Thursday, January 21, 2010

ရိုးတိုးရိပ်တိပ် မျှော်လင့်လာရတဲ့ အစုအပြုံလိုက် ပြန်ပို့မှု

ဘာသာပြန်သူ - စိုးနေလင်း
တနင်္လာနေ့၊ ဇန်နဝါရီလ ၁၈ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၂၇ မိနစ်

(၂ဝ၁ဝ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့ထုတ် Bangkok Post မှ Sanitsuda Ekachi ရဲ့The looming prospectof massive deportation ကို ဘာသာပြန်ဆိုပါသည်။) - (ဓာတ်ပုံ - ရောင်ခြည်ဦး)


တကယ်လို့ အဖြေက “ကောင်းပါပြီ” ဆိုရင်တောင် ဘရုတ်သုတ်ခ ဖြစ်နေတဲ့ တရားမဝင် ရွှေ့ပြောင်း အလုပ်သမား အခြေအနေဟာ သိပ်ပြီး ကောင်းလာမှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အဖြေက သိပ်ကြောက်စရာကောင်းတဲ့ “မရပါဘူး” ဆိုရင်တော့ ဒီဘရုတ်သုတ်ခအဖြစ်ဟာ ပိုပြီး ဆိုးဝါးလာပါလိမ့်မယ်။ ကျမပြောနေတာက ဆိုင်းငံ့ထားတဲ့ အိမ်နီးချင်းနိုင်ငံတွေက သန်းပေါင်းများစွာရှိတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကို စနစ်တကျ၊ စည်းကမ်းတကျ ထိန်းချုပ်ဖို့ လုပ်ဆောင်နေတဲ့ အမျိုးသား စီမံဆောင်ရွက်မှုသစ်ရဲ့ ကန့်သတ်ကာလကို တိုးချဲ့ပေးဖို့၊ မပေးဖို့ အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ပြောတာပါ။

အစိုးရက လွန်ခဲ့တဲ့နှစ်က လမ်းပေါက်တွေ ပွနေတဲ့၊ နယ်စပ်တလျှောက်က ထိုးဖောက်ဝင်ရောက် လာနေကြတဲ့လော၊ ကဗ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံတွေက ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ တရားမဝင် ဝင်ရောက်နေမှုကို ရပ်ဆိုင်းပစ်လိုက်ဖို့ မျှော်လင့်ချက်နဲ့ နှစ်အလိုက် လုပ်ပေးနေတဲ့ ရွှေ့ပြောင်းအလုပ်သမား မှတ်ပုံတင်မှုကို ရပ်ပစ်တော့မယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီလို မှတ်ပုံတင်ပေးနေမှုအစား သူတို့ရဲ့ မူလနိုင်ငံတွေက နိုင်ငံသားစိစစ်မှုကို လုပ်ပေး၊ နိုင်ငံကူးလက်မှတ် ထုတ်ပေးရမှာ ဖြစ်ပြီး အဲဒီ ရလာတဲ့ နိုင်ငံကူးလက်မှတ်နဲ့ အလုပ်သမားတွေက ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့်ကို လျှောက်ထားကြရမှာ ဖြစ်ပါတယ်။ တကယ်လို့ အလုပ်သမားတွေက နိုင်ငံသား စိစစ်မှုကို ကန့်သတ်ကာလဘောင်အတွင်း မီအောင်မလုပ်နိုင်ကြဘူးဆိုရင် အဲဒီအလုပ်သမားတွေဟာ အဖမ်းအဆီးခံ နိုင်ငံကို ပြန်ပို့ခံရမှာ ဖြစ်ပါတယ်။ အစိုးရက သူတို့ရဲ့ တောင်းဆိုမှုအတွက် သန်းပေါင်းများစွာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို အချိန်ကာလ တနှစ်ပဲ ခွင့်ပြုခဲ့ပါတယ်။ အဲဒီကန့်သတ်ကာလဟာ အခုချိန်မှာ ကျမတို့နိုင်ငံရဲ့တံခါးကို လာခေါက်နေပါပြီ။

