောင် စီမံကိန်းကို ချမှတ်သင့်တယ်။ လူတွေမှမဟုတ်ဘူး။ တခြားဘယ်သတ္တဝါမဆို၊ အမ,က ကိုယ်ဝန်ဆောင်ရတာ ဓမ္မတာပဲ။ သဘာဝတရားကို နားမလည်ဘဲ အရမ်းကာရောလုပ်တာ တရားလွန်တယ်” ဟု ဆိုသည်။

အင်္ဂလန်ဝန်ကြီးချုပ် တိုနီဘလဲကလည်း ...

“အခုလို ယောက်ျားတွေကို သူတို့ဆန္ဒမပါဘဲ ဇွတ်တရွတ် ကိုယ်ဝန်ဆောင်ခိုင်းတာ ကမ္ဘာ့အရေးကို ဝင်ရောက်စွက်ဖက်တာပဲ။ သည်းမခံနိုင်စရာကိစ္စမို့ ဂြိုဟ်သားများအနေနဲ့ သတ္တိရှိရင် ပေါ်တင်ထွက်လာခဲ့ပါ” ဟု စိန်ခေါ်သည်။ ချက်ချင်းပင် ဂြိုဟ်သားတို့၏ တုံ့ပြန်ချက်က BBC နှင့် CNN ရုပ်သံများမှာ ပါလာသည်။

ကမ္ဘာ့ကုလသမဂ္ဂတွင် မဲခွဲရာ၌ မိမိတို့ဂြိုဟ်သားများ၏ ယောက်ျားကိုယ်ဝန်ဆောင်စီမံကိန်း ရှုံးနိမ့်ရခြင်းမှာ အဆန်းမဟုတ်။ ကမ္ဘာ့ခေါင်းဆောင်အများစုမှာ ယောက်ျားများ မဟုတ်ပါလော။ လူသားတို့၏ သဘာဝကို နားမလည်ဆိုသော သမ္မတဂျော့ဘုရှ်၏ စွပ်စွဲချက်ကို မိမိတို့ လက်ခံသည်။ အကြောင်းမှာ မိမိတို့သည် လူမဟုတ်သော ဂြိုဟ်သားများဖြစ်နေ၍ ဖြစ်သည်။ သို့သော် သမ္မတဂျော့ဘုရှ်၊ ဝန်ကြီးချုပ် တိုနီဘလဲ အပါအဝင် ကမ္ဘာ့ခေါင်းဆောင်များသည် ကမ္ဘာပေါ်တွင် ကိုယ်ဝန်ဆောင်မိခင် တမိနစ် တယောက်နှုန်း သေဆုံးနေသည်ကို သိမှသိကြပါရဲ့လား။ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအတွက် လုံလောက်သော ငွေကြေးပမာဏနှင့် အားသွန်ခွန်စိုက်လုပ်နေသော တိုင်းပြည် ကမ္ဘာပေါ်တွင် ဘယ်နှစ်နိုင်ငံရှိသနည်း။ နိုင်ငံ၏ ဘတ်ဂျက်ငွေ အများစုမှာ စစ်သုံးစရိတ်ဖြစ်နေကြသည်။ အမေရိကန်ပြည်ထောင်စုထဲကိုပဲ ကြည့်ပါ။ အီရတ်၊ အာဖဂန်နစ္စတန် တို့အတွက် စရိတ်က မိခင်နှင့်ကလေးစောင့်ရှောက်ရေးရန်ပုံငွေထက် အဆမတန် များပြားနေသည်။ မြောက်ကိုးရီးယား၊ အီရန် စသောနိုင်ငံတို့ကလည်း နျူကလီးယားလက်နက် ပိုင်ဆိုင်နိုင်ရန် ငွေကုန်ကြေးကျခံ၍ ကြိုးစားနေသည်။ ထိုနိုင်ငံတို့၏ ကိုယ်ဝန်ဆောင် သေဆုံးနှုန်းမှာ ကြောက်စရာ ကောင်းနေသည်။

