Monday, June 14, 2010

ဝေဝေကြွေကြွေ လှတဲ့ တို့တိုင်းပြည်ကလေး....

"ငါ့တိုင်းပြည်လေးကို
လွမ်းတိုင်း ပန်းတစ်ပွင့်ပွင့် မယ်ဆိုရင်တောင်
ငါ့အတွက် ကမ္ဘာမြေပုံဟာ
ပန်းတစ်ခင်း ဖြစ်သွားမှာ သေချာတယ်။

အလွမ်းမိုး သည်းတာကြုံခဲ့ရပြီ။
အလွမ်းနွေ ထွေးတာကြုံခဲ့ရပြီ။
အလွမ်းဆောင်း အေးတာကြုံခဲ့ရပြီ။

အလွမ်းတွေကို မညာချင်တော့ဘူး။
ငါ့တိုင်းပြည်လေးဟာ ငါ့ရဲ့ ကံ
ငါ့တိုင်းပြည်လေးဟာ ငါ့ရဲ့ စိတ်
ငါ့တိုင်းပြည်လေးဟာ ငါ့ရဲ့ ဥတု
ငါ့တိုင်းပြည်လေးဟာ ငါ့ရဲ့ အဟာရ


ငါ့တိုင်းပြည်လေးကြောင့် ငါဟာ သောမနဿ ဝေဒနာ ကိုခံစားခဲ့ရတယ်။
ငါ့တိုင်းပြည်လေးကြောင့် ငါဟာ ဒေါမနဿ ဝေဒနာ ကိုခံစားခဲ့ရတယ်။

အဲဒီမှာ မဂ္ဂင်လမ်းစဉ်တွေ ရှိတယ်။
အဲဒီမှာ အပါယ်လမ်းစဉ်တွေ ရှိတယ်။

မွေးကတည်းကပါလာတဲ့ ဒိဋ္ဌိပိုးတွေရှိတယ်။
အရွယ်ရောက်ရင် ကူးတတ်တဲ့ ဝါဒ ပိုးတွေရှိတယ်။

ရိုးသားကြိုးစားပြီး တိုင်းပြည်ထောင်ခဲ့သူ တစ်ဦးရှိခဲ့တယ်။
မိုက်ရိုင်းထွားကြိုင်းပြီး တိုင်းပြည်ဖျက်ခဲ့သူ တစ်ဦးရှိခဲ့တယ်။

လူတွေ ချစ်လွန်းလို့ အိမ်အပြင် ထွက်ခွင့် မရတဲ့သူတစ်ဦး လည်းရှိနေတယ်။
လူတွေ ရွံ့မုန်းလွန်းလို့ အိမ်အပြင် မထွက် ရဲတဲ့သူတစ်ဦး လည်းရှိနေတယ်။

ဒီမိုကရေစီ ဆိုတဲ့ စနစ်ကောင်းတခု ကာလတိုကလေး ရှိခဲ့တယ်။
စစ်အာဏာရှင် ဆိုတဲ့ စနစ်ဆိုးတခု ကာလရှည်စွာ ရှိနေတယ်။

တရားဖက်လို့ သစ္စာမြဲသူတွေရှိတယ်။
တရားမဖက်လို့ သစ္စာဖောက်သူတွေရှိတယ်။

အသံကျယ်တဲ့ ကုန်ဈေးနှုန်းတွေရှိတယ်။
အသံမမြည်တဲ့ အမှန်တရားတွေရှိတယ်။

ထိုင်နေရင်း ငွေသီးတဲ့ အသိုင်းအဝိုင်းတွေ လည်းရှိနေတယ်။
ဖောင်စီးရင်း ရေငတ်နေတဲ့ အသိုင်းအဝိုင်းတွေ လည်းရှိနေတယ်။

အချိန်မတန် ခူးခြွေခံလိုက်တဲ့ ပန်းကလေးတွေလည်းရှိတယ်။
အနှစ်သာရပြည့်ဝပေမယ့် လူကြိုက်နည်းတဲ့ သစ်သီးလေးတွေလည်းရှိတယ်။

စစ်ဘိနပ်သံတွေ ညံနေပေမယ့် ငါ့တို့ရဲ့ ဂီတသံကိုဘဲ ကြားနေချင်တယ်။
ယမ်းငွေ့တွေဝေနေပေမယ့် ငါတို့ရဲ့မြေသင်းနံ့လေးကိုဘဲ ရှုရှိုက်ချင်တယ်။

ငါ့စိတ်ဝိညာဉ်ဟာ ငါတို့တိုင်းပြည်လေးရဲ့
လေ ထဲမှာလည်းရှိတယ်။
ရေ ထဲမှာလည်းရှိတယ်။
မြေ ထဲမှာလည်းရှိတယ်။

အသည်းခိုက်အောင် နာကျင်စရာရှိတာတောင်
ငါ့တိုင်းပြည်လေးကို
အရိုးသားဆုံး နဲ့ အပြုံးလက်ဆောင်ပေးမယ်။ို

အဆုံးစွန်ဆုံး ပြောရရင်
ခမ်းနားတဲ့ အတ္တနဲ့ တည်ဆောက်ထားတဲ့
ငါ့ရဲ့.....နန်းတော်တမျှ စိတ်ဓါတ်တွေ
အခုတော့.......
ငါ့တို့ရဲ့ တိုင်းပြည်လေး ဆိုတဲ့
အသိစိတ်ကလေးကြောင့်
ပြိုပျက်ရတော့မလိုပါလား။ ။
္လ္လ
ဝဿန်မိုး
(၁၂.ဇွန်လ.၂၀၁၀)

