Sunday, September 30, 2012

လူမျိုး စကားနဲ့ စာပေ

 http://www.tavoyanvoice.com/?p=951

မြန်မာနိုင်ငံမှာ လူမျိုး  (၁၃၅) မျိုးရှိကြောင်း မှတ်သားရပါတယ်။ စာရေးသူအနေနဲ့ 
အမှန်အတိုင်းဝန်ခံရမယ်ဆိုရင်တော့ (၁၃၅) မျိုးလုံးကို ရေပြပါဆိုရင် မရေတတ်ဘူးလို့ပဲပြောရမှာပါ။ ဒါပေမယ့် လူမျိုးကြီးအုပ်စုကိုတော့ မြန်မာ၊ ကရင်၊ ကယား မွန်၊ ချင်း၊ ရခိုင် စသည်ဖြင့် ငယ်ငယ်က ကြားဖူးထားတာမို့ ရေးတတ်နေပါတယ်။ ဒါဆို ထားဝယ်ဆိုတဲ့ လူမျိုးကိုရော ဘယ်အုပ်စုထဲထည့်ရမှာပါလိမ့်? မေးသင့်တဲ့မေးခွန်းလေးပါပဲ။ များသောအားဖြင့် ထားဝယ်အတော်များများဟာ ထားဝယ်လူမျိုးဆိုတာ မြန်မာထဲမှာပါတာပေါ့လို့ ပြောမှာကို ကြားယောင်နေပါသေးတယ်။ စာရေးသူကိုယ်တိုင် ငယ်ငယ်က ထင်ခဲ့ဖူးတဲ့ အထင်မျိုးပါပဲ။ ဒါကလဲ အမှားများလို့ အမှန်ထင်ခဲ့တဲ့ အထင်တစ်ခုပါ။
သာဂရမြို့ဟောင်း (တနင်္သာရီတိုင်းသူ/တိုင်းသားများ စုံစည်းရာ Facebook မှ ကူးယူဖေါ်ပြသည်။)
သာဂရမြို့ဟောင်း (တနင်္သာရီတိုင်းသူ/တိုင်းသားများ စုံစည်းရာ Facebook မှ ကူးယူဖေါ်ပြသည်။)
ထားဝယ်လူမျိုးများသည် ရှေးကျသော တိုင်းရင်းသားတစ်မျိုးဖြစ်သည်၊ ရှေးပဝေသဏီကပင် တိုင်းပြည် မြို့ပြ ထီးနန်းနှင့်တကွ ထားဝယ်စကားပြောသည့် ထားဝယ်လူမျိုးဟူ၍ ရှိနေသည့်အဖြစ်ကြောင့် ထားဝယ်စကားဟု တစ်ဘာသာ မြန်မာစကားနှင့် လုံးလုံးကွဲ၍လည်းကောင်း စကားတူအသံဝဲ၍လည်းကောင်း ယနေ့တိုင်ပြောနေကြသည် ဟု ၁၉၇၁ ခုနှစ်ထုတ် မြန်မာ့စွယ်စုံကျမ်း အတွဲ (၅) စာမျက်နှာ(၂၀၂) ဖေါ်ပြချက်ကို သိရတော့မှ ထားဝယ်လူမျိုးများဟာ မြန်မာအုပ်စုထဲမှာ မပါတဲ့ ထားဝယ်တိုင်းရင်းသား စစ်စစ်ဖြစ်တယ်ဆိုတာကို သိရပါတော့တယ်။ အရင်က အမှားကို အမှန်ထင်ခဲ့တဲ့အရာဟာ မြန်မာ့စွယ်စုံကျမ်းကြောင့် ပျက်ပျယ်သွားပြီဆိုရင်လဲ မှန်မယ်ထင်ပါတယ်။ အမှားကိုပယ် အမှန်ကိုတကယ်သိခွင့် ရလိုက်တဲ့အတွက် ရင်မှာဖြစ်ပွားရတဲ့ ပီတိကတော့ အတိုင်းအဆမဲ့ပါပဲ။ သူများအပြောနဲ့ အမှောင်ကျခဲ့တဲ့ အသိကို အခုတော့ အလင်းနဲ့ဖွင့်ခွင့်ရလိုက်လို့ ၀မ်းသာလို့ မဆုံးခဲ့ဘူးဆိုရင်ကော မှားမယ်တဲ့လား။ ဒါဆိုရင် ထားဝယ်လူမျိုးဆိုတာ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတစ်မျိုးအဖြစ် နှစ်ပေါင်းများစွာ တည်ရှိခဲ့တယ်ဆိုတာ လုံးဝသေချာနေပြီပေါ့။ အမေရိက ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားလေးကလဲ တအားတက်စေပါတယ်။ ပြောတာလေးက ဒီလိုပါ။ မြန်မာနိုင်ငံ ဟာ လူမျိုးစုံ တိုင်းရင်းသားတွေနဲ့ တည်ထောင်ထားတဲ့ ပြည်ထောင်စုကြီးတစ်ခုဖြစ်ပါကြောင်း၊ မြန်မာကတော့ အုပ်စုကြီးတဲ့ တိုင်းရင်းသားတစ်မျိုးပင်ဖြစ်ကြောင်း ပြောခဲ့တာပါ။ ဒါဟာလဲ မသိပဲ ရမ်းပြောတဲ့ စကားမဟုတ်လောက်ဘူးဆိုတာကိုလဲ ယုံကြည်နေပါတယ်။ ယုံကြည်မှုတွေပိုမို ခိုင်မာလာအောင် သမိုင်းလေးကို တချက်လောက်ငဲ့ကြည့်စေချင်ပါတယ်။ ပေါ့လို့ လျော့ခဲ့ရသလို ပေါ့လို့ ပျက်ခဲ့ရတဲ့အဖြစ်တွေဟာလဲ မြန်မာသမိုင်းမှာ အထင်အရှားရှိနေပါတယ်။ မြန်မာအရင်ပေါ်ခဲ့တဲ့ ပျူနဲ့ သရေခေတ္တရာ အကြောင်းလေ့လာရင် သိသွားရမဲ့အဖြစ်ပါ။ စာရေးသူအနေနဲ့ ရဲရဲကြီးပြောနိုင်တာကတစ်ခုတော့ ရှိပါတယ်။ ဒါက မြန်မာနိုင်ငံမှာ တည်ရှိနေတဲ့ လူမျိုးတွေထဲမှာ ထားဝယ်လူမျိုး ထားဝယ်တိုင်းရင်းသားဆိုတာ အရင်ကလဲရှိခဲ့ကြောင်း အခုလဲရှိနေဆဲဖြစ်ကြောင်းပါပဲ။ မြန်မာထဲမှာ ပါဝင်တဲ့ လူမျိုးတစ်မျိုးမဟုတ်ဘူးဆိုတာကိုလဲ သေသေချာချာကြီးသိနေပါတယ်။ စာဖတ်သူများရော ဘယ်လိုထင်ပါသလဲ? လေ့လာကြည့်ပါ။ ပြောတဲ့အတိုင်း ယုံကြည်ရမယ်လို့ မဆိုလိုပါဘူး။ ခေတ်မီတဲ့ ကာလမှာ မွေးဖွားလာသူများဟာ ပြောစကားကို အရမ်းယုံရမဲ့အခြေအနေ မရှိတော့ပါဘူး။ သိအောင်လုပ်ဖို့နဲ့ အမှန်ကို ရဲရဲယူတတ်ဖို့ပဲရှိပါတယ်။ ဘာဖြစ်လို့ ထားဝယ်လူမျိုးများဟာ လူမျိုးတစ်မျိုး တိုင်းရင်းသားတစ်မျိုးအဖြစ် တည်ရှိနေတယ်ဆိုတာကို ပြောရဲတယ်ထင်ပါသလဲ?
စာဖတ်သူများသာ ထားဝယ်စစ်စစ်ဆိုရင် သာဂရမြို့ဟောင်း (ယခု မြို့ဟောင်းရွာ) ကို ရောက်ဖူးသင့်တယ်ထင်ပါတယ်။ ပြီးတော့ သာဂရမြို့ဟောင်းမှာ ရှင်ဇလွန် စေတီတစ်ဆူရှိတယ်ဆိုတာကိုပါ ကြားဖူးကြမှာပါ။ စေတီ တော်ရဲ့ခေါင်းလောင်းပုံပတ်လည်မှာ အင်္ဂတေနဲ့ပုံဖေါ်ထားတဲ့ သီရိဝစ္ဆ အမှတ်အသားများကို သတိထားဖူးပါသလား? အဲဒီအမှတ်အသားများဟာ အိန္ဒိယနိုင်ငံမှာ ထွန်းကားခဲ့တဲ့ ဗြဟ္မဏ၀ါဒ၊ ဗုဒ္ဓ၀ါဒ၊ ဇိန (ဂျိန်း)၀ါဒတို့တွင် အထွတ်အမြတ် ထားသော ဘာသာရေးဆိုင်ရာ အမှတ်အသားတစ်ခုပဲ ဖြစ်ပါတယ်။ ရှေးကျတဲ့အမှတ်အသားနဲ့ တည်ငြိမ်စွာ ရပ်ပြီး အေးချမ်းတဲ့အရိပ် နူးညံ့တဲ့အသိများကို ပေးနေတဲ့ ရှင်ဇလွန်စေတီကို အေဒီ (၇၈၈) မှာ တည်ထားခဲ့တယ်ဆိုတဲ့ သက်သေတစ်ခုက ထားဝယ်လူမျိုးများ ကိုယ်ပိုင်ယဉ်ကျေးမှုကို ပိုင်ဆိုင်ပြီး ဗုဒ္ဓဘာသာကိုစောစွာ ကိုးကွယ်ခဲ့တယ်ဆိုတာကိုပါ ပြောပြလျက်ရှိပါတယ်။ ဒါ့တင်ပဲ့လား။ အေဒီ () ရာစုမှ အထိမ်းအမှတ်များကို ထိန်းသိမ်းထားပါတယ်ဆိုတဲ့ ကော့ဂွန်းဂူတွင် လှူဒါန်းထားတဲ့ မြေပုံဘုရားတွင်ပါရှိတဲ့ ဒါယကာ ဒါယိကာမများ အမည်၌ ယိခီ ထ၀ယ်စားသံဗျင်နှင့် ထားဝယ်မြို့စားလို့ မှတ်တမ်းတင်ထားတာကိုက ထားဝယ်လူမျိုးများ မြန်မာနိုင်ငံ၌ စောစွာခြေချခဲ့သူများဆိုတာကိုပါ ထပ်ဆင့်အသိပေးလျက်ရှိပါတယ်။ စာဖတ်သူများ လက်ခံဖို့ခက်ခဲနေတုန်းပဲ့လား။ ဆက်လက်ဖတ်ရှုပါဦး။ ထန်မင်းဆက် သမိုင်းတွင်းပါရှိတဲ့ အေဒီ (၇၅၆) နှောင်းပိုင်း၏ ပျူခေတ် ကာလအခြေအနေကို ဖေါ်ပြတဲ့နေရာမှာ ဒီလိုလေးပြောပြထားပါသေးတယ်။ ထော်ဝမ်၏ ရှေးဟောင်းအသံ ထွက်သည် Da-Van နှင့် နီးစပ်ပါသည်။ ထိုနေရာသည် ဒွါရာဝတီနှင့် ဆက်စပ်သည် ဟုဆိုထား၍ ဒ၀ယ် (ထားဝယ်) ဟုဆိုလျင် သင့်မည်ထင်ပါသည်။ စွေမင်းဆက်သမိုင်းကလည်းကောင်း ထန်မင်ဆက်သမိုင်းကလည်းကောင်း ခမာသည် စမ္ပါနှင့် ထော်ဟွမ် (ထားဝယ်) တို့နှင့် အကြိမ်ပေါင်းများစွာ စစ်ဆင်ခဲ့သည် ဆိုသည်ဟု ပါရှိခဲ့သည်။ နောက်တစ်နေရာတွင် အနိရုဒ္ဓနှင့် မင်းအဆက်ဆက်တို့ အနီးအပါးကိုချဲ့ထွင်သိမ်းသွင်းသည့်အခါမှ ပေါ်ပေါက်ရာအကျယ်အ၀န်းကား မြောက် ကောင်စင်မှ တောင်တလိုင်သရေနှင့် ထ၀ဲ အထိဖြစ်သည်ဟု ဖေါ်ပြထားခြင်းပင်။ ဒီသမိုင်းမှတ်တမ်းများဟာ မြန်မာ့မြေပေါ်မှာ လူမျိုးတစ်မျိုးဖြစ်ရပ်တည်ခဲ့ရုံမက ကိုယ်ပိုင်စကားနဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုကိုပါ ထိန်းသိမ်းထားနိုင်သူတို့အဖြစ် ဖေါ်ပြလျက်ရှိပါတယ်။ ဒါကြောင့် မြန်မာနဲ့မတူ ထားဝယ်လူမျိုးများ တကယ်ရှိခဲ့တယ်ဆိုတာကို ပြောရဲခဲ့တာပါ။ ထားဝယ်လူမျိုးများကရော ကျနော်တို့ဟာ ရှေး ကျလွန်းမက ရှေးကျတဲ့ ရှေးဟောင်းစကားများကို သမိုင်းစဉ်လာမပျက်ပြောနေတဲ့ ထားဝယ်သားများပါဗျာလို့ ပြော ရဲတဲ့သတ္တိ မရှိကြဘူးလား။ ထားဝယ်လူမျိုးပါလို့ရော လူရှေ့မှာ ပြောရမှာ ရှက်ကြောက်နေတုန်းပဲ့လား။ သမိုင်းမရှိလို့ ရှက်ကြောက်နေတယ်ဆိုရင် လက်ခံနိုင်ပေမယ့် သမိုင်းအတိအကျရှိလျက်နဲ့ ရှက်နေတယ် ကြောက်နေတယ်ဆိုရင်တော့ စာဖတ်သူဟာ ထားဝယ်စကားပြောတဲ့ ထားဝယ်သားတော့ မဟုတ်လောက်ပါဘူး။ မြန်မာစကားပြောတဲ့ မြန်မာများပဲဖြစ်မှာပါ။ ကိုယ်ပိုင်ယဉ်ကျေးမှု ကိုယ်ပိုင်စကားကို တန်ဖိုးမထားသူရယ်လို့ ရှိမယ်မ ထင်ပါဘူးလေ။ သမိုင်းအခိုင်အမာရှိနေတဲ့ လူမျိုးတစ်မျိုးဖြစ်နေတာမို့ ထားဝယ်သားပါလို့ ထားဝယ်စကားနဲ့ ရဲရဲကြီးပြောပြလိုက်ပါ။ အထင်သေးစကားနဲ့ ပြောလာခဲ့မယ်ဆိုရင်လဲ ပြောသူကို သမိုင်းမသိသူတစ်ယောက်အဖြစ် စာနာစွာနဲ့ နားလည်ပေးလိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ စာဖတ်သူကိုယ်တိုင် ရှေးဟောင်းလူကြီး ဖြစ်နေလို့ပါပဲ။ လူကြီးဖြစ်ရင် လူကြီးလူကောင်းပီသဖို့ လိုအပ်လို့ပါ။
လူမျိုးရယ်လို့ဖြစ်လာပြီဆိုရင် စကားဟာ အဓိကအခန်းကဏ္ဍမှာရှိနေတယ်ပြောရင် စာဖတ်သူများလက်ခံနိုင်ပါ့မလား? စကားမရှိပဲ လူမျိုးဖြစ်လာတဲ့လူဆိုတာ ကမ္ဘာမှာရှိနိုင်ပါ့မလား။ ခေတ်နဲ့အညီမွေးဖွားပြီး ပြေးလွှားနေတဲ့ လူသားများအတွက် လေ့လာဖို့ အခွင့်အရေးအများကြီးရှိတယ်ဆိုတာ မမေ့ပါနဲ့။ ထားဝယ်လူမျိုးများဟာ မြန်မာတိုင်းရင်းသားတွေ မသုံးတဲ့ အသုံးအနှုံး မပြောတဲ့စကားလုံးကို ရှေးခေတ်မှသည် အခုထိ ပြောနေတယ်ဆိုတကို ထားဝယ်သားတစ်ယောက်ဖြစ်တဲ့ စာရေးသူကောင်းကောင်းကြီးသိပါတယ်။ လေ့လာလို့သိရတာပါ။ စကားတစ်ချို့တူရုံနဲ့ လူမျိုးတူသွားရတဲ့အဖြစ်ဆိုတာ မရှိလောက်ပါဘူး။ အဲလိုသာဖြစ်သွားခဲ့မယ်ဆိုရင် မြန်မာတစ်မျိုးလုံး အင်္ဂလိပ်လူမျိုးဖြစ်သွားမှာ အသေအချာပါပဲ။ စာဖတ်သူ မျက်စိလည်သွားပါသလား? တစ်ချက်လောက် အာရုံစိုက်ပြီးဖတ်ကြည့်ပါဦး။
မြန်မာလူမျိုးများပြောနေတဲ့စကားထဲမှာ ကွန်ပျူတာ၊ ဖုန်း၊ ကား၊ ဆိုင်ကယ် စတဲ့ စကားတွေပါနေပါတယ်။ ဒါဟာ ကိုယ့်စကားမှာမရှိတဲ့ စကားတစ်ခုကို အလွယ်တကူမွေးစားတဲ့ သဘောတစ်ခုပါပဲ။ ဘာသဘောမှမဟုတ်ပါဘူး။ ဆိုပါစို့။ ကွန်ပျူတာ ဆိုတဲ့အင်္ဂလိပ်စကားကို မွေးစားတာမျိုးမလုပ်ပဲ မြန်မာလိုနဲ့ တိုက်ရိုက်ဘာသာပြန်ကြည့်ပါ။ အတော်ခက်တာကို စာဖတ်သူများတွေ့ရပါလိမ့်မယ်။ မွေးစားပြီးပြောရုံနဲ့ အဲဒီ လူမျိုးဖြစ်သွားတယ် လူမျိုးထဲမှာ ပါတယ်ပြောရင် စာဖတ်သူအပါအ၀င် ဘယ်သူမှလက်ခံမှာမဟုတ်ပါဘူး။ ဒါပေမယ့် သမိုင်းကိုမလေ့လာတဲ့ ထားဝယ်များကတော့ တစ်မျိုးတွေးတာကို ၀မ်းနည်းစွာတွေ့ရပါတယ်။ ထားဝယ်လူမျိုးဆိုတာ မြန်မာစကားကို အသံမပီပဲပြောတဲ့ လူတွေမို့ မြန်မာထဲမှာပါတယ်ဆိုတဲ့အတွေးကို ဘိုးဘွားလက်ထက်ကတဲကယူလာတာမို့ မျိုးဆက်သစ်လူသားများဟာလဲ အလွယ်တကူပဲ လက်ခံသွားပါတော့တယ်။ တစ်ချက်လောက် လေ့လာကြည့်ပါ ထားဝယ်တို့။ ကိုယ်ပိုင်စကားကို အရင်သုံးခဲ့သူများဟာ ဘယ်သူတွေလဲဆို တာကိုပါ။ ၁၉၆၀၊ ၁၉၆၁ ခု တက္ကသိုလ်နှစ်ပတ်လည် မဂ္ဂဇင်းမှာ ဖေါ်ပြချက်လေးကို ဖတ်ကြည့်လိုက်ပါဦး။ မြန်မာနိုင်ငံတွင် ပထမဆုံးမြို့ပြ ထီးနန်းများ တည်ထောင်ခဲ့ကြသော ပျူများ၏ ယဉ်ကျေးမှုအဆင့်အတန်းကို ဒီလိုဖေါ်ပြထားပါတယ်။ဘာသာစကားအနေဖြင့် တိဗက်-မြန်မာ (Tibeto-Burma) စကားဖြစ်ကြောင်း ရဲရဲ ပြောနိုင်သည်၊ မြန်မာနှင့် အမျိုးနီးစပ်ဟန်ရှိသည်။ တစ်သံလျှင် သဘောအဓိပ္ပါယ်တစ်မျိုးတည်းဟူသော ဘာသာစကားဖြစ်၍ ၀ဏ္ဏသံပိတ်ကိုပင် အတွဲမခံချေ၊ အသံနိမ့်မြင့်ထင်ရှား၍ စာရေးသားရာ၌ အသံအလေးအပေါ့ညွှန်းရန် (၀ိသဇ္ဇနီ)များကို သုံးသည်။ အထူးသဖြင့် သင်္သကရိုက်သက် အမျိုးခြားစကားလုံးများကို ယူငင်သုံးစွဲကြောင်း သိရသည် ထိုအခါ မြန်မာ့စွယ်စုံကျမ်းအတွဲ ()တွင် ဖေါ်ပြသော ထားဝယ်လူမျိုးသည် တိဗက်-မြန်မာအစုမှ မြန်မာလူမျိုးအစုဝင်ဖြစ်သည် ဟူသောဖေါ်ပြချက်နှင့် ဆရာမောင်လေးတင့်၏စာတမ်းပါ (ယနေ့ မြန်မာစကား စာအရေးသားတို့တွင် လုံးဝမရှိသော ()ဆွဲသံများ (အော)သရနောက် သတ်သံများသည်များသည် ထားဝယ်စကား၌ ယနေ့တိုင်သုံးစွဲနေဆဲဖြစ်ပြီး ထိုအသံ စာလုံးပေါင်းများသည် မြန်မာထက်စော၍ ပေါ်ခဲ့သည်ဟု ပညာရှင်များခန့်မှန်းအဆိုပြုထားသည့် ပျူစာတွင် ရှိနေခြင်း (မြစေတီကျောက်စာ လေးဘာသာ၊ နိုင်ငံတော်ပြတိုက်၊ ယဉ်ကျေးမှုဗိမာန်၊ ၁၉၅၄) ဟူသောဖေါ်ပြချက်ဟာ ထားဝယ်လူမျိုးများ မြန်မာနိုင်ငံမှာ ဘယ်လောက် စောစောပေါ်ခဲ့တယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ် စာဖတ်သူများ သိသာအောင် (လ)ဆွဲသံ (အော)သရနောက် နသတ်သံနဲ့ သုံးစွဲနေတဲ့ ထားဝယ်စကားများအကြောင်းကို တင်ပြပါရစေဦး။ ထားဝယ်စကားထဲမှာ မြန်မာနိုင်ငံသားအားလုံးမသုံးနိုင်တဲ့စကားဖြစ်တဲ့  ပ္လပ် (ညာတာ၊ လိမ်တာ) ပ္လီး (ပိန်း) ပ္လောန်း (ပြောင်း) ပ္လေး (ပြေး) က္လောန်း (ကျောင်း) က္လီး (ကျီးကန်း) စတဲ့စကားများပါပဲ။ ဒီလို စကားမျိုးနဲ့ အသံကို မြန်မာနိုင်ငံသားအားလုံး ထားဝယ်သူ ထားဝယ်သားမှလွဲရင် ဘယ်သူမှ မပြောနိုင်ဘူးဆိုတာ ရဲရဲကြီးပြောရဲပါတယ်။ ပြီးတော့ (အော)သရနောက် န သတ်အသံများကတော့ ကောန်း (ကောင်းတယ်) အောန်း (မျက်စိစွေ) တောန်း (တောင်းသည်) ဆောန်း (ဆောင်းထားသည်) စတဲ့စကားလုံးများကိုပါ ကိုယ်ပိုင်အသံအနေနဲ့ သုံးစွဲနေတာပါ။ ဒါ့တင်ပဲလားဆိုတော့ မြန်မာစကားနဲ့ လုံးဝကွဲလွဲတဲ့ စကားလုံးများကိုပါပြောဆိုနေတဲ့ လူမျိုး တစ်မျိုးဖြစ်တယ်ဆိုတာကိုပါ ယုံထားပါ။ စာဖတ်သူများ အခုရေးပြလိုက်တဲ့စကားများကိုတွေ့ရင် သိသွားပါလိမ့်မယ်။ ဖောတ်သန်းခ္လေးချောတ် (ပုတ်သင်ညို) ရှိးဂိုသီး (သဘောင်္သီး) စတဲ့စကားတွေပါ။ ဘာသာဗေဒအနေနဲ့ သေသေချာချာ လေ့လာချင်တယ်ဆိုရင် တောနယ်များကိုသွားပြီး လေ့လာသင့်ပါတယ်။ ထားဝယ်များ ရှေးကျလွန်းတဲ့စကားကို မြတ်မြတ်နိုးနိုးအခုထိ သုံးစွဲနေတယ်ဆိုတာကို အံ့သြစွာတွေ့ရပါလိမ့်မယ်။ ရှေးကျတဲ့စကားပြောရလို့ ရှက်နေတာလား။ ရှက်စရာလို့ ထင်ရင် အမျိုးကို သစ္စာဖေါက်ရာရောက်တယ်ဆိုတာကိုရော စာဖတ်သူများသိပါရဲ့လား။ သစ္စာဖေါက်သူအတွက် တန်ပြန်အကျိုးအနေနဲ့ ရောက်လာမှာကတော့ ဘယ်သူမှ လူရာသွင်းမှာမဟုတ်သလို လူမျိုးများကြားမှာလဲ မျက်နှာသာပေးခံရမှာ မဟုတ်ပါဘူး။ ထားဝယ်လူမျိုးဆိုတာ အေဒီ (၈)ရာစုလောက်ကတည်းက ရှေးစကားကိုပြောပြီး အမျိုးကိုစောင့်ရှောက်ခဲ့သူအဖြစ် ရှေးကျလွန်းတဲ့စကားကို အခုထိပြောရင်း လူမျိုးနဲ့ သိက္ခာကို စောင့်ထိန်းထားဆဲပါ။ သမိုင်းကို ကျောခိုင်းချင်တဲ့ အသိမဲ့ ခေတ်ပေါ်လူငယ်များကြောင့် ရှေးစကားကို နှစ်ထောင်နဲ့ချီပြီး ထိန်းသိမ်းခဲ့တဲ့ ရှေးထားဝယ်လူမျိုးများကို သစ္စာဖေါက်ရာ ရောက်မနေဘူးလား။ ရှေးရှေးက ကိုယ့်စကား ကိုယ့်ယဉ်ကျေးမှုကို ထိန်းသိမ်းရင်း ကိုယ့်နေရာဒေသကိုကာကွယ်ခဲ့တဲ့ ရှေးထားဝယ်ကြီးများကို ကျေးဇူးအထပ်ထပ် တင်နေမိတယ်။ တွေးရင်းနဲ့ မျက်ရည်ဝဲမိတယ်။ လူအနည်းစုဖြစ်ပေမယ့် ကိုယ်ပိုင်စကားနဲ့ ကိုယ့်လူမျိုးကို နှစ်များစွာ ထိန်းထားနိုင်ခဲ့တဲ့ အစွမ်းနဲ့ သတ္တိကိုလဲ ချီးကျူးမိပါရဲ့။ ထားဝယ်ဟာ မြန်မာလူမျိုးထဲမှာပါတယ်လို့ သမိုင်းကို ကျောခိုင်းတဲ့ လူတွေကြောင့် ရှေးထားဝယ်လူကြီးများကို မျက်နှာပူမိပါရဲ့။ သမိုင်းကို သေသေချာချာလေ့လာရင် ကိုယ့်အဆင့်အတန်း ကိုယ့်အခြေအနေ ဘယ်လိုရှိခဲ့တယ် ဘယ်လိုဆက်ထိန်းသွားရမယ်ဆိုတာကိုပါ သိသွားပါ လိမ့်မယ်။ သမိုင်းစာအုပ် ဘယ်မှာလဲ အဲဒီသမိုင်းကရော မှန်မှာတဲ့လား စတဲ့သံသယမေးခွန်းများနဲ့ ဒီစာကိုဖတ် ခဲ့မယ်ဆိုရင်……………..ပြောလိုက်ပါရစေဦး… ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ဦးသန့်အကြောင်းကို တရားဝင် ထုတ်ခွင့်ရခဲ့တာတောင် အမှန်တွေဘယ်လောက်ပါပါ သလဲ။ စာဖတ်သူများလေ့လာကြည့်ရင် သိမှာပါ။ ဒါဆို ထားဝယ်သမိုင်းကိုရော ထုတ်ခွင့်ရခဲ့မယ်ဆိုရင် အမှန်ဘယ်လောက် ပါမယ်ထင်ပါသလဲ။ သိမ်းထားတဲ့စာအုပ်ကို ချကိုက်လို့ ဟေတုပစ္စယောမှ ဟေတပစ္စယောပြောင်းသွားတာကို ဟေတုများဖြစ်နိုင်ကောင်းပါရဲ့လို့ပြင်ခွင့်ရပေမယ့် ဆင်ဆာထိထားတဲ့ စာအုပ်မှာပါတဲ့ စာကြောင်းများကို ဘယ်လိုများပြင်ခွင့်ရမှာတဲ့လဲ။ ပြင်ခွင့်မရမဲ့အတူတူ တရားဝင် မထုတ်တာဟာ ပိုကောင်းမယ်လို့ တွေးမိတဲ့ သမိုင်းပညာရှင်များ လက်ရေးနဲ့ရေးထားတဲ့ သမိုင်းစာအုပ်ကို စာဖတ်သူများ ဖတ်ခွင့်မရတာနဲ့ သမိုင်းမရှိတော့ဘူးလို့ ယူဆတော့မှာလား။ သမိုင်းစာအုပ်မရှိခဲ့ဘူးဆိုရင်တောင် ဖြစ်ပျက်ခဲ့တဲ့နေရာမှာ သမိုင်းကိုပြောပြနေတဲ့ သက်သေတွေ လူမျိုးများပြောနေတဲ့ စကားက သမိုင်းကိုပြောပြနေတယ်ဆိုတဲ့ သက်သေတွေကိုရော မေ့ထားလိုက်တော့မှာလား။ စာအုပ်ကိုပဲ သမိုင်းလို့ယူဆရမှာလား? သို့မဟုတ် နေရာဒေသမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့အရာများ၊ တင်ခဲ့တဲ့မှတ်တမ်း သက်သေများကိုပဲ သမိုင်းလို့ ယူဆရမှာလား? လူမျိုးတစ်မျိုးရဲ့ သမိုင်းကိုလေ့လာမယ်ဆိုရင် တည်ရှိနေတဲ့လူမျိုးတို့ရဲ့နေရာနဲ့ ပြောနေတဲ့ စကားများကိုလေ့လာတာဟာ သမိုင်းကို ပိုမိုတိကျစေမယ်လို့ယုံကြည်ပါတယ်။
လူမျိုးတစ်မျိုးလို့ သတ်မှတ်ခံရဖို့ ဆိုရင်
၁။ ကိုယ်ပိုင်ဘာသာစကား
၂။ ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့
၃။ ကိုယ်ပိုင်စာပေရှိရမယ်လို့ မှတ်သားခဲ့ဖူးပါတယ်။
တကယ်ရော ဒီမူတွေဟာ လူမျိုးတစ်မျိုးကို သတ်မှတ်တဲ့နေရာမှာ တိကျတဲ့စံတစ်ခုဖြစ်ရဲ့လား? ဒါပေမယ့် လူမျိုးမရှိပေမယ့် စာပေရှိနေတဲ့အဖြစ်တွေကိုရော စာဖတ်သူများ ဘာမှတ်ချက်တွေပေးချင်ပါသလဲ။ ဆိုပါစို့ ပါဠိ ဆိုတဲ့စာပေနဲ့ လက်တင်စာပေတို့ဟာ လူမျိုးရယ်လို့မရှိပါဘူး။ စာပေကတော့ အခုထိရှင်သန်နေဆဲပါပဲ။ ပြီးတော့ စာပေနဲ့ လူမျိုးပါရှိခဲ့တဲ့ ပျူ များ မြန်မာ့မြေပေါ်က ပျောက်သွားရတဲ့အဖြစ်ကိုရောမှတ်ချက်မပေး နိုင်တော့ဘူးလား (မွန်၊ မြန်မာ၊ ပါဠိ၊ ပျူနဲ့ရေးခဲ့တဲ့ မြစေတီကျောက်စာကို ကိုးကား)။ တကယ်တော့ မူဆိုတာ ယူသင့်မှ ယူရတယ်ဆိုတာကို အထက်ကအဖြစ်အပျက်တွေက သက်သေပြနေပါတယ်။ ထားဝယ်စကားကို ပထမဆုံးလေ့လာသုတေသနပြု မှတ်တမ်းတင်ပေးခဲ့တဲ့ ဘာသာဗေဒပညာရှင် ဆရာကြီး ဦးဖေမောင်တင် အဆိုအမိန့်က ထားဝယ်လူမျိုးနဲ့ ထားဝယ်စကားများ ယဉ်ကျေးမှုနဲ့ပြည့်စုံနေတယ်ဆိုတာကို ညွှန်းဆိုနေပြန်ရော။ အဆိုအမိန့်က ဒီလိုပါ။ ရှေးဟောင်း ပုဂံကျောက်စာများနှင့် ပြိုင်သော ထားဝယ်စကားသည် တိုးတက်လျက်ရှိသော ယခု မြန်မာစကားထက် နှစ်ပေါင်း (၈၀၀) ခန့်စော၍ ယဉ်ကျေးမှုသက်သေခံလျက်ရှိသည်။ ထို့ကြောင့် ကျွန်ပ်တို့သည် မြန်မာနိုင်ငံရှိ ဒေသန္တရစကားများကို တတ်အားသမျှလေ့လာကြရာ၏။ ယဉ်ကျေးမှုမဲ့သည်ဟု အထင်ခံရသော ထားဝယ်စကားသည် ယဉ်ကျေးမှုနှင့်ပြည့်ဝလျက်ရှိကြောင်း သိရသကဲ့သို့ ကျန်ဒေသန္တရဘာသာ စကားများ၌လည်း ယဉ်ကျေးမှု အချက်အလက်တွေ့ရလိမ့်မည် တဲ့။