နောက် ... အင်္ဂလန်ဝန်ကြီးချုပ် တိုနီဘလဲက သတ္တိရှိရင် ထွက်ခဲ့ပါဟု စိန်ခေါ်နေသည်။ မိမိတို့အနေနှင့် မစ္စတာဘလဲကို မေးချင်သည်။ လူသားတို့သည် မိမိကိုယ်ကို အနိုင်ရပြီလားဆိုတာ ဖြစ်သည်။ ကင်ဆာရောဂါကို လူသားတို့ခံစားလာရတာ ကြာပြီ။ ခုထက်ထိ ရေရာသော ကာကွယ်ကုသနည်းမရှိသေး။ ပန်ကရိယခေါ် မုန့်ချိုအိတ် ပျက်စီးမှုကြောင့် လူတွေ ဆီးချိုဝေဒနာ ခံစားနေရသည်။ ထိုဆီးချိုရောဂါသည်တွေထဲတွင် လူတွေ၏ အသက်ကို ကယ်တင်နေသည်ဆိုသော သမားတော်များ ပါဝင်နေသည်မှာ ရင်နာစရာကောင်းလှသည်။ လူတွေ ခေတ်နောက်ကျနေသည်မှာ ပန်ကရိယတလုံးမှ အစားမထိုးနိုင်ရှာ။ အလားတူ အေအိုင်ဒီအက်စ်၊ ကြက်ငှက်တုတ်ကွေး စသော ရောဂါများကိုလည်း ဘယ်လိုကုသရကောင်းမှန်း မသိသေး။ ထိုသို့ မိမိကိုယ်တွင်း ပြဿနာများကို နိုင်အောင်မတိုက်နိုင်သော လူသားတွေက တခြားကမ္ဘာမှ ဂြိုဟ်သားများကို စိန်ခေါ်သည်မှာ ရယ်ဖွယ်ကောင်းလှသည်။

တဖန် အတ္တကြီးသော လူတို့သည် မိမိကိုယ်ကိုမအောင်နိုင်သော်လည်း အာကာသကိုတော့ စိုးမိုးချင်နေသည်။ ငွေများပုံအောပြီး ဒုံးပျံတွေ၊ ဂြိုဟ်တုတွေ အာကာသထဲ တွင်တွင်လွှတ်တင်နေကြသည်။ ထိုအရာဝတ္ထုများ အာကာသထဲ လှည့်ပတ်နေချိန်တွင် ကမ္ဘာမြေကြီးပေါ်မှ ကိုယ်ဝန်ဆောင်မိခင်များ တဖြုတ်ဖြုတ် သေဆုံးနေသည်ကို တစက်ကလေးမှ စဉ်းစားမိပါရဲ့လား။ မိမိတို့ ခရမ်းရောင်ဂြိုဟ်သားများသည် ငြိမ်းချမ်းရေးကို မြတ်နိုးသူများဖြစ်ပြီး စစ်မက်လိုလားသူများ မဟုတ်ပါ။ မစ္စတာဘလဲ သတိထားသင့်သည်မှာ ဤကမ္ဘာပေါ်မှာ နျူကလီးယားလက်နက်များသည် မိမိတို့ ခရမ်းရောင်ဂြိုဟ်တွင် ကလေးကစားစရာသေနတ်အဆင့်သာ ရှိသည်ဆိုသော အချက်ပင်ဖြစ်သည်။ ကမ္ဘာကြီးကို ဖျက်ဆီးချင်ပါက တမိနစ်အတွင်း ပြာပုံအတိ ဖြစ်သွားနိုင် သည်။ သို့သော် စကြာဝဠာအတွင်း အင်အားအကြီးဆုံး လက်နက်မှာ မေတ္တာတရားပင်ဖြစ်သည်။ မေတ္တာတရား ကြီးမားသူများပီပီ မိမိတို့အနေနှင့် ကမ္ဘာကြီးတိုးတက်ဖြစ်ထွန်းတာ မြင်လိုသည်။ အထူးသဖြင့် ကိုယ်ဝန်ဆောင် ယောက်ျားများနှင့် စည်ကားနေစေချင်ပါသည် ... ဟူ၍ ဖြစ်သည်။