(အီးမေးလ်ထဲသို့ မျှဝေလာသည့် ကဗျာတပုဒ်ဖြစ်ပါတယ်။ ကြိုက်လွန်း၍ ပြန်လည်မျှဝေလိုက်ပါတယ်။)

Thursday, June 3, 2010

ထားဝယ်အမျိုးသားနေ့ ဘန်းဒုန်ယမ်းတွင် ကျင်းပ


လေးကြိမ်မြောက် ထားဝယ်အမျိုးသားနေ့ကို ဘန်းဒုန်ယမ်းမြန်မာဒုက္ခသည်စခန်း၌ ယနေ့နံနက်တွင်ကျင်းပခဲ့သည်။

ယင်းအခမ်းအနားသို့ ထားဝယ်အမျိုးသားနှစ်ရာကျော်တက်ရောက်ခဲ့ပြီး စခန်းတွင်နေထိုင်ကြသည့် မွန်၊ ဗမာ၊ ကရင်တိုင်းရင်းသားများ တက်ရောက်ခဲ့သည်ကိုလည်း မြင်တွေ့ခဲ့ရသည်။


အခမ်းအနားဖြစ်မြောက်ရေးစီစဉ်သူ ကိုဘထူးလေးက “ဒီနှစ်မှာတော့ အရင်နှစ်ထက်ပိုထူးခြားလာတာက ပြည်ပနိုင်ငံတွေမှာလည်း ကျင်းပမယ့်သတင်း ကျနော်တို့ကြားသိခဲ့ရပါတယ်” ဟု ဆိုပါသည်။

သူ့အပြောအရ ဗမာ့တပ်မတော်တွင်ထင်ရှားသူ ထားဝယ်အမျိုးသားဗိုလ်မှူးကြီးဗထူး ကွယ်လွန်သည့်နေ့ရက်ကို ထားဝယ်အမျိုးသားနေ့အဖြစ်သတ်မှတ်ခဲ့သည်။

ဗိုလ်မှူးကြီးဗထူးသည် ဖက်ဆစ်ဂျပန်ခေတ်တွင် ငှက်ဖျားရောဂါဖြင့် မြန်မာပြည်အထက်ပိုင်း ဒေသတစ်နေရာ၌ ၁၉၄၅ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်ဟု သိရသည်။


ယခုထားဝယ်အမျိုးသားနေ့တွင် ဗိုလ်မှူးကြီးဗထူး ရုပ်ပုံပါတီရှပ်အင်္ကျီများ ဖြတ်ဝေခဲ့သည်လည်း တွေ့ရှိရသည်။

မြန်မာစစ်အစိုးရမှ ထားဝယ်ဒေသများအတွင်း ဓါတ်ငွေ့ပိုက်လိုင်းသွယ်တန်းမှုကြောင့် ဒေသခံများ ဘန်းဒုန်းယမ်းဒုက္ခသည်စခန်းသို့ ထွက်ပြေးလာကြခြင်းဖြစ်သည်ဟု စခန်းနေထားဝယ်အမျိုးသားများက ပြောဆိုနေကြသည်။

ဘန်းဒုန်ယမ်းဒုက္ခသည်စခန်းတွင် ဒုက္ခသည်ဦးရေ လေးထောင်ကျော်ရှိရာ တတိယနိုင်ငံသို့ထွက်ခွာရန် စောင့်ဆိုင်းနေသူများဟု သိရသည်။

မူရင်းသတင်း - http://freeburma-freeburma.blogspot.com/2010/06/blog-post_4882.html

ဆက်စပ်သတင်း - http://monnews.org/bu/?p=137

Friday, May 28, 2010

လူငယ်၊ ဘလော့ခ်နှင့် လူထုဂျာနယ်လစ်

"စာနယ်ဇင်း ကျင့်ဝတ်တွေ ရေးခဲ့သလို ဘလော့ခ်ဂါ ကျင့်ဝတ်ဆိုပြီး ရေးပါဦး ခင်ဗျ။ အခု ဘလော့ခ်တွေ သိပ်များလာပြီး တချို့က မဟုတ်မဟတ်တွေချည့် ရေးနေကြတယ်"

လူငယ် စာနယ်ဇင်းသမားလေး တစု ရောက်လာပြီး ပြောလိုက်တာ ဖြစ်ပါတယ်။ စာနယ်ဇင်း ကျင့်ဝတ်တွေ အကြောင်း အမြဲလိုလို ရေးနေတာကြောင့် ခုလို ပြောလိုက်တာပါ။ အင်တာနက် ဝက်ဘ်ဆိုက်တွေ ဘလော့ခ်တွေကို စောင့်ကြည့်ဖတ်႟နေသူ ဖြစ်တော့ သူတို့ပြောသလို ဘလော့ခ်တွေ သောင်းချီ ရှိနေတာ တွေ့ရပါတယ်။ အတော်များများကလည်း မဖွယ်မရာတွေ ဖြစ်ပါတယ်။ တချို့ဆို ညစ်ညမ်းတာတွေ ဖြစ်ပါတယ်။