ရိုးသားတဲ့ ထားဝယ်လူမျိုးများမှာ ကိုယ်ပိုင်စာပေမရှိခဲ့ဘူးလား? မေးဖို့ကောင်းတဲ့ မေးခွန်းတစ်ခုပါပဲ။ တကယ်လို့သာ ကိုယ်ပိုင်စာမရှိခဲ့ဘူးဆိုရင် ထားဝယ်မှာ ရှေးကျတယ်လို့သတ်မှတ်ခံရတဲ့ သာဂရမြို့ဟောင်းတူးဖေါ်တုန်းက ရရှိခဲ့တဲ့မှတ်တမ်းတွေကိုရော ဘာစာများနဲ့ မှတ်တမ်းတင်ခဲ့ပါလိမ့်။ မြန်မာစာ မြန်မာစကားနဲ့ မှတ်တမ်းတင်ခဲ့ တယ်ပြောရင်တော့ စာရေးသူအနေနဲ့ လက်ခံဖို့ငြင်းရပါလိမ့်မယ်။ ဘာဖြစ်လို့ပါလဲ။ သမိုင်းပညာရှင် ဒေါက်တာ သန်းထွးန်ရဲ့မှတ်တမ်းလေးကို ခဏလောက်ဖတ်ကြည့်လိုက်ပါ။ ပျူနဲ့ မွန်တွေက မြန်မာတွေကို ဗုဒ္ဓဘာသာနဲ့ စာရေးနည်းပညာကို သင်ပေးခဲ့လို့ မြန်မာတွေ ခရစ်နှစ် (၁၀)ရာစုလောက်ကပဲ ဗုဒ္ဓဘာသာဝင်တွေဖြစ်လာပြီး ခရစ် (၁၁) ရာစုနှစ်မှာ စာရေးတတ်ပြီလို့ ပြောလို့ပြောနိုင်ပါတယ်။ ဒီမှာ ကျနော်ဆိုလိုတာက ယနေ့မြန်မာနိုင်ငံလို့ခေါ်တဲ့ ဒေသမှာနေကြတဲ့ ပျူတွေဟာ ခရစ်နှစ် တစ်ရာစုကစပြီး စာရေးနည်းတတ်ပြီး မွန်တွေလဲ ပျူတွေနဲ့ တန်းတူ စာရေးနည်းပညာကိုတတ်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ပျူရော မွန်ပါ ဗုဒ္ဓသာသနာဝင်မဖြစ်မီက ဗြဟ္မဏ သာသနာဝင်တွေဖြစ်ခဲ့တယ်လို့ ရှေးဟောင်းသုတေသန (Archaelogy) အများကြီးပြနိုင်ပါတယ် လို့ဆိုခဲ့တာ ကြောင့်ပါ။
ရှင်ဇလွန်ကို အေဒီ (၇၈၈)မှာ တည်ခဲ့တယ်ဆိုတဲ့မှတ်တမ်းကို ရေးခဲ့တာဟာ မြန်မာစာနဲ့ မဟုတ်တာတော့ လုံးဝသေချာသွားပါပြီ။ ဒါဆို ထားဝယ်စာ သို့မဟုတ် ပျူစာ သို့မဟုတ် မွန်စာနဲ့များ မှတ်တမ်းတင်ခဲ့လေ မလားပဲ။ မသေချာတဲ့ အတွေးတစ်ခုက စိတ်ကိုေ၀၀ါးစေပါတယ်။ သေချာတာကတော့ မှတ်တမ်းကျန်ခဲ့တယ် ဆိုတာပါပဲ။ ဘာဖြစ်လို့ ထားဝယ်လူမျိုးများမှာ စာပေမရှိတော့တာလဲ။ တကယ်ရော စာပေမရှိခဲ့တာလား။ စာပေမရှိ ပညာမတတ်ပဲနဲ့ ဘယ်လိုများ ကိုယ်ပိုင်စကားနဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုကို ထိန်းခဲ့ပါသလဲ။ ဒါဆို ကိုယ်ပိုင်စာပေက ဖျက်ဆီးခံလိုက်ရတာလား သို့မဟုတ် ကွယ်ပျောက်သွားတာလား။ ဒီမေးခွန်းများကတော့ စာရေးသူရဲ့ စိတ်ထဲနဲ့ နှလုံးသားထဲမှာ ထာဝရရှင်သန်နေမဲ့ အရာတွေပါပဲ။ လက်လှမ်းမီသလောက် အတွေးကိုဆွဲဆန့်ကြည့် မိတော့ စာပေမရှိပဲနဲ့ လူမျိုးလို့ သတ်မှတ်ခံရသူများ။ လူမျိုးသတ်မှတ်ပြီးမှ စာပေပေါ်ခဲ့သူများ ကမ္ဘာမှာ ရှင်သန်နေတာကိုတွေ့ရပြန်ပါတယ်။ အရှေ့တောင်အာရှမှာ စီးပွားရေး အင်အားကြီး နိုင်ငံဖြစ်တဲ့ စင်္ကာပူဟာ မလေးရှားက ခွဲထွက်ထားတဲ့နိုင်ငံဆိုတာ သမိုင်းသိသူများလက်ခံမယ်ထင်ပါတယ်။ စင်္ကာပူနိုင်ငံဆိုတာ မလေးနဲ့ တရုတ်တို့ အုပ်စိုးတဲ့နိုင်ငံဆိုရင်လဲ မှားမယ်မထင်ပါဘူး။ ၁၉၅၀ ထိ စင်္ကာပူနိုင်ငံနဲ့ စင်္ကာပူလူမျိုးဆိုတာ ကမ္ဘာမှာမရှိသေးပါဘူး။ ဒါပေမယ့် ပြောင်းလဲချင်တဲ့စိတ်နဲ့တည်ဆောက်ထားတဲ့ လူသားများဖြစ်လို့ ပြောင်းလဲရင်းနဲ့ အခုဆိုရင် ကမ္ဘာမှာ စင်္ကာပူလူမျိုးရယ် ပြီးတော့ စင်္ကာပူစာရယ်လို့ ပေါ်ပေါက်နေပြီလေ။ မလေးရှားလူမျိုးလဲ ထိုနည်းလည်း ကောင်းပါပဲ။ စာပေမရှိတဲ့လူမျိုးပါ။ စာပေမရှိလို့ အင်္ဂလိပ်စာကို အသံထွက်နဲ့ ရေးနည်းကိုထွင်ခဲ့တာမို့ အခုဆိုရင် မလေးစာဆိုတာကိုပါ ကမ္ဘာကလက်ခံနေပြီလေ။ စာပေမရှိလို့ လူမျိုးဆိုတာ လက်ခံစရာမလိုဘူးလို့ စာဖတ်သူ တွေးနေတုန်းပဲ့လား။ စာပေဆိုတာ လူမျိုးရှိမှ ပေါ်တဲ့အရာ လူတွေက အသံထွက်သင်္ကေတနဲ့ သတ်မှတ်ထားတဲ့ အရာဆိုတာကို စာဖတ်သူလက်ခံမယ်ထင်ပါတယ်။ စာပေမရှိပေမယ့် မလေးရှားလူမျိုး စင်္ကာပူလူမျိုးလို့ လက်ခံ သတ်မှတ်ထားတဲ့ စာဖတ်သူဟာ စာပေမရှိသေးပေမယ့် လူမျိုးနဲ့ စကားဆိုတာ အခုထိပြောဆိုရှင်သန်နေတဲ့ ထားဝယ်လူမျိုးများကို လူမျိုးမရှိဘူး ယဉ်ကျေးမှုမရှိဘူးလို့ ဘာလို့များ စွေစောင်းတဲ့ အသိနဲ့ကြည့်နေရတာလဲ။ ကမ္ဘာကြီးဟာ နေ့စဉ်နဲ့အမျှ ပြောင်းလဲနေပါတယ်။ ပြောင်းလဲမှုနဲ့အတူ ပြောင်းလဲဖို့ကြိုးစားနေတဲ့ သူတွေထဲမှာ လူတွေပါနေတယ်ဆိုတာကို စာဖတ်သူများငြင်းနိုင်မယ်မထင်ပါဘူး။ ခေတ်နဲ့အညီ ပြေးလွှားနေတဲ့ စာဖတ်သူလူ သားများဟာ သမိုင်းတိကျတဲ့ အဖြစ်တစ်ခုကို လက်ခံဖို့ငြင်းဆန်နေဦးမယ်ဆိုရင်တော့ စာဖတ်သူဟာ ခေတ်နဲ့ အညီနေပြီး ခေတ်ကိုလက်ခံသူတစ်ယောက်မဟုတ်ဘူးလို့ပဲ ယူဆရလိမ့်မယ်ထင်ပါရဲ့။ အသိတွေနဲ့ ပြည့်စုံရုံမက ခေတ်နဲ့ပါ အညီနေနိုင်တဲ့ စာဖတ်သူများဟာ သမိုင်းနဲ့ ပြည့်စုံခြင်းမက ပြည့်စုံလွန်းလှတဲ့ ကိုယ်ပိုင်စကား ကိုယ်ပိုင်ယဉ်ကျေးမှု ကိုယ့်လူမျိုးများကို ဘာလို့တန်ဖိုးမထားနိုင်ရမှာလဲ။ ခေတ်တွေ ဒီရေလို စီးဆင်းပြီး အမြဲပြောင်းလဲသွားပေမယ့် ဘော ဘောင် ဘင် ဘီ ဘေး ဘိုး ဘ ကတည်းက စောင့်ထိန်းခဲ့တဲ့ အမျိုးသားယဉ်ကျေးမှုနဲ့ ကိုယ်ပိုင် ဘာသာစကားများကို စာဖတ်သူများရဲ့ သား မြေး မြစ် တီ တွတ် ကျွတ် ကျွတ်ဆက် ဆိုတဲ့ ဆွေခုနစ် ဆက် မျိုးခုနစ်ဆက်ထိ မပြောင်းမလဲ ဆက်လက်စီးဆင်းသွားအောင်လုပ်ဖို့က စာဖတ်သူရဲ့လက်ထဲမှာရှိနေ တယ်ဆိုတာကို မမေ့ပါနဲ့။ စာဖတ်သူဟာ သမိုင်းတစ်ခေတ်ထူထောာင်သူဆိုတာကို သို့မဟုတ် ဆွေခုနစ်ဆက် မျိုးခုနစ်ဆက်ရဲ့ သမိုင်းပေးတာဝန်ကို ဆက်လက်သယ်ဆောင်သူဆိုတာကို မမေ့ဘူးဆိုရင် တာဝန်သိစိတ်နဲ့ ဆက်လက်တာဝန်ယူသွားဖို့ပါပဲ။
သမိုင်းပေးတာဝန်ကျေသူများဖြစ်ပါစေ။ ။
စာရေးသူ – ဦးဉာဏ၀ရ  (၂၅၊ ၉၊ ၂၀၁၂)