ကမ္ဘာပေါ်တွင် ယောက်ျားကိုယ်ဝန်ဆောင်များ ပေါများလာသည်နှင့်အမျှ ကမ္ဘာ့ခေါင်းဆောင်များ၏ အမျက်ဒေါသမှာ ငယ်ထိပ်ရောက်လာသည်။ လုံးဝမကျေနပ်သော်လည်း အရိပ်အရောင်တောင်မမြင်ရသည့် ခရမ်းရောင်ဂြိုဟ်သားများကို ဘယ်လိုသွား၍ ဆွဲထိုးမည်နည်း။ အမေရိကန်သမ္မတ ဂျော့ဘုရှ်၊ အင်္ဂလန်ဝန်ကြီး ချုပ် တိုနီဘလဲအပါအဝင် ကမ္ဘာ့ခေါင်းဆောင်များမှာ တောက်ခေါက်ရုံမှအပ ဘာမှမတတ်နိုင်။ ခရမ်းရောင် ဂြိုဟ်သားများ၏ လုပ်ရပ်မှာ အလွန်ပြောင်မြောက်သည်။ မကြာမီမှာပင် ကမ္ဘာ့ခေါင်းဆောင်အချို့မှာ ဗိုက်တကားကားနှင့် ဖြစ်လာလေသည်။ ကျွန်တော်တို့ဆရာဝန်များမှာလည်း လက်နှင့်ဓား ပြတ်သည်မရှိ။ အကြောင်းမှာ ခန္ဓာဗေဒအရ ယောက်ျားများသည် မိန်းမများနှင့်စာလျှင် တင်ရုံးကွင်း ကျဉ်းသည်။ ထို့ကြောင့် ပုံမှန်မီးမဖွားနိုင်၊ ကလေးမွေးတိုင်း ဗိုက်ခွဲ၍သာ မွေးပေးရသည်။ စိတ်လိုလက်ရ မဟုတ်ဘဲ မဖြစ်၍သာ ကိုယ်ဝန်ဆောင်ရခြင်းဖြစ်ရာ ဗိုက်ခွဲခံရသောအခါ ယောက်ျားများမှာ ဒေါသူပုန်ထတော့သည်။ သူနာပြုဆရာမက ...

“ဒီမယ်ကြည့်ပါဦး။ ရှင့်သားလေးက မျက်လုံးပြူးပြူးလေးနဲ့ ...၊ ဖအေတူလေး”ဟု ကလေးကိုသွားပြရာ မအေတဖြစ်လည်း ဖအေလုပ်သူက ကလေးကို ကိုင်ပေါက်လည်လုပ်၍ ဝိုင်းဆွဲကြရသည်။

“ရှင့်မလဲ နေနိုင်လိုက်တာနော်။ ကလေးက နို့ဆာလို့ တကျီကျီငိုနေပြီ၊ နို့တိုက်ဖို့ စိတ်မကူးတော့ ဘူးလား”
“ဟုတ်တယ်ဆရာမ၊ စိတ်မကူးတော့ဘူး”

“ဘာဖြစ်လို့လဲရှင့်”

“ဟာ ... တပြွတ်ပြွတ်နဲ့ စို့တာ။ စဉ်းစားရုံနဲ့ ယားတယ်ဗျ။ ဖြစ်နိုင်ရင် ဆရာမနို့်နဲ့ တိုက်ပေးပါလား”

“ဘာရှင့်”

“သြော် ... ဆရာမနို့ဘူးတိုက်ပေးပါလားလို့ ပြောတာပါ”

သို့နှင့် ယောက်ျားအများစုက ကလေးကို နို့ဘူးသာ တိုက်ကြသည်။

“ကျုပ်ကတော့ ဖခင်စိတ် အဲ ... မိခင်စိတ် ရှိပါတယ်ဗျာ။ BREAST MILK IS THE BEST MILK မအေနို့က အကောင်းဆုံးတဲ့။ ကလေးကို ကိုယ်တိုင်နို့တိုက်ရမှာပေါ့”

နောက်တနေ့တွင် ထိုလူက နို့ခန်းဆေးထိုးဖို့ ဆေးခန်းရောက်လာသည်။

“ခင်ဗျားကလေးကောဗျ”

“မွေးစားဖို့ သူများပေးလိုက်ပြီ”

“ဟာ ... ဘာဖြစ်လို့လဲ”

“မပြောချင်ပါဘူးဗျာ၊ အဲဒီကောင်က နို့သီးခေါင်းကိုက်ဆွဲတယ်ဗျ”

“တော်သေးတာပေါ့ကွာ ... ခရမ်းရောင်ဂြိုဟ်သားတွေ ငါတို့ဆရာဝန်တွေကို ဘေးမဲ့ပေးထားလို့ ရေနံချောင်းက သိန်းဝင်း၊ ဝမ်းတွင်းက လှဦး၊ မန္တလေးက သိန်းဇော်၊ ရန်ကုန်က ဒေါက်တာထွေးတို့ တယောက်မှ ဗိုက်ကြီးသံ မကြားသေးဘူး။ အင်း ... ဗိုက်ကြီးတကားကားနဲ့ ဆေးခန်းဖွင်ရရင်တော့ လူနာတွေကြား ရှက်စရာပါကွာ ... ဟား ဟား ဟား”
ကျွန်တော်က သဘောတကျ တဟားဟားရယ်နေစဉ် ...