လူထု ဂျာနယ်လစ်တွေ
ဘလော့ခ် ဆိုတာတွေ ပေါ်ပေါက်လာတာ သိပ်မကြာလှသေးပါဘူး။ ကွန်ပြူတာ သုံးနိုင်သူတိုင်း ကိုယ်ပိုင်ဘလော့ခ်တွေ လုပ်လို့ရတာကြောင့် အချိန်ပေးနိုင်သူတိုင်း၊ ဝါသနာပါသူတိုင်း ဘယ်သူမဆို လုပ်နိုင်ကြပါတယ်။ အထူးသဖြင့် လူငယ်လေးတွေက အများဆုံး လုပ်ကြပါတယ်။ တချို့က သတင်းတွေ ဖလှယ်ကြတယ်။ တချို့က ဖျော်ဖြေရေး အတွက်၊ တချို့က ပညာရေးအတွက် လုပ်ကြတယ်။ လူတိုင်း လုပ်လို့ရတာကြောင့် ဒီလိုလုပ်တဲ့ ဘလော့ခ်ခ်ဂါတွေကို တချို့က 'လူထု ဂျာနယ်လစ်' (Citizen Journalist) လို့ အမည်တပ်ပေး ကြတယ်။ စစချင်းတော့ အပျော် လုပ်ကြတာပါ။ လုပ်ရင်း လုပ်ရင်းနဲ့ နောက်တော့ တကယ်ဝါသနာပါသွားပြီး၊ တကယ်ကို ပုံမှန် ဘလော့ခ်ခ်တွေ ထောင်ပြီး သတင်း အလုပ်လုပ်တဲ့ ဘလော့ခ်ခ်ဂါတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

ရင်ဖွင့်နေရာ

ဘလော့ခ်ဂါတွေဟာ အများအားဖြင့် လူငယ်လေးတွေ ဖြစ်ကြတယ်။ တချို့က သတင်းအလုပ်ကို ဝါသနာပါလို့ လုပ်ကြတာ။ တမင်တကာကို မဟုတ်မဟတ် မတော်မလျှော်တွေ လုပ်သူအချို့လည်း ရှိပါတယ်။ ဒါပေမဲ့ သောင်းချီနေတဲ့ ဘလော့ခ်ခ်တွေထဲမှာ သိပ်အများ ကြီးတော့ မဟုတ်ပါဘူး အများစုကတော့ လူငယ်လေးတွေ အပျှော်တမ်း လုပ်ကြတာမို့ သင့် မသင့်၊ တော် မတော်၊ တင့်တယ်၏ မတင့်တယ်၏၊ မစဉ်းစားတတ်လို့ မလျှော်မကန် ဖြစ်နေတာတွေသာ ဖြစ်ပါတယ်။ ဘလော့ခ်ခ် အင်တာနက်တို့ဆိုတာတွေကို စပြီး သုံး နိုင်ကြတာ ဘာမှ မကြာသေးပါဘူး။ ဒီတော့ လူငယ်လေးတွေ အဖို့ ကစားစရာ အရုပ်ရသလို ဆော့လို့၊ ကစားလို့ အားမရနိုင်အောင် ဖြစ်ကြတာ သဘာဝကျပါတယ်။

စမ်းသပ်မှုတွေ့ရှိတယ်

ကွန်ပြူတာ အင်တာနက် ဆိုတာကလည်း ကစားစရာ အသစ်အဆန်း၊ ဘလော့ခ်ခ်ဂါတွေ အများစုကလည်း လူငယ်လေးတွေ ဖြစ်နေတာကြောင့် ကျင့်ဝတ်တွေဘာတွေ ပြောပြီး မ'ဟန့်' ချင်ပါဘူး။ လူငယ်လေးတွေ လွတ်လွတ်လပ်လပ် ရင်ဖွင့်စေချင်တယ်။ အဲဒါ ကြောင့် အသစ်အဆန်းကို စမ်းသပ်နေကြတဲ့ လူငယ်တွေကို တားဆီး ချုပ်ချယ် မလုပ်ချင်ဘူး။ စမ်းသပ်မှုတွေ့ရှိနိုင်တယ်။ ဘာမှ မစမ်းသပ်ရင် ဘာမှမတွေ့နိုင်ဘူး။ ဘာမှ မတွေ့ရင် ဘယ်လိုလုပ်ပြီး တိုးတတ်မှာလဲ။

မရှိမဖြစ် အာနဲ့ ဒီ

တိုင်းပြည် တိုးတက်ဖို့ ဆိုရင် အသစ်အဆန်းတွေ စမ်းသပ် ရှာဖွေနေဖို့ လူငယ်တွေကို အားပေးရပါမယ်။ လိုအပ်တာတွေကိုလည်း ဖြည့်ဆည်း ပေးရပါမယ်။ ထွန်းကား တိုးတတ်တဲ့ နိုင်ငံတိုင်းမှာ သုတေသနနဲ့ ဖွံ့ဖြိုးရေး (Research and Development) လုပ်ငန်းကို အစိုးရတွေက လုပ်ကိုင်ရုံသာမက၊ စီးပွားရေး လုပ်ငန်းကြီးတိုင်းမှာလည်း 'R & D' (အာနဲ့ ဒီ) ဆိုတဲ့ ဌာနတွေကို ငွေကြေး အများကြီး အကုန်ကျခံပြီး လုပ်ဆောင်ကြပါတယ်။ စာသင်နှစ် တနှစ် ပြီးဆုံးတော့မယ် ဆိုရင် ကုမ္ပဏီကြီးတွေက တက္ကသိုလ် ကျောင်းတွေမှာ သွားပြီး ထူးချွန် ထက်မြက်တဲ့ ကျောင်းသားတွေကို မက်လုံး အမျိုးမျိုးပေးပြီး စည်းရုံးခေါ်လေ့ ရှိပါတယ်။ လူငယ်တွေရဲ့ အစွမ်းအစကို ယုံကြည် အားထားတဲ့ သဘော ဖြစ်တယ်။