ကျမတို့ အခုကြုံတွေ့ရမယ့် အဖြစ်ကတော့ ၂ သန်းကျော်ရှိနေတဲ့ လူတွေကို အစုလိုက်အပြုံလိုက် ပြန်ပို့ရမယ့် အဖြစ်ပါပဲ။ ရွှေ့ပြောင်းနေထိုင်သူများ တရားမျှတမှု အစီအစဉ် (Migrant Justice Programme) ရဲ့ ညွှန်ကြားရေးမှူး အင်ဒီဟောလ် (Andy Hall) ရဲ့ အဆိုအရ ၇ဝဝဝဝ ကျော်ရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတချို့ဟာ သတင်းတပတ်လောက်ပဲ လိုတော့တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ကုန်ဆုံးတော့မယ့် သူတို့ရဲ့ အလုပ်သမားလက်မှတ်အရ အစုလိုက်အပြုံလိုက် တိုင်းပြည်ပြန်ပို့ခံရမယ့်အဖြစ်ကို ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။ ကျန်တဲ့ခန့်မှန်းခြေ ၉၃ဝဝဝဝ လောက်ရှိတဲ့ မှတ်ပုံတင်ပြီး အလုပ်သမားတွေအတွက်ကတော့ သူတို့ရဲ့ အလုပ်သမားလက်မှတ် သက်တန်းကုန်ဆုံးမယ့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ပြီးရင် ဒီအဖြစ်နဲ့ ရင်ဆိုင်ကြရပါလိမ့်မယ်။

ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာအဖွဲ့ (International Organization for Migration) ရဲ့ အဆိုအရ ၂ဝဝ၉ ခုနှစ်အတွင်း ထိုင်းနိုင်ငံမှာ တရားဝင် မှတ်ပုံတင်ထားကြတဲ့ အလုပ်သမားပေါင်း ၁,၁၇၄,၇၁၆ ဦး ရှိပါတယ်။ အဲဒီအလုပ်သမား ဦးရေရဲ့ ၈ဝ % ဟာ မြန်မာနိုင်ငံက ဖြစ်တဲ့အတွက် နိုင်ငံသား စိစစ်ရေးလုပ်ငန်းရဲ့ အောင်မြင်မှုဟာ မြန်မာနိုင်ငံပေါ်မှာ မူတည်နေပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ် ကုန်လွန်ချိန်အထိ မြန်မာနိုင်ငံက လျှောက်ထားသူ ၅ဝဝဝ-၆ဝဝဝ လောက်ကိုပဲ စိစစ်ပေးနိုင်ခဲ့ပါသေးတယ်။ မြန်မာနိုင်ငံရဲ့ ကြိုးနီစနစ်နဲ့ ခြစားလောက်ကိုက်မှုတွေကြောင့် အရမ်းနှေးကွေးလှတဲ့ စိစစ်ဆောင်ရွက်မှု လုပ်ငန်းစဉ်ဟာ တခုတည်းသော အဟန့်အတား၊ အနှောက်အယှက်တော့လည်း မဟုတ်ပါဘူး။ လောနဲ့ ကဗ္ဘောဒီးယား နိုင်ငံတွေက နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ် လျင်မြန်လာဖို့အတွက် သူတို့နိုင်ငံတွေက အာဏာပိုင်အရာရှိတွေကို ထိုင်းနိုင်ငံကို စေလွှတ်ပေးဖို့ သဘောတူညီထားခဲ့ပြီးဖြစ်ပေမယ့် မြန်မာနိုင်ငံကတော့ အဲဒီလို စေလွှတ်ပေးဖို့ကို ငြင်းဆန်ခဲ့ပါတယ်။