“သိပ်လည်းဝမ်းမသာနဲ့ဦး ကိုယ့်လူ” ဟူသော အသံကြား၍ လှည့်ကြည့်လိုက်ရာ တဝင်းဝင်းတောက်ပ နေသော ခရမ်းရောင်ပုံရိပ်တခု ကုလားထိုင်ပေါ်တွင် ထိုင်နေသည်ကို တွေ့ရသည်။

“ခင်ဗျားက ဘယ်သူလဲ”

“ငါက ခရမ်းရောင်ဂြိုဟ်သားတယောက်ဟေ့”

“ဟာ ... ခင်ဗျားတို့ လျှောက်လုပ်တာနဲ့ ယောက်ျားတွေ တော်တော်များများ ဗိုက်ကြီးကုန်ပြီ။ ဒါပေမယ့် ကျွန်တော်တို့ ဆရာဝန်တွေကိုတော့ ချမ်းသာပေးရမယ်နော်”

“ဘာဖြစ်လို့လဲကွ”

“ဟာ ... ယောက်ျားမီးဖွားရင် ဗိုက်ခွဲမွေးရတာချည်းပဲ။ ဆရာဝန်တွေ ဗိုက်ကြီးနေရင် ဒီကိုယ်ဝန်သည် တွေကို ဘယ်သူခွဲပေးမလဲဗျာ”

“အေး ... မင်းပြောတာ ယုတ္တိတန်တယ်ကွ”
“ဒီလိုမှပေါ့ဗျ”

ကျွန်တော်က သူ အထွန့်မတက်အောင် ပိတ်ပြောလိုက်သည်။

“ဒါပေမယ့်”

“ဟာ .... ဘာဒါပေမယ့်လဲဗျာ”

“မင်းတို့ဆရာဝန်တွေထဲမှာ ပိုက်ဆံအများကြီးရမှ ဗိုက်ခွဲမွေးပေးမယ်။ မပေးရင် သေသေဆိုပြီး ပစ်ထားတဲ့ အကောင်တွေရှိတယ်”

“အဲ့ဒါ ... အမေရိကန်ဆရာဝန်တွေ နေမှာပေါ့”

“အဲ့ဒီအကောင်တွေကို အမြွာပူး ဗိုက်ကြီးခိုင်းရမယ်”

“လုပ်လိုက်ဗျာ”

“နောက် လူတယောက် တုပ်ကွေးမိတာကို ဆီးဝမ်းသွေး အကုန်စစ်၊ လိုလိုမလိုလို ဓာတ်မှန်၊ အီးစီဂျီ၊ စီတီစကင် အကုန်ရိုက်ခိုင်းတဲ့ ဆရာဝန်တွေ ရှိတယ်”

“အင်္ဂလန်မှာလားဗျ”

“အဲ့ဒီအကောင်တွေကိုလည်း ချမ်းသာမပေးနိုင်ဘူး။ တသက်လုံးမမွေးတဲ့ အလုံးကို လွယ်ခိုင်းရမယ်”

“ဘယ်လိုဟာမျိုးလဲဗျ”

“ဆရာဝန်ဖြစ်ပြီး ... အပါ့ကွာ။ MYOMA UTERUS ခေါ်တဲ့ သားအိမ် အသားတုံးပေါ့ကွ”

“ဟားဟား .... ကြိတ်လိုက်ဗျာ”

“နောက် ... ဆရာဝန်တွေထဲမှာ မတရားချမ်းသာနေတဲ့ အကောင်ရှိတယ်”

“ဒါကတော့ သူ့ကုသိုလ်နဲ့သူပါဗျာ”

“လူနာမိသားစုတွေဆီက ချွေးနဲ့သွေးနဲ့ရင်းထားတဲ့ငွေကို တန်ရာတန်ကြေးထက်ပိုပြီး ညှစ်ယူနေလို့ ဒါလောက်ချမ်းသာနေတာပေါ့။ ဒီကောင်တွေကို ကောင်းကောင်းပညာပေးရမယ်”