ယုံကြည်မှုအရေးကြီးဆုံး

ကိုယ့်ကို ယုံကြည် စိတ်ချစွာနဲ့ တာဝန် တခုခု ပေးအပ်တယ် ဆိုရင်၊ ကိုယ့်ဘက်ကလည်း တာဝန်ကျေအောင် မဖြစ်မနေ ကြိုးစား လုပ်ဆောင် ပြချင်တတ်တာဟာ လူ့သဘာဝ ဖြစ်တယ်။ 'ယုံကြည်မှု' ဆိုတာ လူ့အဖွဲ့အစည်း အတွင်းမှာ အင်မတန် အရေးပါတဲ့ အရာတခု ဖြစ်တယ်။ လူတဦးနဲ့ တဦး ယုံကြည်မှုအပြန်အလှန်ရှိမှု ခင်မင်ရင်းနှီးတဲ့ ဆက်ဆံမှု ရှိနိုင်တယ်။ နိုင်ငံ တနိုင်ငံနဲ့ တနိုင်ငံ၊ လူမျိုး တမျိုးနဲ့ တမျိုးလည်း အပြန်အလှန် ယုံကြည်မှု ရှိကြပါမှ ချစ်ကြည် ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင်လို့ ရနိုင်တယ်။ တဦးနဲ့ တဦးကြားမှာ ယုံကြည်မှု ပျက်ယွင်းသွားပြီ ဆိုရင်တော့ စစ်မှန်တဲ့ ရင်းနှီးချစ်ခင်မှုကို ဘယ်လိုနည်းနဲ့မှ တည်ဆောက်လို့ မရနိုင်ပါဘူး။

လူငယ်စွမ်းအား အဓိက

နိုင်ငံတခု တိုးတတ် ထွန်းကားအောင် တည်ထောင်ဖို့ လူငယ်တွေရဲ့ စွမ်းအားဟာ အဓိက ကျပါတယ်။ ဘာကြောင့်လဲ ဆိုတော့ လူငယ်တွေမှာမှ ထက်သန်တဲ့ အားမာန်တွေ ရှိပါတယ်။ အထူးသဖြင့် ခုခေတ်ကို နည်းပညာတွေ တဟုန်ထိုး တိုးတက်နေတဲ့ ခေတ်ကို လူငယ်တွေမှပဲ အမီလိုက်နိုင်မှာ ဖြစ်တယ်။ လူကြီး ဆိုတာက စိတ်သွားတိုင်း ကိုယ်ပါနိုင်တော့တာ မဟုတ်ဘူး။ အသစ်အဆန်းတွေ ရှာဖွေ စမ်းသပ်တဲ့ အလုပ်မျိုးတွေကို လူငယ်တွေပဲ ရှေ့က ဦးဆောင် လုပ်ကိုင်ကြပါစေ။
x x x x x


လူထုစိန်ဝင်း
ရနံ့သစ် မဂ္ဂဇင်း၊ အမှတ် (၉)၊ စက်တင်ဘာ ၂၀၀၉ ခုနှစ်၊


* နေ့သစ်ဝက်ဘ်ဆိုက် မှ ဖတ်ရှုမိ၍ ပြန်လည်မျှဝေသည်။

Thursday, January 21, 2010

ရိုးတိုးရိပ်တိပ် မျှော်လင့်လာရတဲ့ အစုအပြုံလိုက် ပြန်ပို့မှု

ဘာသာပြန်သူ - စိုးနေလင်း
တနင်္လာနေ့၊ ဇန်နဝါရီလ ၁၈ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၂၇ မိနစ်

(၂ဝ၁ဝ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့ထုတ် Bangkok Post မှ Sanitsuda Ekachi ရဲ့The looming prospectof massive deportation ကို ဘာသာပြန်ဆိုပါသည်။) - (ဓာတ်ပုံ - ရောင်ခြည်ဦး)


တကယ်လို့ အဖြေက “ကောင်းပါပြီ” ဆိုရင်တောင် ဘရုတ်သုတ်ခ ဖြစ်နေတဲ့ တရားမဝင် ရွှေ့ပြောင်း အလုပ်သမား အခြေအနေဟာ သိပ်ပြီး ကောင်းလာမှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အဖြေက သိပ်ကြောက်စရာကောင်းတဲ့ “မရပါဘူး” ဆိုရင်တော့ ဒီဘရုတ်သုတ်ခအဖြစ်ဟာ ပိုပြီး ဆိုးဝါးလာပါလိမ့်မယ်။ ကျမပြောနေတာက ဆိုင်းငံ့ထားတဲ့ အိမ်နီးချင်းနိုင်ငံတွေက သန်းပေါင်းများစွာရှိတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကို စနစ်တကျ၊ စည်းကမ်းတကျ ထိန်းချုပ်ဖို့ လုပ်ဆောင်နေတဲ့ အမျိုးသား စီမံဆောင်ရွက်မှုသစ်ရဲ့ ကန့်သတ်ကာလကို တိုးချဲ့ပေးဖို့၊ မပေးဖို့ အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ပြောတာပါ။

