Monday, June 14, 2010

ဝေဝေကြွေကြွေ လှတဲ့ တို့တိုင်းပြည်ကလေး....

"ငါ့တိုင်းပြည်လေးကို
လွမ်းတိုင်း ပန်းတစ်ပွင့်ပွင့် မယ်ဆိုရင်တောင်
ငါ့အတွက် ကမ္ဘာမြေပုံဟာ
ပန်းတစ်ခင်း ဖြစ်သွားမှာ သေချာတယ်။

အလွမ်းမိုး သည်းတာကြုံခဲ့ရပြီ။
အလွမ်းနွေ ထွေးတာကြုံခဲ့ရပြီ။
အလွမ်းဆောင်း အေးတာကြုံခဲ့ရပြီ။

အလွမ်းတွေကို မညာချင်တော့ဘူး။
ငါ့တိုင်းပြည်လေးဟာ ငါ့ရဲ့ ကံ
ငါ့တိုင်းပြည်လေးဟာ ငါ့ရဲ့ စိတ်
ငါ့တိုင်းပြည်လေးဟာ ငါ့ရဲ့ ဥတု
ငါ့တိုင်းပြည်လေးဟာ ငါ့ရဲ့ အဟာရ


ငါ့တိုင်းပြည်လေးကြောင့် ငါဟာ သောမနဿ ဝေဒနာ ကိုခံစားခဲ့ရတယ်။
ငါ့တိုင်းပြည်လေးကြောင့် ငါဟာ ဒေါမနဿ ဝေဒနာ ကိုခံစားခဲ့ရတယ်။

အဲဒီမှာ မဂ္ဂင်လမ်းစဉ်တွေ ရှိတယ်။
အဲဒီမှာ အပါယ်လမ်းစဉ်တွေ ရှိတယ်။

မွေးကတည်းကပါလာတဲ့ ဒိဋ္ဌိပိုးတွေရှိတယ်။
အရွယ်ရောက်ရင် ကူးတတ်တဲ့ ဝါဒ ပိုးတွေရှိတယ်။

ရိုးသားကြိုးစားပြီး တိုင်းပြည်ထောင်ခဲ့သူ တစ်ဦးရှိခဲ့တယ်။
မိုက်ရိုင်းထွားကြိုင်းပြီး တိုင်းပြည်ဖျက်ခဲ့သူ တစ်ဦးရှိခဲ့တယ်။

လူတွေ ချစ်လွန်းလို့ အိမ်အပြင် ထွက်ခွင့် မရတဲ့သူတစ်ဦး လည်းရှိနေတယ်။
လူတွေ ရွံ့မုန်းလွန်းလို့ အိမ်အပြင် မထွက် ရဲတဲ့သူတစ်ဦး လည်းရှိနေတယ်။

ဒီမိုကရေစီ ဆိုတဲ့ စနစ်ကောင်းတခု ကာလတိုကလေး ရှိခဲ့တယ်။
စစ်အာဏာရှင် ဆိုတဲ့ စနစ်ဆိုးတခု ကာလရှည်စွာ ရှိနေတယ်။

တရားဖက်လို့ သစ္စာမြဲသူတွေရှိတယ်။
တရားမဖက်လို့ သစ္စာဖောက်သူတွေရှိတယ်။

အသံကျယ်တဲ့ ကုန်ဈေးနှုန်းတွေရှိတယ်။
အသံမမြည်တဲ့ အမှန်တရားတွေရှိတယ်။

ထိုင်နေရင်း ငွေသီးတဲ့ အသိုင်းအဝိုင်းတွေ လည်းရှိနေတယ်။
ဖောင်စီးရင်း ရေငတ်နေတဲ့ အသိုင်းအဝိုင်းတွေ လည်းရှိနေတယ်။

အချိန်မတန် ခူးခြွေခံလိုက်တဲ့ ပန်းကလေးတွေလည်းရှိတယ်။
အနှစ်သာရပြည့်ဝပေမယ့် လူကြိုက်နည်းတဲ့ သစ်သီးလေးတွေလည်းရှိတယ်။

စစ်ဘိနပ်သံတွေ ညံနေပေမယ့် ငါ့တို့ရဲ့ ဂီတသံကိုဘဲ ကြားနေချင်တယ်။
ယမ်းငွေ့တွေဝေနေပေမယ့် ငါတို့ရဲ့မြေသင်းနံ့လေးကိုဘဲ ရှုရှိုက်ချင်တယ်။

ငါ့စိတ်ဝိညာဉ်ဟာ ငါတို့တိုင်းပြည်လေးရဲ့
လေ ထဲမှာလည်းရှိတယ်။
ရေ ထဲမှာလည်းရှိတယ်။
မြေ ထဲမှာလည်းရှိတယ်။