သူတို့က အလုပ်သမားတွေကို သူတို့ကိုယ်တိုင် မြန်မာနိုင်ငံထဲ ပြန်ဝင်ပြီး လုပ်ဆောင်ကြဖို့ ဒါမှမဟုတ် ပွဲစားတွေကတဆင့် လုပ်ဖို့ပဲ ပြောဆို တိုက်တွန်း နေပါတယ်။ အဲဒီနိုင်ငံကူးလက်မှတ်အတွက် ပေးသွင်းရမယ့် အခကြေးငွေကို ထိုင်းဘတ်ငွေ ၅ဝဝ အထိ လျှော့ချ ပေးလိုက်ပေမယ့် အလုပ်သမားတွေအတွက်ကတော့ သက်ဆိုင်ရာ တာဝန်ရှိအရာရှိတွေရဲ့ လက်မှတ်ကိုရဖို့ မတန်တဆပေးပြီး လုပ်နေကြရဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း လိမ်လည်လှည့်စားမှုတွေက များလှတဲ့ အတွက် အလုပ်သမား တော်တော်များများရဲ့ သူတို့ ခက်ခက်ခဲခဲ၊ ပင်ပင်ပန်းပန်း ရှာဖွေထားခဲ့ရတဲ့ လုပ်အားခငွေတွေဟာ ပွဲစားတွေရဲ့ လက်ထဲမှာ ဆုံးရှုံးရမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

အရေးယူအပြစ်ပေးခံရမှာကို ကြောက်ရွံ့စိုးရိမ်မှုဟာလည်း အလုပ်သမားအတော်များများက အဲဒီနိုင်ငံသား စိစစ်ရေးလုပ်ငန်းနဲ့ ကင်းကင်းရှင်းရှင်း နေကြဖို့ ရွေးချယ်ရတဲ့ အကြောင်းတချက် ဖြစ်ပါတယ်။ ရွှေ့ပြောင်းအလုပ်သမား အများစုကြီးဟာ စစ်အစိုးရရဲ့ ရက်ရက်စက်စက်၊ ကြမ်းကြမ်းတမ်းတမ်း ဖိနှိပ်မှုအောက်ကနေ ထွက်ပြေးလာခဲ့ကြတဲ့ ရှမ်း၊ ကရင်နဲ့ မွန် တိုင်းရင်းသားလူမျိုးစုတွေ ဖြစ်ကြပါတယ်။ သူတို့က သူတို့ကိုယ်တိုင် မြန်မာနိုင်ငံထဲသွားပြီး စာရင်းပေးမယ်ဆိုရင် ပြည်တွင်းထဲမှာ နေထိုင်ကျန်ရစ်ခဲ့ကြတဲ့ သူတို့ရဲ့ မိသားစု တွေကိုစစ်အစိုးရက အပြစ်ဒဏ်ပေးမှာ ခြိမ်းခြောက်ငွေညှစ်မှာကို စိုးရိမ်ကြောက်ရွံ့ကြပါတယ်။

ကန့်သတ်ချိန်ဟာ မအောင်မြင်နိုင်တော့တာကို သိတဲ့အတွက် နိုင်ငံခြားသား အလုပ်သမား စီမံကွပ်ကဲရေးကော်မီတီ (Alien Workers Management Committee) က နိုင်ငံသား စိစစ်ရေးအတွက် ကန့်သတ်ချိန်ကို နောက်ထပ် ၂ နှစ် တိုးပေးဖို့ အစိုးရအဖွဲ့ရဲ့ သဘောတူခွင့်ပြုမှုကို တောင်းခံခဲ့ပါတယ်။ အစိုးရအဖွဲ့က အဲဒီတောင်းဆိုမှုကို အခုထိ ဘာမှ မတုံ့ပြန်ခဲ့သေးပါဘူး။ ဒါပေမဲ့ အစိုးရအဖွဲ့ရဲ့ အဲဒီသဘောတူခွင့်ပြုမှုကရော တရားမဝင် အလုပ်သမားပြဿနာ နိဂုံးချုပ်ရေးကို လောက်လောက်လားလား အကူအညီ ဖြစ်စေ နိုင်ပါ့မလား။

အခု မြန်မာနိုင်ငံအစိုးရ အလုပ်လုပ်နေတဲ့ နှုန်းအတိုင်းဆိုရင် နောက်ထပ် အပိုဆောင်း ၂ နှစ်မှာ တရားဝင်အလုပ်လုပ်ခွင့် ရရှိရမယ့် မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမား တသန်းလောက်ထဲက ၁၂ဝဝဝ လောက်ပဲ စိစစ်ခွင့်ပြုပေးနိုင်မှာ ဖြစ်ပါတယ်။