အစိုးရက လွန်ခဲ့တဲ့နှစ်က လမ်းပေါက်တွေ ပွနေတဲ့၊ နယ်စပ်တလျှောက်က ထိုးဖောက်ဝင်ရောက် လာနေကြတဲ့လော၊ ကဗ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံတွေက ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ တရားမဝင် ဝင်ရောက်နေမှုကို ရပ်ဆိုင်းပစ်လိုက်ဖို့ မျှော်လင့်ချက်နဲ့ နှစ်အလိုက် လုပ်ပေးနေတဲ့ ရွှေ့ပြောင်းအလုပ်သမား မှတ်ပုံတင်မှုကို ရပ်ပစ်တော့မယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီလို မှတ်ပုံတင်ပေးနေမှုအစား သူတို့ရဲ့ မူလနိုင်ငံတွေက နိုင်ငံသားစိစစ်မှုကို လုပ်ပေး၊ နိုင်ငံကူးလက်မှတ် ထုတ်ပေးရမှာ ဖြစ်ပြီး အဲဒီ ရလာတဲ့ နိုင်ငံကူးလက်မှတ်နဲ့ အလုပ်သမားတွေက ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့်ကို လျှောက်ထားကြရမှာ ဖြစ်ပါတယ်။ တကယ်လို့ အလုပ်သမားတွေက နိုင်ငံသား စိစစ်မှုကို ကန့်သတ်ကာလဘောင်အတွင်း မီအောင်မလုပ်နိုင်ကြဘူးဆိုရင် အဲဒီအလုပ်သမားတွေဟာ အဖမ်းအဆီးခံ နိုင်ငံကို ပြန်ပို့ခံရမှာ ဖြစ်ပါတယ်။ အစိုးရက သူတို့ရဲ့ တောင်းဆိုမှုအတွက် သန်းပေါင်းများစွာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို အချိန်ကာလ တနှစ်ပဲ ခွင့်ပြုခဲ့ပါတယ်။ အဲဒီကန့်သတ်ကာလဟာ အခုချိန်မှာ ကျမတို့နိုင်ငံရဲ့တံခါးကို လာခေါက်နေပါပြီ။

ကျမတို့ အခုကြုံတွေ့ရမယ့် အဖြစ်ကတော့ ၂ သန်းကျော်ရှိနေတဲ့ လူတွေကို အစုလိုက်အပြုံလိုက် ပြန်ပို့ရမယ့် အဖြစ်ပါပဲ။ ရွှေ့ပြောင်းနေထိုင်သူများ တရားမျှတမှု အစီအစဉ် (Migrant Justice Programme) ရဲ့ ညွှန်ကြားရေးမှူး အင်ဒီဟောလ် (Andy Hall) ရဲ့ အဆိုအရ ၇ဝဝဝဝ ကျော်ရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတချို့ဟာ သတင်းတပတ်လောက်ပဲ လိုတော့တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ကုန်ဆုံးတော့မယ့် သူတို့ရဲ့ အလုပ်သမားလက်မှတ်အရ အစုလိုက်အပြုံလိုက် တိုင်းပြည်ပြန်ပို့ခံရမယ့်အဖြစ်ကို ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။ ကျန်တဲ့ခန့်မှန်းခြေ ၉၃ဝဝဝဝ လောက်ရှိတဲ့ မှတ်ပုံတင်ပြီး အလုပ်သမားတွေအတွက်ကတော့ သူတို့ရဲ့ အလုပ်သမားလက်မှတ် သက်တန်းကုန်ဆုံးမယ့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ပြီးရင် ဒီအဖြစ်နဲ့ ရင်ဆိုင်ကြရပါလိမ့်မယ်။

ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာအဖွဲ့ (International Organization for Migration) ရဲ့ အဆိုအရ ၂ဝဝ၉ ခုနှစ်အတွင်း ထိုင်းနိုင်ငံမှာ တရားဝင် မှတ်ပုံတင်ထားကြတဲ့ အလုပ်သမားပေါင်း ၁,၁၇၄,၇၁၆ ဦး ရှိပါတယ်။ အဲဒီအလုပ်သမား ဦးရေရဲ့ ၈ဝ % ဟာ မြန်မာနိုင်ငံက ဖြစ်တဲ့အတွက် နိုင်ငံသား စိစစ်ရေးလုပ်ငန်းရဲ့ အောင်မြင်မှုဟာ မြန်မာနိုင်ငံပေါ်မှာ မူတည်နေပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ် ကုန်လွန်ချိန်အထိ မြန်မာနိုင်ငံက လျှောက်ထားသူ ၅ဝဝဝ-၆ဝဝဝ လောက်ကိုပဲ စိစစ်ပေးနိုင်ခဲ့ပါသေးတယ်။ မြန်မာနိုင်ငံရဲ့ ကြိုးနီစနစ်နဲ့ ခြစားလောက်ကိုက်မှုတွေကြောင့် အရမ်းနှေးကွေးလှတဲ့ စိစစ်ဆောင်ရွက်မှု လုပ်ငန်းစဉ်ဟာ တခုတည်းသော အဟန့်အတား၊ အနှောက်အယှက်တော့လည်း မဟုတ်ပါဘူး။ လောနဲ့ ကဗ္ဘောဒီးယား နိုင်ငံတွေက နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ် လျင်မြန်လာဖို့အတွက် သူတို့နိုင်ငံတွေက အာဏာပိုင်အရာရှိတွေကို ထိုင်းနိုင်ငံကို စေလွှတ်ပေးဖို့ သဘောတူညီထားခဲ့ပြီးဖြစ်ပေမယ့် မြန်မာနိုင်ငံကတော့ အဲဒီလို စေလွှတ်ပေးဖို့ကို ငြင်းဆန်ခဲ့ပါတယ်။