ဒေသခံများ တိုင်ကြားချက်အရ ရပ်/ကျေး အုပ်ချူပ်ရေးမှုးအချို့ ပြန်လည် ရွေးချယ်

Dawei Watch
ထားဝယ်၊ စက်တင်ဘာ ၂၅

ဒီမိုကရေစီနည်းလမ်းမကျဟု ဒေသခံများက တိုင်ကြားလာပါက လက်ရှိ အုပ်ချူပ်နေသည့် ကျေးရွာ အုပ်ချူပ်ရေးမှုး ပြန်လည်စီစစ်ပြီး ရွှေးချယ်ခန့်ထားလျက်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် အုပ်ချူပ်ရေးမှုးရုံးထံမှ သိရသည်။

ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူး ဥပဒေ ထွက်ရှိပြီးသည့် အချိန်မှ စ၍ ကျေးရွာလူထု၏

လိုအပ်ချက်အပေါ်တွင် မူတည်ကာ ဒီမိုကရေစီ နည်းလမ်းတကျ ပြုန်လည် စိစစ်ခန့်ထားပြီး ထားဝယ် ခရိုင်အတွင်းတွင် ယင်းသို့ ပြန်လည် ရွေးချယ်ခန့်အပ်သည့် အုပ်ချူပ်ရေးမှုး ၇ ဦးခန့်ရှိပြီ ဖြစ်ကြောင်း အဆိုပါ ရုံးထံမှ သိရသည်။

“ရွာတွေက တိုင်စာတက်လာရင် စီစစ်ပြီး လိုအပ်ရင် ပြန်ရွေးပေးပါတယ် ” ဟု ထားဝယ်ခရိုင် အုပ်ချူပ်ရေးမှုးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် နဘုလယ်ဒေသ၊ ထိန်ကြီးကျေးရွာ အုပ်စု ၊ မယင်းကြီးကျေးရွာတွင် ဒေသခံများ၏ တောင်းဆိုမှုအရ ကျေးရွာ အုပ်ချူပ်ရေးမှု အဖွဲ့ဝင် (ရာအိမ်မှုး ) အား စက်တင်ဘာလအတွင်းက ဒီမိုကရေစီနည်းလမ်းတကျ ပြန်လည်ရွေးချယ်တင်မြှောက်ခဲ့သည်။