အဲဒီကိစ္စကို ကျမတို့အနေနဲ့ ရယ်မောပစ်သင့်ပါသလား၊ ဒါမှမဟုတ် ငိုကြွေးသင့်ပါသလား။ တကယ်လို့ ထူးထွေအံ့မခန်း အဖြစ်မျိုးနဲ့ တွေ့ကြုံရပြီး အဲဒီအနှောင့်အယှက်၊ အဟန့်အတားတွေကို ဖယ်ရှားရှင်းလင်းပစ်နိုင်တယ် ဆိုရင်တောင် နောက်ထပ် အနိုင်ကျင့်၊ ခေါင်းပုံဖြတ်ခံရမှု မျိုးစုံ တွေ့ကြုံခံစားရနိုင်တဲ့ လူတသန်းကျော်လေက် တရားမဝင် ကျန်ရှိနေဦးမှာပဲ ဖြစ်ပါတယ်။ ငွေကြေး၊ သတင်းအချက်အလက်နဲ့ အရေးယူအပြစ်ပေးခံရမှာ ကြောက်ရွံ့မှုတွေကြောင့် အဲဒီလူတွေဟာ တရားဝင် ဖြစ်လာတဲ့အတွက် ရလာနိုင်တဲ့ အကျိုးကျေးဇူးတွေကို တွေ့မြင်နိုင်ကြလိမ့်မယ် မဟုတ်ပါဘူး။ စည်းမျဉ်းစည်းကမ်းသစ်က သူတို့ကို ၂ နှစ်တာ တရားဝင် အလုပ်လုပ်ဖို့ ခွင့်ပြုမှာဖြစ်ပြီး နောက်ထပ် ၂ နှစ်တာကာလ အလုပ်သမားလက်မှတ် သက်တမ်းတိုးခွင့်လည်း ရလာနိုင်ခြေ ရှိပါတယ်။ ဒါပေမဲ့ သူတို့တွေ လုပ်နေရတဲ့ ကျေးကျွန်လုပ်ငန်းမျိုးရဲ့ အခြေအနေတွေကနေ တိုးတက်ကောင်းမွန်လာမယ်၊ ဒါမှမဟုတ် သူတို့တွေကို ရဲက ခြိမ်းခြောက်ငွေညှစ်တာမျိုး ခံရသွားစေနိုင်တဲ့ အလုပ်ရှင်တွေက သူတို့ရဲ့ အထောက်အထားလက်မှတ်တွေကို သိမ်းဆည်းတာမျိုး ရှိနိုင်၊ မရှိနိုင် ဆိုတာကိုတော့ အာမခံချက် မရရှိနိုင်ပါဘူး။

မြန်မာနိုင်ငံမှာ အစိုးရရဲ့ ကောက်ကျစ်စဉ်းလဲ ရက်စက်မှုတွေ ဆက်ပြီး ဖြစ်နေသမျှတော့ မြန်မာနိုင်ငံက ပြည်သူတွေဟာ သူတို့တွေရဲ့ ဘဝနဲ့ အသက်တွေကို စွန့်စားပြီး နယ်စပ်ဖြတ်ကျော် အလုပ်လာလုပ် နေကြဦးမှာပါပဲ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးစနစ် ကတိမ်းကပါး ဖြစ်နေသေးသမျှ၊ ထိုင်းအာဏာပိုင်တွေကလည်း ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အရေးကို အလေးဂရုပြုဖို့ ငြင်းဆန်နေသေးသမျှ သာမန်ပြည်သူတွေဟာ နိုင်ငံရဲ့ မူဝါဒကျဆုံးမှုအတွက် အကြီးဆုံး အရှုံးသမားတွေ ဖြစ်နေကြရဦးမှာပဲ ဖြစ်ပါတယ်။

အသေအချာ အကြီးမားဆုံး အနိုင်ရမယ့် သူတွေဖြစ်တဲ့ ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ထဲမှာ ခြစားလောက်ကိုက်မှုတွေ ရှိနေဦးမှာဖြစ်သလို၊ ဂိုဏ်းဖွဲ့လူကုန်ကူးမှုနဲ့ နိုင်ငံကူးလက်မှတ်အတု ပြုလုပ်မှုတွေလည်း ရှိနေဦးမှာပဲဖြစ်ပါတယ်။