သူတို့က အလုပ်သမားတွေကို သူတို့ကိုယ်တိုင် မြန်မာနိုင်ငံထဲ ပြန်ဝင်ပြီး လုပ်ဆောင်ကြဖို့ ဒါမှမဟုတ် ပွဲစားတွေကတဆင့် လုပ်ဖို့ပဲ ပြောဆို တိုက်တွန်း နေပါတယ်။ အဲဒီနိုင်ငံကူးလက်မှတ်အတွက် ပေးသွင်းရမယ့် အခကြေးငွေကို ထိုင်းဘတ်ငွေ ၅ဝဝ အထိ လျှော့ချ ပေးလိုက်ပေမယ့် အလုပ်သမားတွေအတွက်ကတော့ သက်ဆိုင်ရာ တာဝန်ရှိအရာရှိတွေရဲ့ လက်မှတ်ကိုရဖို့ မတန်တဆပေးပြီး လုပ်နေကြရဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း လိမ်လည်လှည့်စားမှုတွေက များလှတဲ့ အတွက် အလုပ်သမား တော်တော်များများရဲ့ သူတို့ ခက်ခက်ခဲခဲ၊ ပင်ပင်ပန်းပန်း ရှာဖွေထားခဲ့ရတဲ့ လုပ်အားခငွေတွေဟာ ပွဲစားတွေရဲ့ လက်ထဲမှာ ဆုံးရှုံးရမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

အရေးယူအပြစ်ပေးခံရမှာကို ကြောက်ရွံ့စိုးရိမ်မှုဟာလည်း အလုပ်သမားအတော်များများက အဲဒီနိုင်ငံသား စိစစ်ရေးလုပ်ငန်းနဲ့ ကင်းကင်းရှင်းရှင်း နေကြဖို့ ရွေးချယ်ရတဲ့ အကြောင်းတချက် ဖြစ်ပါတယ်။ ရွှေ့ပြောင်းအလုပ်သမား အများစုကြီးဟာ စစ်အစိုးရရဲ့ ရက်ရက်စက်စက်၊ ကြမ်းကြမ်းတမ်းတမ်း ဖိနှိပ်မှုအောက်ကနေ ထွက်ပြေးလာခဲ့ကြတဲ့ ရှမ်း၊ ကရင်နဲ့ မွန် တိုင်းရင်းသားလူမျိုးစုတွေ ဖြစ်ကြပါတယ်။ သူတို့က သူတို့ကိုယ်တိုင် မြန်မာနိုင်ငံထဲသွားပြီး စာရင်းပေးမယ်ဆိုရင် ပြည်တွင်းထဲမှာ နေထိုင်ကျန်ရစ်ခဲ့ကြတဲ့ သူတို့ရဲ့ မိသားစု တွေကိုစစ်အစိုးရက အပြစ်ဒဏ်ပေးမှာ ခြိမ်းခြောက်ငွေညှစ်မှာကို စိုးရိမ်ကြောက်ရွံ့ကြပါတယ်။

ကန့်သတ်ချိန်ဟာ မအောင်မြင်နိုင်တော့တာကို သိတဲ့အတွက် နိုင်ငံခြားသား အလုပ်သမား စီမံကွပ်ကဲရေးကော်မီတီ (Alien Workers Management Committee) က နိုင်ငံသား စိစစ်ရေးအတွက် ကန့်သတ်ချိန်ကို နောက်ထပ် ၂ နှစ် တိုးပေးဖို့ အစိုးရအဖွဲ့ရဲ့ သဘောတူခွင့်ပြုမှုကို တောင်းခံခဲ့ပါတယ်။ အစိုးရအဖွဲ့က အဲဒီတောင်းဆိုမှုကို အခုထိ ဘာမှ မတုံ့ပြန်ခဲ့သေးပါဘူး။ ဒါပေမဲ့ အစိုးရအဖွဲ့ရဲ့ အဲဒီသဘောတူခွင့်ပြုမှုကရော တရားမဝင် အလုပ်သမားပြဿနာ နိဂုံးချုပ်ရေးကို လောက်လောက်လားလား အကူအညီ ဖြစ်စေ နိုင်ပါ့မလား။