မယင်းကြီးကျေးရွာကို ထိန်ကြီးကျေးရွာမှ တွဲဖက် အုပ်ချူပ်သည်။

အဆိုပါ ကျေးရွာအုပ်ချူပ်ရေး အဖွဲ့ဝင် ရွေးချယ်နိုင်ရန် ကျေးရွာအတွင်းရှိ အများပြည်သူကြည်ညိုလေးစားကာ သြဇာတိက္ကမ ရှိသည့် ရပ်မိရပ်ဖ ငါးဦးအား ရပ်/ကျေး ဥပဒေနှင့်အညီ အများဆန္ဒဖြင့် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ရွှေးချယ်ကာ ကြီးကြပ်ရေးအဖွဲ့အဖြစ် ဖွဲ့စည်းကာ တာဝန်ပေးအပ်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

အသစ်ပြဌာန်းလိုက်သည့် ကျေးရွာ အုပ်ချူပ်ရေးမှုးဥပဒေ ၏ အခန်း (၄)ရှိ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချူပ်ရေးမှုး ခန့်ထား တာဝန်ပေးခြင်းအခန်း ၊ ပုဒ်မ (၈) အရ မြို့နယ်အုပ်ချူပ်ရေးမှုးသည် ကြီးကြပ်ရေးအဖွဲ့မှ တင်ပြသည့် အမည်စာရင်းပါ ပုဂ္ဂိုလ်အား ရပ်ကျေးဥပဒေတွင် ပြဌာန်းထားသည့် အုပ်ချူပ်ရေးမှုးတစ်ယောက်တွင် ရှိရမည် အရည်အချင်းများနှင့် ပြည့်စုံပါက ခရိုင် အုပ်ချူပ်ရေးမှုး၏ အတည်ပြုချက်ကို ယူပြီး ရွှေးချယ် ခန့်ထားရမည်ဖြစ်သည်။

“ ရွာလူကြီးကို အရင်ကဆို အထက်ကရွေးပြီး အုပ်ချူပ်ဖို့ တာဝန်ပေးတယ်။ အခု ကိုယ့်ဘာသာကိုယ် ရွာလူကြီးကို ရွှေးချယ်ရလို့ ပိုကောင်းတယ်” ဟု အသက် ၆၇ နှစ်အရွယ် ဦးထွန်းသီးက ဆိုသည်။

ကျေးရွာ အုပ်ချူပ်ရေးမှုးအား ယခုကဲ့သို့ ကိုယ်တိုင်ရွှေးချယ်သည်ကို ကျေနပ်ကြောင်း၊ ရပ်ရွာ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ဘာသာရေး ကဏ္ဍများတွင် သွက်လက်စွာ ဆောင်ရွက်နိုင်သူဖြစ်ပြီး ရပ်ရွာကို အကျိုးပြုသူ ဖြစ်စေလိုကြောင်း၊ လိုအပ်ချက်ရှိလျှင်လည်း ၀ိုင်းဝန်း ပြုပြင်တည့်မတ်ပေးနိုင်မည်ဖြစ်ကြောင်း ရပ်ရွာအရေး ကိစ္စများတွင် ၁၁ နှစ် ခန့် လုပ်ကိုင်ခဲ့ဖူးသည် ဦးလှိုင်က ဆိုသည်။

ရပ်ကွက် ကျေးရွာ အုပ်ချူပ်ရေမှုး ဥပဒေကို ရွာသူရွာသားတွေ နားလည်သိရှိအောင် အရင်ရှင်းပြ ပြောပြပေးရန်လိုအပ်ပြီး ရွှေးချယ်မှု အဆင့်ဆင့်တွင် အုပ်ချူပ်ရေး အပိုင်းမှ ၀င်ရောက် မစွက်ဖက်ရန်လိုကြောင်း မယင်းကြီးကျေးရွာ အုပ်ချူပ်ရေးအဖွဲ့ဝင် ရွှေးချယ်ပွဲကို စောင့်ကြည့်လေ့လာခဲ့သည့် ထားဝယ် ၈၈ မျိုးဆက် ဦးကျော်ကျော်သက်က မှတ်ချက်ပြုသည်။

“အုပ်ချူပ်ရေးပိုင်းက ၀င်ပြီး စွက်ဖက်မှုရှိရင် မျှတတဲ့ ရွှေးချယ်မှု ဖြစ်မှာ မဟုတ်ဘူး” ဟု ဦးကျော်ကျော်သက်က ဆိုသည်။

နိုင်ငံပြုပြင် ပြောင်းလဲရေးကို အောက်ခြေ အဆင့်အထိ မြှင့်တင်ရန် ၂၀၁၂ ခုနှစ် မေလ ၁၁ ရက်နေ့ မိန့်ခွန်းတွင် သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

မြို့နယ် ဖွံ့ဖြိုးရေး အစီအမံ တိုင်းတွင် အုပ်ချူပ်မှု ဆိုင်ရာ စီမံခန့်ခွဲမှုများကို ဗဟို ချုပ်ကိုင်မှု လျော့ချပြီး ဥပဒေ စည်းမျဉ်းဖြင့်သာ ထိန်းကျောင်း၍ ပြည်သူများ အတွက် သိသာ ထင်ရှားသော အပြောင်းအလဲ တစ်ရပ် ပေါ်ပေါက်စေရန် ယင်းမိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုခဲ့သည်။

ရပ်ကွက်ကျေးရွာ အုပ်ချူပ်ရေး ဥပဒေအား ၂၀၁၂ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ပြဌာန်းခဲ့သည်။

Dawei Watch

ဒေသခံ တစ်ဦးပြောသော 'တိုးတက်ရေး'

တိုးတက်တယ်ဆိုတာဘာလဲ။ သေချာစဉ်းစား။ ကော်ပင် (ရာဘာပင်) တစ်ပင်ကို ၁၀ သိန်းပေးတယ်ထားဦး ။ ဒီရတဲ့ငွေနဲ့အဲဒီနေရာမှာ ပြန်ဝယ်ရင်တစ်ပင်ကို သိန်း ၅၀ ဆယ်လောက်ဖြစ်သွားမယ်။ ဆိုတော့ကြေးရတာဟာ မရတာထက်ပိုဆိုးတယ်။ ဒေသခံတွေမျက်ရည်နဲ့စွန့်ပစ်ခဲ့ရတဲ့ မြေပေါ်မှာသူများနိုင်ငံမှာလက်မခံတဲ့ စက်ရုံတွေလာဆောက်တာဟာ တိုးတက်တာလား။

နဘုလယ်မှာသမိုင်းရှိတယ် ယဉ်ကျေးမှုရှိတယ် ဒေသိယဘာသာစကားရှိတယ် ရေနက်


ဆိပ်ကမ်းလာရင် ဒါတွေပျောက်သွားမှာ။

အခုဒေသခံတွေ အုန်းသီးရောင်းပြီးထမင်းစားနေလို့ရတယ်။ ငါးရှာပြီးမိသားစုကိုထားနိုင်တယ်။   မြေကြီးတွင်းတူးရင်ငါးတောင်တူးတာနဲ့ရေထွက်တယ်။ တောထဲနှစ်ခေါက်ဝင်တာနဲ့ တစ်လစာထမင်းချက်ဖို့ ထင်းအလားကားရတယ်။ မိသားစုခြံတစ်ခုမှာ အိမ် ၁၀လုံးဆောက်ပြီးနေလို့ရတယ်။ ရှမ်းထဲ (ယိုးဒယား) ကပြန်လာမယ့် သမက်ခယ်မ အတွက်အိမ်ဘေးမှာ အဖီလေးချပြီး နေခိုင်းလို့ရတယ်။ အခုဒါတွေပျောက်သွားမှာ။ ထင်းဝယ်ရမယ်။ ရေ၀ယ်ရမယ်။ မီးဝယ်၇မယ်။

အားလုံးဟာ အခြေခံလူတန်းစားများတယ်။ အားလုံးအလုပ်လက်မဲ့ဖြစ်သွားမယ်။ ဒါတွေ မတွေးဘဲနဲ့ဒေသခံတွေအတွက် မတွေးဘဲနဲ့ရေပေါ်ဆီအကြိုက်လိုက်တွေးနေရင်တော့ မှားလိမ့်မယ်။

သန်းထိုက်
ကျောက်ဝှက်ကုန်းကျေးရွာ

(ကျောက်ဝှက်ကုန်းကျေးရွာသည် ထားဝယ်စီမံကိန်း ဧရိယာအတွင်း ပါဝင်သော ကျေးရွာ တစ်ရွာဖြစ်သည်)

Source: Dawei Watch

စင်ကာပူ သဲတင် သင်္ဘော ထားဝယ် အထိ ခရီးဆန့်


Dawei Watch
ထားဝယ်၊ စက်တင်ဘာ ၂၄

ကုန်းမြေချဲ့ရန် သဲအမြဲစတေ လိုအပ်နေသော မြို့ပြကျွန်းနိုင်ငံ စင်ကာပူ သဲသယ်ယာဉ်များ ထားဝယ်မြစ်ဝ အထိ ခြေဆန့်ကာ သဲလာရောက်ဝယ်ယူရန် ရှိကြောင်း သဲတင်ပို့မည့် ကျော်ကျော်ဖြိုးကုမ္ပဏီ ထံမှ သိရသည်။မြန်မာနိုင်ငံတောင်ပိုင်းမှ ကော့သောင်းဒေသတွင် သဲတူးဖော်ဝယ်ယူနေသော စင်ကာပူသဲတင် သင်္ဘောများသည် မြောက်ဘက် မိုင်လေးရာခန့်အကွာရှိ ထားဝယ်မြစ်ဝအထိ ခရီးဆန့်လာခြင်းဖြစ်သည်။
ထားဝယ်မြစ်ကြောင်း ရှင်းလင်းရေး သောင်တူးသည်အနေဖြင့် ကျော်ကျော်ဖြိုး ကုမ္ပဏီမှ သဘောင်္ ရှစ် စင်း ဖြင့် သဲတူး၊ သဲသယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေပြီး ယခုလနောက်ဆုံးအပတ်တွင် စင်ကာပူမှ သဲဝယ်ယူမည့် သင်္ဘောရောက်ရှိမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ယင်းကုမ္ပဏီသည် ယင်းလုပ်ငန်းများကို ထားဝယ်မြစ်ဝရှိ ကျောက်နီမော်နှင့် ဆင်ဖြူပြင်ကျေးရွာအကြားတွင် လုပ်ကိုင်ခွင့်ရရှိထားပြီး လုပ်ငန်းလည်ပတ်ရန်အတွက် အကြိုလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း ကျော်ကျော်ဖြိုး ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