“ဟာ ... ခင်ဗျား ဘယ်လိုလုပ်မတုန်း”

“ခေါင်းချင်းဆက် အမြွာပူးမွေးခိုင်းရမှာပေါ့ကွာ ... ဟားဟား”

တဟားဟား ရယ်ပြီး ခရမ်းရောင်က အခန်းထဲမှ ဝှစ်ကနဲ ပျောက်ကွယ်သွားသည်။ ကျွန်တော့်မှာ အိမ်မက်က နိုးလာသူတယောက်လို ယောင်နန ဖြစ်ကျန်ခဲ့သည်။ မကြာမီမှာ ဆရာဝန်များပါ ဗိုက်ကြီးလာသည့် သတင်းကို ကြားရသည်။ မနက်က ရေနံချောင်းက သိန်းဝင်းဆီမှ ဖုန်းလာသည်။

“ဟေ့ကောင် ... မင်းကြားပြီးပြီလားကွာ”

“ဘာလဲကွ”

“ရန်ကုန်က ဟိုအထူးကုသမားတော်ကြီးလေ၊ မနေ့က ခေါင်းချင်းဆက် အမြွာမွေးသွားတယ်ကွ”

ကျွန်တော် တယ်လီဖုန်းထဲမှာ တဟားဟား အော်ရယ်ပစ်လိုက်သည်။

“ဟေ့ကောင် ... ဘာရယ်နေတာလဲကွ”

“ဟိုခရမ်းရောင်လေ ... မင်းသိလား။ သူက ပြောတဲ့အတိုင်း တကယ်လုပ်ပါလားကွ ... ဟားဟား”

သိန်းဝင်းက နားမလည်စွာနှင့် ဖုန်းချသွားသည်။ ယောက်ျားများ ကိုယ်ဝန်ဆောင်သောကိစ္စသည် ကိုယ်နှင့်မဆိုင်သော အရာအဖြစ်နေလာခဲ့ရာ တနေ့မနက်တွင် ကျွန်တော် ဝေါ့ခနဲ ထိုးအန်လိုက်မိသည်။ အစားအသောက်ပျက်လာသည်မှာလည်း တပတ်လောက်ရှိပြီ။ ကြည့်စမ်း ... နားသည်တွေလည်း ခြောက်လို့ ပါလား။ မြတ်စွာဘုရား၊ ကိုယ်ဝန်များ ရှိနေပြီလား။ PREGNANCY TEST STRIP ခေါ်သည့် ကိုယ်ဝန်ရှိမရှိ စမ်းသည့် စက္ကူလေးကို ဆီးမှာနှစ်ကြည့်ရာ အနီစင်းလေးနှစ်ကြောင်း ပေါ်လာသည်။ ဟ ... ကိုယ်ဝန်မှ ကိုယ်ဝန်အစစ်။

“ဟေ့ကောင် ... ခရမ်းရောင် ထွက်ခဲ့စမ်းကွာ။ သတ္တိရှိရင်.... တယောက်ကြေးနပန်းလုံးမယ် ... ဘယ့်နှယ်ကွာ။ ငါ့ကို ကိုယ်ဝန်ဆောင်ခိုင်းရတယ်လို့”

ကျွန်တော်က အခန်းထဲက ပစ္စည်းတွေကို ဝုန်းဒိုင်းကြဲပြီး၊ ဒေါသတကြီး ပေါက်ကွဲလိုက်သည်။

“သိပ်လည်း ဒေါခီးမနေနဲ့ ကိုယ့်လူ”

အလို ... ခရမ်းရောင်က ကျွန်တော့်ရှေ့ ရောက်နေပါလား။

“မင်းက သူများတွေ ဗိုက်ကြီးတော့ တဟီးဟီး၊ တဟားဟား သဘောကျနေပြီး ကိုယ့်အလှည့်ကျ မကျေမနပ်ဖြစ်နေတာ မလွန်ဘူးလား”

“လွန်တာ မလွန်တာ နားမလည်ဘူးဗျာ။ ဒီကိုယ်ဝန်ကို ကျုပ်မလိုချင်ဘူး။ မရှိအောင် ခင်ဗျား ပြန်လုပ်ပေး”