အခု မြန်မာနိုင်ငံအစိုးရ အလုပ်လုပ်နေတဲ့ နှုန်းအတိုင်းဆိုရင် နောက်ထပ် အပိုဆောင်း ၂ နှစ်မှာ တရားဝင်အလုပ်လုပ်ခွင့် ရရှိရမယ့် မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမား တသန်းလောက်ထဲက ၁၂ဝဝဝ လောက်ပဲ စိစစ်ခွင့်ပြုပေးနိုင်မှာ ဖြစ်ပါတယ်။

အဲဒီကိစ္စကို ကျမတို့အနေနဲ့ ရယ်မောပစ်သင့်ပါသလား၊ ဒါမှမဟုတ် ငိုကြွေးသင့်ပါသလား။ တကယ်လို့ ထူးထွေအံ့မခန်း အဖြစ်မျိုးနဲ့ တွေ့ကြုံရပြီး အဲဒီအနှောင့်အယှက်၊ အဟန့်အတားတွေကို ဖယ်ရှားရှင်းလင်းပစ်နိုင်တယ် ဆိုရင်တောင် နောက်ထပ် အနိုင်ကျင့်၊ ခေါင်းပုံဖြတ်ခံရမှု မျိုးစုံ တွေ့ကြုံခံစားရနိုင်တဲ့ လူတသန်းကျော်လေက် တရားမဝင် ကျန်ရှိနေဦးမှာပဲ ဖြစ်ပါတယ်။ ငွေကြေး၊ သတင်းအချက်အလက်နဲ့ အရေးယူအပြစ်ပေးခံရမှာ ကြောက်ရွံ့မှုတွေကြောင့် အဲဒီလူတွေဟာ တရားဝင် ဖြစ်လာတဲ့အတွက် ရလာနိုင်တဲ့ အကျိုးကျေးဇူးတွေကို တွေ့မြင်နိုင်ကြလိမ့်မယ် မဟုတ်ပါဘူး။ စည်းမျဉ်းစည်းကမ်းသစ်က သူတို့ကို ၂ နှစ်တာ တရားဝင် အလုပ်လုပ်ဖို့ ခွင့်ပြုမှာဖြစ်ပြီး နောက်ထပ် ၂ နှစ်တာကာလ အလုပ်သမားလက်မှတ် သက်တမ်းတိုးခွင့်လည်း ရလာနိုင်ခြေ ရှိပါတယ်။ ဒါပေမဲ့ သူတို့တွေ လုပ်နေရတဲ့ ကျေးကျွန်လုပ်ငန်းမျိုးရဲ့ အခြေအနေတွေကနေ တိုးတက်ကောင်းမွန်လာမယ်၊ ဒါမှမဟုတ် သူတို့တွေကို ရဲက ခြိမ်းခြောက်ငွေညှစ်တာမျိုး ခံရသွားစေနိုင်တဲ့ အလုပ်ရှင်တွေက သူတို့ရဲ့ အထောက်အထားလက်မှတ်တွေကို သိမ်းဆည်းတာမျိုး ရှိနိုင်၊ မရှိနိုင် ဆိုတာကိုတော့ အာမခံချက် မရရှိနိုင်ပါဘူး။

မြန်မာနိုင်ငံမှာ အစိုးရရဲ့ ကောက်ကျစ်စဉ်းလဲ ရက်စက်မှုတွေ ဆက်ပြီး ဖြစ်နေသမျှတော့ မြန်မာနိုင်ငံက ပြည်သူတွေဟာ သူတို့တွေရဲ့ ဘဝနဲ့ အသက်တွေကို စွန့်စားပြီး နယ်စပ်ဖြတ်ကျော် အလုပ်လာလုပ် နေကြဦးမှာပါပဲ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးစနစ် ကတိမ်းကပါး ဖြစ်နေသေးသမျှ၊ ထိုင်းအာဏာပိုင်တွေကလည်း ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အရေးကို အလေးဂရုပြုဖို့ ငြင်းဆန်နေသေးသမျှ သာမန်ပြည်သူတွေဟာ နိုင်ငံရဲ့ မူဝါဒကျဆုံးမှုအတွက် အကြီးဆုံး အရှုံးသမားတွေ ဖြစ်နေကြရဦးမှာပဲ ဖြစ်ပါတယ်။

အသေအချာ အကြီးမားဆုံး အနိုင်ရမယ့် သူတွေဖြစ်တဲ့ ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ထဲမှာ ခြစားလောက်ကိုက်မှုတွေ ရှိနေဦးမှာဖြစ်သလို၊ ဂိုဏ်းဖွဲ့လူကုန်ကူးမှုနဲ့ နိုင်ငံကူးလက်မှတ်အတု ပြုလုပ်မှုတွေလည်း ရှိနေဦးမှာပဲဖြစ်ပါတယ်။

(Ms.Sanitsuda Ekachi ဟာ Bangkok Post (Outlook) ရဲ့ လက်ထောက်အယ်ဒီတာ ဖြစ်ပါတယ်။)

Wednesday, January 20, 2010

TYO အကြောင်း

ထားဝယ်လူငယ်အစည်းအရုံး တံဆိပ် (TYO Seal)