အသည်းခိုက်အောင် နာကျင်စရာရှိတာတောင်
ငါ့တိုင်းပြည်လေးကို
အရိုးသားဆုံး နဲ့ အပြုံးလက်ဆောင်ပေးမယ်။ို

အဆုံးစွန်ဆုံး ပြောရရင်
ခမ်းနားတဲ့ အတ္တနဲ့ တည်ဆောက်ထားတဲ့
ငါ့ရဲ့.....နန်းတော်တမျှ စိတ်ဓါတ်တွေ
အခုတော့.......
ငါ့တို့ရဲ့ တိုင်းပြည်လေး ဆိုတဲ့
အသိစိတ်ကလေးကြောင့်
ပြိုပျက်ရတော့မလိုပါလား။ ။
္လ္လ
ဝဿန်မိုး
(၁၂.ဇွန်လ.၂၀၁၀)

(အီးမေးလ်ထဲသို့ မျှဝေလာသည့် ကဗျာတပုဒ်ဖြစ်ပါတယ်။ ကြိုက်လွန်း၍ ပြန်လည်မျှဝေလိုက်ပါတယ်။)

Thursday, June 3, 2010

ထားဝယ်အမျိုးသားနေ့ ဘန်းဒုန်ယမ်းတွင် ကျင်းပ


လေးကြိမ်မြောက် ထားဝယ်အမျိုးသားနေ့ကို ဘန်းဒုန်ယမ်းမြန်မာဒုက္ခသည်စခန်း၌ ယနေ့နံနက်တွင်ကျင်းပခဲ့သည်။

ယင်းအခမ်းအနားသို့ ထားဝယ်အမျိုးသားနှစ်ရာကျော်တက်ရောက်ခဲ့ပြီး စခန်းတွင်နေထိုင်ကြသည့် မွန်၊ ဗမာ၊ ကရင်တိုင်းရင်းသားများ တက်ရောက်ခဲ့သည်ကိုလည်း မြင်တွေ့ခဲ့ရသည်။


အခမ်းအနားဖြစ်မြောက်ရေးစီစဉ်သူ ကိုဘထူးလေးက “ဒီနှစ်မှာတော့ အရင်နှစ်ထက်ပိုထူးခြားလာတာက ပြည်ပနိုင်ငံတွေမှာလည်း ကျင်းပမယ့်သတင်း ကျနော်တို့ကြားသိခဲ့ရပါတယ်” ဟု ဆိုပါသည်။

သူ့အပြောအရ ဗမာ့တပ်မတော်တွင်ထင်ရှားသူ ထားဝယ်အမျိုးသားဗိုလ်မှူးကြီးဗထူး ကွယ်လွန်သည့်နေ့ရက်ကို ထားဝယ်အမျိုးသားနေ့အဖြစ်သတ်မှတ်ခဲ့သည်။

ဗိုလ်မှူးကြီးဗထူးသည် ဖက်ဆစ်ဂျပန်ခေတ်တွင် ငှက်ဖျားရောဂါဖြင့် မြန်မာပြည်အထက်ပိုင်း ဒေသတစ်နေရာ၌ ၁၉၄၅ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်ဟု သိရသည်။


ယခုထားဝယ်အမျိုးသားနေ့တွင် ဗိုလ်မှူးကြီးဗထူး ရုပ်ပုံပါတီရှပ်အင်္ကျီများ ဖြတ်ဝေခဲ့သည်လည်း တွေ့ရှိရသည်။

မြန်မာစစ်အစိုးရမှ ထားဝယ်ဒေသများအတွင်း ဓါတ်ငွေ့ပိုက်လိုင်းသွယ်တန်းမှုကြောင့် ဒေသခံများ ဘန်းဒုန်းယမ်းဒုက္ခသည်စခန်းသို့ ထွက်ပြေးလာကြခြင်းဖြစ်သည်ဟု စခန်းနေထားဝယ်အမျိုးသားများက ပြောဆိုနေကြသည်။

ဘန်းဒုန်ယမ်းဒုက္ခသည်စခန်းတွင် ဒုက္ခသည်ဦးရေ လေးထောင်ကျော်ရှိရာ တတိယနိုင်ငံသို့ထွက်ခွာရန် စောင့်ဆိုင်းနေသူများဟု သိရသည်။

မူရင်းသတင်း - http://freeburma-freeburma.blogspot.com/2010/06/blog-post_4882.html

ဆက်စပ်သတင်း - http://monnews.org/bu/?p=137