“သြော် ... မင်းက ငါ့ကို အဘောရှင်း လုပ်ခိုင်းတာပေါ့လေ”

“ခင်ဗျား ကြိုက်သလို ယူဆနိုင်တယ်”

“မင်းဆေးခန်းကို ကိုယ်ဝန်ရလာပြီး ဖျက်ချဖို့လာတဲ့ မိန်းမတွေကို မင်း ဘယ်လိုပြောသလဲ”

“ဆောရီးဗျာ ... ဆရာဝန်ဆိုတာ လူ့အသက်ကို ကယ်ဖို့ပါ။ လူသတ်ဖို့မဟုတ်ပါဘူးလို့ ပြောလွှတ်တာပေါ့ဗျာ”

“အေး ... ငါလည်း ... မင်း အဲ့လိုပြောရမှာပဲကွ။ နောက် သေချာပြန်စစ်ကြည့်တော့ လူတွေကို ရိတ်တဲ့အထဲမှာ မင်းလည်း ပါနေတယ်ဟေ့”

“သြော်... ခင်ဗျားက သီလစောင့်တဲ့ ကျားကို ရှာနေတာကိုးဗျ။ ထမင်းထုပ်ပဲ သိုးမယ်ဗျာ”

“ဟဲဟဲ ... ဟဲဟဲ”

သူက ဘာကို သဘောကျသည်မသိ၊ တဟဲဟဲရယ်နေသည်။ ပြီးမှ ...

“မင်းကို စတာပါကွာ။ တို့ အခု ယောက်ျားကိုယ်ဝန်ဆောင်တဲ့ စီမံကိန်းကို ရပ်ပစ်လိုက်ပြီကွ”

“မနောက်ပါနဲ့ဗျာ။ ကမ္ဘာ့ခေါင်းဆောင်တွေ ကန့်ကွက်နေတဲ့ကြားက ဇွတ်လုပ်တဲ့ စီမံကိန်းကို ချက်ချင်း ရပ်ပစ်တယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ ဘာလဲ ... ယောက်ျားတွေရဲ့ ကိုယ်ဝန်ဆောင်နိုင်တဲ့ စွမ်းရည်ကို လေးစားသွားလို့လား”

ခရမ်းရောင်က ပြက်လုံးတခု လာမှန်သည့်အလား တဟားဟား ရယ်လိုက်ပြီး ...

“ယောက်ျားတွေရဲ့ စွမ်းရည် ဟုတ်လား။ ကိုယ့်ကိုယ်ကို သိပ်အထင်မကြီးနဲ့ ကိုယ့်လူ၊ မိန်းမတွေရဲ့ အစွမ်းကို လေးစားလို့ကွ၊ လေးစားလို့”

“ဘာ ... ဘယ်လို”

“မိန်းမတွေရဲ့နိုရည်ကို မင်းတို့ယောက်ျားတွေရဲ့ နို့ရည်နဲ့ ယှဉ်ပြီး ဓာတ်ခွဲခန်းမှာ စမ်းသပ်ကြည့်တယ်ကွ”

“ဘာထူးမှာလဲဗျာ .. နို့ရည်ချင်းအတူတူပေါ့။ ရေ၊ ကစီ၊ အဆီ၊ အသား၊ အချိုဓာတ်တွေ ပါမှာပေါ့”

“ဒါပေမယ့် မိန်းမနို့ရည်ထဲမှာ အံ့သြစရာတခု တွေ့ရတယ်ကွ။ အဲဒီအရာက ယောက်ျားနို့ရည်ထဲမှာ တစက်မှမပါဘူး”
“ဘာများလဲဗျာ”
“ကြယ်တွေအားလုံးထက် လင်းလက်တောက်ပတယ်။ စိမ့်စမ်းရေအားလုံးထက် ကြည်လင်အေးမြတယ်။ စကြာဝဠာကြီးထက် ကြီးကျယ်ခမ်းနားတယ်။ နောက် နေတွေ လတွေထက် တည်တံ့ခိုင်မြဲတယ်ကွာ”

“ဟာ ... မောင်ခင်မှိုင်း(ချောက်) လို ကဗျာလည်း စပ်တတ်သကိုး”