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရရှိရေး၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် တိုက်ပွဲဝင်နေကြသည့် အရပ်ဒေသအသီးသီးမှ ထားဝယ်လူငယ်များကို တစုတစည်းတည်း ဖြစ်စေရေး၊ အပြန်အလှန် လက်တွဲ ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် လူငယ်ထု၏ လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်ရေးတို့ကို ရည်ရွယ်ပြီး ထားဝယ်လူငယ်များသည် ထိုင်း-မြန်မာနယ်စပ်၌ စုဆုံကာ ၂၀၀၂ ခုနှစ်၊ မေလ (၁၂) ရက်နေ့တွင် ထားဝယ်လူငယ်အစည်းအရုံး (TYO) ကို ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်။

၂၀၀၅ ခုနှစ်တွင် မြန်မာနိုင်ငံ ကျောင်းသားလူငယ်များကွန်ဂရက် (SYCB) ၏ အဖွဲ့ဝင် အဖွဲ့အစည်း ဖြစ်လာခဲ့သည်။ SYCB သည် တိုင်းရင်းသား ကျောင်းသားလူငယ်အဖွဲ့အစည်း ၁၁ ဖွဲ့ ပါဝင်သော လူငယ်တပ်ပေါင်းစုတခု ဖြစ်သည်။

ရည်မှန်းချက်
ထားဝယ်လူငယ်ထုအနေဖြင့် စစ်မှန်သော ဒီမိုကရေစီ ဖော်ဆောင်ရေး၊ အနာဂတ် တိုင်းပြည် ပြန်လည် ထူထောင်ရေး လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်သွားရန်။

ရည်ရွယ်ချက်
(က) ထားဝယ်လူငယ်ထုအတွင်း စုစည်းညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်သွားရန်နှင့် လူငယ်ထု လှုပ်ရှားမှုများတွင်လည်း အခြားသော လူငယ်အဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်သွားရန်။
(ခ) ထားဝယ်လူငယ်ထု၏ အရည်အသွေးနှင့် ဖန်တီးနိုင်မှုစွမ်းရည်များ ပိုမိုမြင့်မားလာစေရန်။
(ဂ) ထားဝယ်တိုင်းရင်းသားတို့၏ ရိုးရာဓလေ့ထုံးတမ်းများကို ဖော်ထုတ်သွားရန်။

လုပ်ငန်းစဉ်များ
၁။ စည်းရုံးရေးနှင့် စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းစဉ်
၂။ သတင်းပြန်ကြားရေးနှင့် မှတ်တမ်းစုဆောင်းရေးလုပ်ငန်းစဉ်
၃။ ပညာရေး၊ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်
၎။ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများ ဖော်ထုတ်ထိန်းသိမ်းရေးလုပ်ငန်းစဉ်

လက်ရှိတာဝန်ထမ်းဆောင်နေသော ဗဟိုစည်းရုံးရေးကော်မတီ


(၁) ကိုကျော်မင်းထိုက် (ဥက္ကဋ္ဌ)
 (၂) ကိုနေလင်းကျော် (အတွင်းရေးမှူး)
 (၃) မချမ်းမြေ့သူ (တွဲဘက်အတွင်းရေးမှူး)
 (၄) ကိုဟိန်းထက် (ကော်မတီဝင်)
 (၅) ကိုကျော်မင်းဦး (ကော်မတီဝင်)
 (၆) မစုမြတ်ရတနာ ( ကော်မတီဝင်)
 (၇) ကိုရဲမင်းနိုင် ( ကော်မတီဝင်)
 (၈) နော်သဒါး  ( ကော်မတီဝင်)
 (၉) ကိုစိုးကျော် (  ကော်မတီဝင် )
 (၁၀) ကိုဇေယျ ( ကော်မတီဝင်)
 (၁၁) မစုစန္ဒီစိုး (  ကော်မတီဝင်)
--------------------+++-----------------


About Us

Tavoyan Youth Organization Flag (TYO flag)

Tavoyan Youth Organization was formed on May 12th, 2002 in Thailand-Burma border by Tavoyan youth aiming to unite Tavoyan youth who are struggling and fighting to ending the military junta ruling system, to promoting democracy and human rights and to building a genuine federal union to be able to work together effectively and to involve in youth movement actively.

Tavoyan Youth Organization (TYO) joined Student and Youth Congress of Burma (SYCB), an umbrella organization combined with 11 various ethnics' youth and students' organizations, in 2005.

Aim –
To participate in the process of rebuilding our country and in the struggle for genuine democracy in Burma by involving actively with effective cooperation of Tavoyan youth

Objectives –

  1. To strengthen solidarity among our Tavoyan people and to be able to work together with different youth organizations in youth movements
  2. To build up the capacity and ability of our young people
  3. To maintain Tavoyan ethnic’s tradition, culture and customs

  Programs 
 
  • Organizing and Capacity Building Program
  • Information and Documentation Program
  • Education, Health and Environmental Program
  • Cultural and Traditional Program

 Central Organizing Committee  
  1. Ko Kyaw Min Htaik - Chairman
  2. Ko Nay Lin Kyaw - Secretary
  3. Ma Chan Myae Thu - Joint-Secretary
  4. Ko Hein Htet - Committee Member
  5. Ko Kyaw Min Oo - Committee Member
  6. Ma Su Myat Yadanar - Committee Member
  7. Ko Ye Min Naing - Committee Member
  8. Naw Thadah - Committee Member
  9. Ko Soe Kyaw - Committee Member
  10. Ko Zae Ya - Committee Member
  11. Ma Su Sandy Soe - Committee Member
--------------------+++-----------------------