(Ms.Sanitsuda Ekachi ဟာ Bangkok Post (Outlook) ရဲ့ လက်ထောက်အယ်ဒီတာ ဖြစ်ပါတယ်။)

Wednesday, January 20, 2010

TYO အကြောင်း

ထားဝယ်လူငယ်အစည်းအရုံး တံဆိပ် (TYO Seal)

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရရှိရေး၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် တိုက်ပွဲဝင်နေကြသည့် အရပ်ဒေသအသီးသီးမှ ထားဝယ်လူငယ်များကို တစုတစည်းတည်း ဖြစ်စေရေး၊ အပြန်အလှန် လက်တွဲ ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် လူငယ်ထု၏ လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်ရေးတို့ကို ရည်ရွယ်ပြီး ထားဝယ်လူငယ်များသည် ထိုင်း-မြန်မာနယ်စပ်၌ စုဆုံကာ ၂၀၀၂ ခုနှစ်၊ မေလ (၁၂) ရက်နေ့တွင် ထားဝယ်လူငယ်အစည်းအရုံး (TYO) ကို ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်။

၂၀၀၅ ခုနှစ်တွင် မြန်မာနိုင်ငံ ကျောင်းသားလူငယ်များကွန်ဂရက် (SYCB) ၏ အဖွဲ့ဝင် အဖွဲ့အစည်း ဖြစ်လာခဲ့သည်။ SYCB သည် တိုင်းရင်းသား ကျောင်းသားလူငယ်အဖွဲ့အစည်း ၁၁ ဖွဲ့ ပါဝင်သော လူငယ်တပ်ပေါင်းစုတခု ဖြစ်သည်။

ရည်မှန်းချက်
ထားဝယ်လူငယ်ထုအနေဖြင့် စစ်မှန်သော ဒီမိုကရေစီ ဖော်ဆောင်ရေး၊ အနာဂတ် တိုင်းပြည် ပြန်လည် ထူထောင်ရေး လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်သွားရန်။

ရည်ရွယ်ချက်
(က) ထားဝယ်လူငယ်ထုအတွင်း စုစည်းညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်သွားရန်နှင့် လူငယ်ထု လှုပ်ရှားမှုများတွင်လည်း အခြားသော လူငယ်အဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်သွားရန်။
(ခ) ထားဝယ်လူငယ်ထု၏ အရည်အသွေးနှင့် ဖန်တီးနိုင်မှုစွမ်းရည်များ ပိုမိုမြင့်မားလာစေရန်။
(ဂ) ထားဝယ်တိုင်းရင်းသားတို့၏ ရိုးရာဓလေ့ထုံးတမ်းများကို ဖော်ထုတ်သွားရန်။

လုပ်ငန်းစဉ်များ
၁။ စည်းရုံးရေးနှင့် စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းစဉ်
၂။ သတင်းပြန်ကြားရေးနှင့် မှတ်တမ်းစုဆောင်းရေးလုပ်ငန်းစဉ်
၃။ ပညာရေး၊ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်
၎။ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများ ဖော်ထုတ်ထိန်းသိမ်းရေးလုပ်ငန်းစဉ်

လက်ရှိတာဝန်ထမ်းဆောင်နေသော ဗဟိုစည်းရုံးရေးကော်မတီ


(၁) ကိုကျော်မင်းထိုက် (ဥက္ကဋ္ဌ)
 (၂) ကိုနေလင်းကျော် (အတွင်းရေးမှူး)
 (၃) မချမ်းမြေ့သူ (တွဲဘက်အတွင်းရေးမှူး)
 (၄) ကိုဟိန်းထက် (ကော်မတီဝင်)
 (၅) ကိုကျော်မင်းဦး (ကော်မတီဝင်)
 (၆) မစုမြတ်ရတနာ ( ကော်မတီဝင်)
 (၇) ကိုရဲမင်းနိုင် ( ကော်မတီဝင်)
 (၈) နော်သဒါး  ( ကော်မတီဝင်)
 (၉) ကိုစိုးကျော် (  ကော်မတီဝင် )
 (၁၀) ကိုဇေယျ ( ကော်မတီဝင်)
 (၁၁) မစုစန္ဒီစိုး (  ကော်မတီဝင်)
--------------------+++-----------------


About Us

Tavoyan Youth Organization Flag (TYO flag)

Tavoyan Youth Organization was formed on May 12th, 2002 in Thailand-Burma border by Tavoyan youth aiming to unite Tavoyan youth who are struggling and fighting to ending the military junta ruling system, to promoting democracy and human rights and to building a genuine federal union to be able to work together effectively and to involve in youth movement actively.

