Friday, September 13, 2019

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲဆိုင်ရာ ကဏ္ဍစုံမှပါဝင်ပတ်သက်သူများ တွေ့ဆုံ

နေပြည်တော် ဇူလိုင် ၈

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသ ကြီးအဆင့် နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲဆိုင်ရာကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နေ့လည် ၁၄:၀၀ နာရီတွင် ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမင်းဆွေ (တနင်္သာရီတိုင်းဒေသကြီးတာဝန်ခံ) တက်ရောက်ခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးအဆင့် နိုင်ငံရေးပါတီရုံးဖွင့်လှစ်ထားသော နိုင်ငံရေးပါတီ(၈)ဖွဲ့မှ တာဝန်ရှိသူများ၊ ရွေးကောက်ပွဲဆိုင်ရာတက်ကြွစွာ ပါဝင်ဆောင်ရွက်နေကြသောလူမှုအဖွဲ့အစည်း(၇)ဖွဲ့မှ ကိုယ်စားလှယ်များ၊ ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ မွန်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့တို့မှ ကိုယ်စားလှယ်များ စုစုပေါင်းအင်အား (၄၅) ဦး တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမင်းဆွေက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲများကို လွတ်လပ်ရမည်၊ တရားမျှတရမည်၊ ပွင့်လင်းမြင်သာမှုရှိရမည်၊ အများယုံကြည်လက်ခံသည့်ရွေးကောက်ပွဲဖြစ်ရမည်၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲ ရလဒ်တစ်ထပ်တည်းဖြစ်ရမည်ဆိုသည့် စံ (၅)ချက်နှင့်အညီ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းနှင့်ပတ်သက်၍ ဆောင်ရွက်မည့်အစီအစဉ်များကို လည်းကောင်း၊ မဲဆန္ဒရှင်စာရင်းမှန်ကန်ရေးအတွက် နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲဆိုင်ရာ တက်ကြွစွာပါဝင်ဆောင်ရွက်ကြသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုကို ရယူ ဆောင်ရွက်ရေးနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဇော်လင်းက  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မဟာဗျူဟာစီမံကိန်း ( ၂၀၁၉ - ၂၀၂၂ ) အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ရှင်းလင်းဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရွေးကောက်ပွဲအရာရှိက ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင် စာရင်းရရှိရေး လူဦးရေစာရင်းပြုစုခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်မည့်အစီအစဉ်ကို  ရှင်းလင်း တင်ပြခဲ့ပါသည်။

ထို့နောက် တက်ရောက်လာသော နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် တိုင်းရင်းသားကိုယ်စားလှယ်များ၏ မေးမြန်းဆွေးနွေးမှုများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမင်းဆွေက ရှင်းလင်း ဖြေကြားခဲ့သည်။

0 comments:

Post a Comment