သဲတူးယူမှုကြောင့် ကမ်းပါးပြိုမှု ပိုများလာနိုင်ပြီး ပင်လယ်ဆားငန်ရေများ လယ်ယာမြေများအတွင်း ၀င်ရောက်လာကာ လယ်ယာမြေများ မဖြစ်ထွန်းတော့မည်ကို ယင်းမြစ်ကမ်းအနီး နေထိုင်သော ဒေသခံအချို့က စိုးရိမ်လျက်ရှိသည်။

သဲတူးယူသွားလို့ ချောင်းနက်လာရင် ကမ်းပြိုတာတွေ ပိုများလာမယ် ဟု ယင်းမြစ်ကမ်းအနီး တီတွတ်ပြင်ရွာမှ အသက် ၅၀ အရွယ် လယ်သမား တစ်ဦးက ၎င်း၏ အတွေ့အကြုံနှင့် နှိုင်းယှဉ်ပြောဆိုသည်။

ရာမည သောင်တူး သဘောင်္တစ်စီးသည် ပြီးခဲ့သည့် ၁၀ နှစ်ကျော်က ဆင်ဖြူပြင်ဆိပ်ကမ်းအ၀င် လမ်းကြောင်းတွင် သဘောင်္များ ၀င်ထွက်လွယ်ကူစေရေးအတွက် သောင်တူးဖော်ပြီး တူးယူရရှိသည့် သဲ၊ နှုန်းမြေများကို အိမ်ရှေ့ပြင်ကျေးရွာအနောက်ဘက်ကမ်းရှိ သောင်မဲကျွန်းတွင် စုပုံခဲ့သည်ဟု ဆင်ဖြူပြင် ကျေးရွာမှ ဒေသခံများက ဆိုသည်။ထားဝယ်မြို့၏ တောင်ဘက် မိုင် ၂၀ ခန့် အကွာတွင်ရှိသည့် ဆင်ဖြူပြင် ဆိပ်ကမ်းသည် ထားဝယ်ဒေသသို့ လာရောက်သော သင်္ဘောကြီးများ အဓိက ဆိုက်ကပ်ရာ နေရာတစ်ခုဖြစ်သည်။

ထိုအချိန်က သောင်တူးခဲ့ခြင်းကြောင့် တီတွတ်ပြင် ကျေးရွာ ကမ်းခြေအနီးရှိ တောင်သူများနှင့် ရေလုပ်သားများ အသုံးပြုနေသော ရေတွင်းအချို့ ဆားငန်ရေ ၀င်သွားသည့်အတွက် ပျက်စီးခဲ့ကြောင်း၊ ထားဝယ်-မြိတ်-ကော့သောင်းမြို့များသို့ ပြေးဆွဲနေသော ကမ်းရိုးတန်းအမြန်ယာဉ်များ စတင်ပြေးဆွဲလာချိန်တွင် ကမ်းပြိုမှု ပိုမိုများလာကြောင်း ယင်းကျေးရွာများမှ ဒေသခံများက ပြောဆိုသည်။

သောင်တူးသည့်အခါ ကမ်းပါးလျှောစောက်အား တစ်အချိုး၊ သုံး နှင့် လေး အကြားထားရှိလျှင် အကောင်းဆုံးဖြစ်ပြီး ယင်းသို့ ထားခြင်းဖြင့် ကမ်းပါးပြိုမှု နှင့် ကမ်ပါး နှင့် ကပ်ပြီး ရေစီးဆင်းမှုများကို ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှုး ဦးဝင်းအောင်က ရှင်းပြသည်။

ကမ်းပါးစောက်ရင် ကမ်းပြိုမှုဖြစ်နိုင်တယ်။ ကမ်းပါးရေကပ် စီးရင် ကမ်းပြိုမှု ဖြစ်နိုင်တယ်ဟု ဦးဝင်းအောင်က ဆိုသည်။

လွန်ခဲ့သည့် ၁၀နှစ်က သောင်တူးခြင်းကြောင့် ငါးစားကျက်များ ပျက်စီးခဲ့ပြီး ငပိပြုလုပ်ရန် ပုစွန်ငယ်များရှာဖွေရရှိမှုမှာ ခြောက်ပုံတစ်ပုံအထိ ကျဆင်းသွားကြောင်း တီတွတ်ပြင်ကျေးရွာမှ ရေလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးအောင်မြင့်က ရှင်းပြသည်။

ကုန်မြေတိုးချဲ့ရန် အလွန်အမင်း လိုအပ်နေသော စင်ကာပူသည် ကမ္ဘောဒီးယားနိုင်ငံမှ သဲအလွန်အမင်း ၀ယ်ယူခဲ့သောကြောင့် ဂေဟဗေဒစနစ် ပျက်စီးသည်ဟုဆိုကာ ပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းများ၏ ဝေဖန်မှုကို ခံခဲ့ရဖူးသည်။
လှေတွေလည်း သွားလို့ရအောင် ကမ်းပါးလည်း မပြိုအောင် လုပ်ပေးစေချင်တယ် ဟု အိမ်ရှေ့ပြင် ရပ်ကွက်မှ အသက် ၆၄ နှစ်အရွယ် ဦးစံယုက ဆိုသည်။

ထားဝယ်မြစ်ကြောင်း ရှင်းလင်းရေးမည်ဆိုသည့် အဆိုပါ စီမံကိန်းကို ပို့ဆောင်ရေး ၀န်ကြီး ဌာန၊ မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်၊ ကျော်ကျော်ဖြိုး ကုမ္ပဏီ နှင့် စင်ကာပူနိုင်ငံက ITPM ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်ကာ အသုံးပြု၍ရမည့် သဲများကို စင်ကာပူကို တင်ပို့မည်ဖြစ်ပြီး စီမံချက်ကာလ ၅ နှစ်ဖြစ်သည်။

Dawei Watch

ထားဝယ်မြစ်ဝအနီးတွင် ပုဂ္ဂလိက သဲတူးဖော်ရေးလုပ်ငန်းတစ်ခုမှ စင်ကာပူနိုင်ငံသို့တင်ပို့ရန် သဲများစမ်းသပ်တူးဖော်လျက်ရှိ



Sunday, 30 September 2012

DSC_0597
တနင်္သာရီတိုင်းဒေသကြီးရှိ ထားဝယ်မြို့ကို ဖြတ်သန်းစီးဆင်း လျက်ရှိသော ထားဝယ်မြစ်၏ မြစ်အောက်ပိုင်း ဆင်ဖြူပြင်ဆိပ်ကမ်းအနီး၌ ပုဂ္ဂလိကသဲတူးဖော်ရေး လုပ်ငန်းတစ်ခုမှ စင်ကာပူနိုင်ငံသို့ သဲများတင်ပို့ရန်အတွက် စမ်းသပ်တူးဖော်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ လက်ရှိအချိန်တွင် သဲတူးသင်္ဘောရှစ်စီးဖြင့် သဲများကို စမ်းသပ်တူးဖော်လျက်ရှိရာ မြစ်ကမ်းနံဘေးရှိ ကျေးရွာများမှ ကမ်းပါးပြိုကျမည်ကို စိုးရိမ်လျက်ရှိကြောင်း သိရသည်။
''အခု သဲတူးနေတာက မြိတ်က ကုမ္ပဏီနှစ်ခုပေါင်းပြီးလုပ်နေတယ်လို့ သိရတယ်။ မတူးသေးဘူး။  Export  လုပ်မယ့်သဲကို ဟိုကလက်ခံနိုင်မယ့်အမျိုးအစားရအောင် စမ်းသပ်တုန်းပါ။ ရရင်တော့တူးမှာပေါ့။ ဒီက ၈၈မျိုးဆက်ကျောင်းသားတွေလည်း ဒီကိစ္စအတွက် လာပြီးမေးတာတွေရှိတယ်။ ကမ်းပြိုနေတယ်လို့ပြောလို့ သွားကြည့်တော့ သဲတူးတဲ့ကုမ္ပဏီက တာဝန်ခံက တိုင်းဒေသကြီးအစိုးရ ခွင့်ပြုချက်ရယ်၊ ပို့ဆောင်ရေးဝန်ကြီးဌာနက ခွင့်ပြုချက်ယူတယ်။ သတ္တုတွင်းကလည်း သဘောတူထားတယ် ဆိုပြီးပြောတယ်။ အဲဒီနေရာကို သွားတိုင်းကြည့်တော့ ကမ်းပြိုတယ်လို့ ပြောတဲ့နေရာမှာ ရေအနက် ၁၅ ပေ ရှိတယ်။ တူးနေတဲ့နေရာမှာ ရှစ် ပေ ပဲ ရှိတယ်။ လျောစောက်က မြင့်နေတော့ လုံးဝကမ်းမပြိုနိုင်ဘူး'' ဟု တနင်္သာရီတိုင်းဒေသကြီး ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်က ပြောကြားသည်။
အဆိုပါ သဲတူးဖော်ရောင်းချမှုမှာ ဒေသခံများ၏ လယ်ယာမြေများ နှင့် မြစ်ကြောင်းဆိုင်ရာ သဘာဝပတ်ဝန်းကျင် ပျက်စီးနိုင်သဖြင့် ယင်းလုပ်ငန်းကို ထားဝယ်ခရိုင် ၈၈ မျိုးဆက်ကျောင်းသားများမှ ကန့်ကွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သဲတူးသင်္ဘောများ ရောက်ရှိလာသည်မှာ တစ်လခန့်ရှိပြီးဖြစ်ပြီး သဲစမ်းသပ်တူးဖော်မှုများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။ သင်္ဘောများကို ထားဝယ်မြို့မှ တောင်ဘက် ၁၇ မိုင်ခန့်အကွာရှိ ဆင်ဖြူပြင်ဆိပ်ကမ်းအနီး၌ ကျောက်ချရပ်နားထားပြီး သဲစမ်းသပ်တူးဖော်မှုများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။ ထားဝယ်မြစ်မှာ မိုင် ၁၂၀ ခန့် ရှည်လျားပြီး ယခုနှစ်ပိုင်းအတွင်း မြစ်ကြောင်းတစ်လျောက်၌ ရေတိုက်စားခံရမှုကြောင့် ကမ်းပါးပြိုကျမှုများ ပိုမိုဖြစ်ပွားလျက်ရှိရာ မြစ်ကြောင်းထိန်းသိမ်းပြုပြင်ရန် လိုအပ်လျက်ရှိကြောင်း သိရသည်။   