Tavoyan Youth Organization (TYO) joined Student and Youth Congress of Burma (SYCB), an umbrella organization combined with 11 various ethnics' youth and students' organizations, in 2005.

Aim –
To participate in the process of rebuilding our country and in the struggle for genuine democracy in Burma by involving actively with effective cooperation of Tavoyan youth

Objectives –

  1. To strengthen solidarity among our Tavoyan people and to be able to work together with different youth organizations in youth movements
  2. To build up the capacity and ability of our young people
  3. To maintain Tavoyan ethnic’s tradition, culture and customs

  Programs 
 
  • Organizing and Capacity Building Program
  • Information and Documentation Program
  • Education, Health and Environmental Program
  • Cultural and Traditional Program

 Central Organizing Committee  
  1. Ko Kyaw Min Htaik - Chairman
  2. Ko Nay Lin Kyaw - Secretary
  3. Ma Chan Myae Thu - Joint-Secretary
  4. Ko Hein Htet - Committee Member
  5. Ko Kyaw Min Oo - Committee Member
  6. Ma Su Myat Yadanar - Committee Member
  7. Ko Ye Min Naing - Committee Member
  8. Naw Thadah - Committee Member
  9. Ko Soe Kyaw - Committee Member
  10. Ko Zae Ya - Committee Member
  11. Ma Su Sandy Soe - Committee Member
--------------------+++-----------------------

Tuesday, July 29, 2008

Monday, March 24, 2008

ထားဝယ်ရှင်ကိုးရှင်

(၁) ရှင်တောင့်ပုံ

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ သရက်ချောင်းမြို့။









(၂) ရှင်မျှော်

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်၊ ကြက်လွှတ်ရွာ။







(၃) ရှင်မုတ္ထီး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီးရွာ။









(၄) ရှင်ပင်ခရု

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထားဝယ်မြို့၊ ကရပ်ပြင်ရပ်။





(၅) ရှင်ဥသြ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထားဝယ်မြို့၊ ပိန္နဲတောရပ်၊ ဘုရားကြီးဝင်းအတွင်း။







(၆) ရှင်တောက်ထိန်

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်၊ ကမြောကင်းရွာ။







(၇) ရှင်ဇလွန်

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်၊ မြို့ဟောင်းရွာ။



(၈) ရှင်ဆံတော်

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်ရွာ။





(၉) ရှင်ဓါတ်ဝဲ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာ။





(ဦးသောင်းရီနှင့် ကိုရဲမင်းနိုင်တို့အား အထူး ကျေးဇူးတင်ပါသည်)