“အေး ... မင်းပြောတဲ့ အကောင်းဆုံးကဗျာတွေထက်လည်း ပိုနူးညံ့ ပိုလှတယ်”
“ဘာလဲဗျာ.... အဲဒါက”
“မိခင်မေတ္တာလေကွာ၊ မိခင်မေတ္တာ၊ မင်း သိပ်အရေးကြီးတယ်လို့ မထင်ဘူးမဟုတ်လား”

မိခင်မေတ္တာတဲ့ .... ကြည့်စမ်း၊ ဆရာဝန်သာဖြစ်လာတယ်။ အမေ့နို့ရည်ထဲတွင် သည်မျှတန်ဖိုးရှိသော မေတ္တာတရားပါသည်ဟု တခါမှ မသင်ဖူးခဲ့။

“အကုသိုလ် အညစ်အကြေး မစွန်းထင်းသေးတဲ့ ဖြူစင်တဲ့ ကလေးငယ်ရဲ့ သန္ဓေသားဘဝဟာ မေတ္တာ တရားကြီးမားတဲ့ မိခင်ရဲ့ ဝမ်းကြာတိုက်နဲ့ပဲ သင့်တော်တယ်ကွ။ မင်းတို့ယောက်ျားတွေနဲ့ လားလားမှမထိုက်ဘူး။ ငါတို့ဂြိုဟ်သားတွေရဲ့ မျိုးပွားခြင်းကိစ္စကို ဓာတ်ခွဲခန်းတွေကပဲ တာဝန်ယူပေးခဲ့တယ်။ ဒါ့ကြောင့် ငါတို့ဟာ မိခင်ရဲ့ မေတ္တာတရားကို ဘယ်တုံးကမှ မရရှိမခံစား နားမလည်ခဲ့ဘူး။ လူသား မိခင်တွေရဲ့ မေတ္တာတရားကို ရှာဖွေတွေ့ရှိ တဲ့အခါ အလွန်မှာ အံ့သြသလို အင်မတန် လေးစားခြင်းလည်း ဖြစ်မိတယ်။ ငါတို့ဂြိုဟ်သားတွေဟာ မင်းတို့ ကမ္ဘာကြီးကို ကျွမ်းထိုးမှောက်ခုံဖြစ်အောင် လုပ်ကောင်းလုပ်နိုင်လိမ့်မယ်။ ဒါပေမယ့် မိခင်တယောက်ရဲ့ ရင်ထဲက မေတ္တာတရားကိုတော့ တစက်ကလေးလျှော့အောင် ဘယ်လိုအင်အားနဲ့မှ ဖြိုဖျက်ဆီးလို့ မရနိုင်ဘူး။ တကယ်တော့ မိခင်တိုင်းရဲ့ ရင်ထဲမှာရှိတဲ့ မေတ္တာတရားဟာ ... အခိုင်မာဆုံး ရဲတိုက်ပဲကွာ”

“ဒါဆို ... မိခင်တိုင်းဟာ ရဲတိုက်ပေါ့”

“မှန်တယ်ဗျာ ... မင်းရဲ့အမေ၊ မင်းရဲ့မိန်းမ၊ ကိုယ်ဝန်ဆောင်ဖူးသူ မိန်းမတိုင်းဟာ ရဲတိုက်ပဲ။ သူတို့က ယောက်ျားတွေ စဉ်းစားလို့မရနိုင်တဲ့ မိခင်ဘဝကို သူရဲကောင်းတယောက်လို ရဲဝံ့စွာ ဖြတ်သန်းခဲ့ကြတယ်။ သူတို့က လောကကိုဖန်ဆင်းသူ... သူတို့မရှိရင် လောကကြီးမရှိနိုင်ဘူး။ ဒီလေးစားစရာကောင်းတဲ့ ရဲတိုက်တွေကို မင်းတို့ယောက်ျားတွေက အသိအမှတ်ပြုရကောင်းမှန်း သိရဲ့လား။ တန်ဖိုးထားရကောင်းမှန်း သိရဲ့လား။ ဒီမှာဟေ့ကောင် ... မင်းသိရဲ့လား ... သူတို့ဟာ အတုမရှိတဲ့ ရဲတိုက်တွေကွ...၊ စကြာဝဠာအတွင်းမှာ အတုမရှိတဲ့ ရဲတိုက်တွေ”