ထားဝယ်ခရိုင် အတွင်းမှာ ရေလုပ်ငန်း လုပ်ကိုင်စားသောက်သူတွေစီးပွားရေး ကျဆင်းနေ

ထားဝယ်ခရိုင် အတွင်းမှာ ရေလုပ်ငန်း လုပ်ကိုင်စားသောက်သူတွေဟာ ဒီနှစ်ပိုင်းတွေအတွင်း ငါးအရ နည်းလာလို့ စီးပွားရေး ကျဆင်းနေတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို RFA ဆောင်းပါးရှင် ခင်စည်သာက တင်ပြထားပါတယ်။

Saturday, September 29, 2012

ထားဝယ်စီမံကိန်း အရှိန်မြှင့်ရန် မြန်မာ-ထိုင်း ပူးတွဲကော်မတီ ဖွဲ့မည်

 မဇ္ဈိမ သတင်းဌာန ။        ။ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့သို့ ရောက်ရှိနေကြသော ထိုင်းဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ်ထရာ နှင့် မြန်မာ သမ္မတ ဦးသိန်းစိန်တို့သည် ထားဝယ်ရေနက် စီမံကိန်းကို အရှိန် အဟုန် မြှင့်တင်ရန် အတွက် အဆင့်မြင့် ညှိနှိုင်းဆောင်ရွက်ရေး ကော်မတီတရပ်ကို ထိုင်းနှင့်မြန်မာ ပူးတွဲဖွဲ့စည်းရန် ကြာသပတေးနေ့က သဘောတူညီခဲ့ကြသည်။

ဘဏ္ဍာရေး အခက်အခဲများ ကြုံတွေ့နေရသည့် စီမံကိန်း ရှေ့ဆက်နိုင်ရေးအတွက် နှစ်နိုင်ငံ ထိပ်တန်း အစိုးရ အရာရှိများ ပါဝင်ကြသည့် ‘အဆင့် သုံးဆင့်’ ပါဝင်သော အုပ်စုများအား စုစည်း ချိတ်ဆက်၍ လုပ်ဆောင်ရန်ဖြစ်သည်။

‘အဆင့် သုံးဆင့်’ ပါဝင်သည့် စနစ်တွင် မြန်မာ ဒု-သမ္မတ နှင့် ထိုင်း ဒု-ဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေး ဝန်ကြီးဖြစ်သူ ကစ်တီရတ် နရနောင်း Kittiratt Na-Ranong တို့ ဦးဆောင်သည့် ပူးတွဲကော်မတီ၊ ထိုင်းနိုင်ငံ အမျိုးသား စီးပွါးရေးနှင့် လူမှုဖွံ့ဖြိုးရေးရုံးမှ ဦးဆောင်သည့် ညှိနှိုင်းရေး ကော်မတီတခုနှင့် အခြေခံ အဆောက်အအုံများ၊ စက်မှုဇုန်များ၊ စွမ်းအင်များ၊ လူမှုဖွံ့ဖြိုးရေး၊ တရားဥပဒေရေးရာနှင့် ဘဏ္ဍာရေးတို့ကို စီမံဆောင်ရွက်ရန်အတွက် ကော်မတီခွဲခြောက်ခုတို့ ပါဝင်သည် ဟု သတင်းတရပ်က ဆိုကြောင်း ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းဆောင်းပါး တပုဒ်တွင် ရေးသား ဖော်ပြထားသည်။
Thein-Sein-and-Yingluck-Shinawatra-at-New-York
မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ်ထရာ တို့ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့သို့ ရောက်ရှိနေစဉ် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းကိစ္စကို ၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့က ဆွေးနွေးခဲ့ကြသည်။ (Photo: Yingluck Shinawatra / Facebook)

ထို ကော်မတီခွဲများအား နှစ်နိုင်ငံမှ သက်ဆိုင်ရာ ဝန်ကြီးများက ဦးဆောင်ကြလိမ့်မည်ဟု ဆိုသည်။

“ဒီနှစ် နိုဝင်ဘာမှာ ကမ္ဘောဒီးယားမှာ လုပ်မယ့် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ထိုင်း နဲ့ မြန်မာဟာ စီမံကိန်း အစီအစဉ်ကို ကြေညာပါလိမ့်မယ်။ ပြီးတော့ ဘန်ကောက် [ထိုင်း] အစိုးရဟာ မကြာခင်မှာ ပထမဆုံး အစည်းအဝေး ကို လက်ခံကျင်းပ ပါလိမ့်မယ်” ဟု သတင်းရပ်ကွက် တခုက ဆိုသည်။

အစည်းအဝေးများတွင် ထည့်သွင်းဆွေးနွေးကြမည့် အခြား ကိစ္စရပ်များတွင် ရန်ကုန် သီလဝါ ဆိပ်ကမ်း၌ အထူးစီးပွါးရေးဇုန် တခု ထူထောင်ရေးတွင် ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်လည်း ပါဝင်သည်ဟု ဆိုသည်။

ထားဝယ်စီမံကိန်းတွင် ထားဝယ်ရေနက် ဆိပ်ကမ်း တည်ဆောက်ခြင်း၊ သဘောင်္ကျင်း အဆောက်အဦးများ တည်ဆောက်ခြင်း၊ ရေနံဓါတုစက်ရုံဇုန် တည်ထောင်ခြင်း၊ ရေနံသန့်စင်စက်ရုံ တရုံ၊ သံမဏိစက်ရုံနှင့် လျှပ်စစ် ဓါတ်အားပေး စက်ရုံများ တည်ဆောက်ခြင်း၊ ထားဝယ်-ဘန်ကောက် အဝေးပြေးလမ်းမ နှင့် ရထားလမ်း ဖောက်လုပ်ခြင်းများအပြင် ကားလမ်းနှင့် ရထားလမ်း တလျှောက်တွင် ရေနံပိုက်လိုင်းတခု သွယ်တန်းခြင်းတို့ ပါဝင်သည်ဟု သဘောတူညီချက်က ဆိုထားသည်။

၂ဝ၁၈ ခုနှစ်တွင် ပြီးစီးလိမ့်မည်ဟု အကြမ်းဖျင်း ခန့်မှန်းထားသည့် ထားဝယ်စီမံကိန်းတွင် သံမဏိ စက်ရုံများ၊ ရေနံ သန့်စင်ရေး စက်ရုံများ၊ ရေနံဓါတုစက်ရုံဝင်းတခုနှင့် လျှပ်စစ် ဓါတ်အားပေး စက်ရုံများ ပါဝင်မည့်အပြင် အချက်အချာ ဗျူဟာကျသည့် ထားဝယ် ရေနက်ဆိပ်ကမ်းကိုလည်းတည်ဆောက် မည်ဖြစ်ရာ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသများအတွက် မလက္ကာ ရေလက်ကြားကို ဖြတ်ရန် မလိုတော့ဘဲ ပိုမိုတိုတောင်းသော သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတခု ဖြစ်လာမည် ဖြစ်သည်။

မြန်မာနှင့် ထိုင်းနိုင်ငံတို့သည် မကြာသေးခင်ကလည်း တောင်ဘက်စွန်းရှိ ထားဝယ် အထူးစီးပွါးရေးဇုန်နှင့် ဘန်ကောက်မြို့ တောင်ဘက် ချောင်ဘူရီ နယ်ရှိ Laem Chabang စက်မှုဇုန်တို့အကြား ဆက်သွယ်ရေးလမ်းကြောင်း တည်ထောင်ရန် သဘောတူညီခဲ့ကြပြီး ဆွေးနွေးမှုများမှာ ဇူလိုင်လထဲတွင် ပြီးဆုံးခဲ့သည်။


http://www.mizzimaburmese.com/news/business/10183-2012-09-28-12-23-20.html