ပြောပြောဆိုဆို ... ခရမ်းရောင်က ကျွန်တော့်ရှေ့မှ ဖျတ်ခနဲ ပျောက်ကွယ်သွားတော့သည်။

ကျွန်တော့်အမေ ဒေါ်မြရီနှင့်
အမေအားလုံးသို့ -
နတ်မှူး

Wednesday, August 1, 2007

ထားဝယ်သီချင်းများကို ဒေါင်းလော့ဒ်လုပ်ယူရအောင်

ထားဝယ်ရိုးရာ သီချင်းများနဲ့ ထားဝယ်အကြောင်း စပ်ဆိုထားတဲ့ သီချင်းများကို ဒေါင်းလော့ဒ်လုပ်ယူလိုသူများအတွက် ဒီပို့စ်ကို တင်ပေးထားခြင်းဖြစ်ပါတယ်။ လိုချင်တဲ့ သီချင်းကို အောက်တွင် ဒေါင်းလော့ဒ်လုပ်ယူနိုင်ပါကြောင်း ... ။


(ထားဝယ်သီချင်းများ)

1. ရဟယ်ရှင်
2. ရှင်တောန်းဘောင်
3. ထိထိမထိ သန်းဖောဆိ
4. ပန်းဒတ်အန်း
5. ဆီအိုးဂီး
6. ဆိုဘန်မား
7. မောန်းဂံသူ
8. ဒိုင်လေဒိုင်လေ
9. ညောန်ဗန်ကသေ
10. ဖိုးရှင်ခေ

(ထားဝယ်အကြောင်းသီချင်းများ)

တိုးတက်ဝေစီ တနင်္သာရီ
ရင်ထဲက တနင်္သာရီ
တခိုင်လုံးရွှေ

Thursday, July 26, 2007

ကျေးဇူးကမ္ဘာ

ကျနော် မြန်မာဘလော့ဂ်တခုလုပ်ဖို့ ကြိုးစားနေခဲ့တာ တော်တော်ကြာနေပါပြီ (တခြားဘာသာစကားနဲ့ မရေးတတ်လို့ပါ)။ ဘလော့ဂ်တွေကိုဖတ်ပြီး ဇော်ဂျီဖောင့်နဲ့ ရေးလို့ရတဲ့ နည်းလမ်းတွေကို စမ်းသပ်နေတာလည်း အဆင်မပြေဘဲ ဖြစ်နေပါ တယ်။ ဟိုတနေ့ကမှ ကိုရန်အောင် ဘလော့ဂ်မှာ ဘလော့ဂါလက်စွဲစာအုပ်လေးကို တွေ့လို့ Download လုပ်၊ Print out ပြီးတော့ သေသေချာချာ ဖတ်ကြည့်ပြီး ပြန်လုပ်ကြည့်မှ အခုလို အဆင်ပြေသွားတာပါ။ ဒါတောင် အထစ်အငေါ့လေးတွေက ရှိသေး။ (ကျနော့် ကွန်ပြူတာ Skill ကတော့ အဲလောက်ကောင်းတာ)

အဲဒီ ဘလော့ဂါလက်စွဲ E-book လေးကို စေတန်ဂေါ့က ရေးသားထားတယ်လို့ သိရပါတယ်။ ပြုစုရေးသားထားသူရဲ့ စေတနာက လေးစားစရာပါ။ တကယ်ကို စိတ်ရှည်ရှည်နဲ့ ရှင်းရှင်းလင်းလင်း တဆင့်ချင်း ရေးပြထားတာ တွေ့ရပါတယ်။ ကျနော်တို့လို နည်းပညာပိုင်းဆိုင်ရာ အားနည်းသူတွေ(ကိုယ်ခံစွမ်းအားလည်း မကောင်းပါ)အတွက်တော့ အင်မတန်ကို ဖိုးထိုက်တန်ပါတယ်။ အခုတော့ ဘလော့ဂ်လေးတခု မြန်မာလို ရေးသားနိုင်ပြီပေါ့။

စာအုပ်ရေးသားပြုစုသူ ကိုစေတန်ဂေါ့၊ စာအုပ်ကို လင့်ခ်ချိတ်ပေးထားသူ ကိုရန်အောင်နှင့် စာအုပ်ထဲမှာပါတဲ့ နည်းပညာပိုင်းဆိုင်ရာ ပို့စ်တွေကို တင်ထားပေးတဲ့ ဘလော့ဂါအပေါင်းတို့ကို ကျေးဇူးဥပကာရ တင်ရှိပါကြောင်း…။