Friday, January 18, 2008

ထားဝယ်စကားပြောသူတွေဟာ ပျူလူမျိုးတွေများ ဖြစ်နေလေရော့သလား

ဆရာဟိန်းလတ်ခင်ဗျား . . .
ဟဲဟဲ . . .
(ထို “ဟဲဟဲ“ သည် ကိုရင်တာ၏ မူပိုင် “ဟဲဟဲ“ ဖြစ်ပါသည်။ သူသည် စာဖတ်သူများထံသို့ ဦးနှောက်အခြောက်ခံ စဉ်းစားစရာပြဿနာတစ်ရပ်ကို သယ်ဆောင်လာတော့မည်ဆိုလျှင် ထိုသို့ တဟဲဟဲဖြင့် အာလုပ်ပြုကာ ကြိုတင် မျက်နှာချိုသွေးထားလေ့ရှိပါသည်။ ထိုအလေ့ကို အလွန်သဘောကျသော ကျွန်တော်ကလည်း သူ့ ဟဲဟဲကြီးကို ခဏဆွဲသုံးကာ ဆရာတို့၏ဦးနှောက်များအား အောက်ကျို့ခယ၊ တင်ကြို မျက်နှာချိုသွေးလိုက်ပါကြောင်း)
မီဒီယာဟိုင်းဝေးလမ်းမကြီးထဲ ကောက်ရိုးလှည်းကြီး၊ ဆူးလှည်းကြီး မောင်းဝင် လာသည်ဟု မထင်ကြစေလိုပါခင်ဗျား။ ရှေ့ဆက်သွားရမည့် အနာဂတ်လမ်းတွင် လူမျိုးတစ်မျိုး၏ သမိုင်းဇစ်မြစ်၊ ယဉ်ကျေးမှုဆိုသည်များကလည်း အရေးပါလှသည် ဟု ထင်မြင်သည်ကတစ်ကြောင်း၊ စိတ်ဝင်စားလှသော်လည်း သမိုင်းသုတေသန ဘာသာရပ်တစ်ခုကို ကျွန်တော်ကိုယ်တိုင် ဇွတ်နှစ်လုပ်နိုင်သည့် အခြေအနေမရှိ သည်က တစ်ကြောင်းကြောင့်၊ သိလို/ လုပ်လိုသူများ (ရှိခဲ့ပါက) သိနိုင်/လုပ်နိုင်ကြ စေရန် လက်ဆင့်ကမ်းလိုက်ခြင်းဖြစ်ပါသည်။ ဟဲ ဟဲ . . . ။

“အလင်းမြစ်” စာအုပ်တိုက်အနေဖြင့် ပုံမနှိပ်ရသေးသည့် စာတမ်းတစ်စောင် ကို ဖတ်ခွင့်ကြုံခဲ့ပါသည်။ ထားဝယ်အမျိုးသားစာရေးဆရာကြီး မောင်လေးတင့် (ဦးမောင်စိန်) ပြုစုသည့် “ထားဝယ်ဒေသိယစကား ရှေ့ပြေးလေ့လာချက်” စာတမ်း ဖြစ် ပါသည်။ ရှေ့ပြေးလေ့လာချက်ဆိုသော်လည်း ကျွန်တော်လက်လှမ်းမီ ဖတ်ခွင့်ကြုံခဲ့ သမျှထဲတွင် စနစ်တကျနှင့် ပြည့်စုံနိုင်သမျှပြည့်စုံအောင် ကြိုးပမ်းထားသော စာတမ်း ဟု ထင်မြင်မိပါသည်။ အသံထွက်များကို ပိုမိုရှင်းလင်းပြီး ခွဲခွဲခြားခြား သိသာနိုင်ရန် အပြည်ပြည်ဆိုင်ရာ သဒ္ဒဗေဒအက္ခရာ ( International Phonetic Alphabet) များဖြင့် ရှင်းလင်းထားပါသည်။ မှီငြမ်းကိုးကား စာအုပ်စာတမ်းပေါင်း ၄၈ အုပ် ပါ ပါသည်။ ဤနေရာတွင် တန်ဖိုးရှိသောစာမူနှင့် ဈေးကွက်ဝင်ခြင်း/မ၀င်ခြင်းအကြား ဗျာများနေသော စာအုပ်တိုက်ငယ်အကြောင်း ပြောရန်မရည်ရွယ်ပါ။ စာတမ်းရှင်၏ နောက်ဆုံး စာမျက်နှာများဖြစ်သော နောက်ဆက်တွဲ(ဃ)ပါ၊ “ထားဝယ်ဒေသနှင့် ထားဝယ်စကားပြောသူများ” အခန်းကို ဖတ်ပြီးသောအခါ . . . ။

ကျွန်တော်သည် ထိုအချက်အလက်များဆီမှ ခံစားမှု တစ်ခုမက ရခဲ့ပါသည်။ စာအုပ်စာတမ်းပါ အချက်အလက်များသည် ကျွန်တော့်ကို စဉ်းစားစရာများပေးပြီး၊ ကျွန်တော့် ညများစွာကို စားသုံးသွားခဲ့ပါသည်။ စာတမ်းအပြည့်အစုံ ထွက်မလာနိုင် သေးမီမှာ အချက်အလက်အချို့ကိုသာ ဆွဲထုတ်တင်ပြလိုက်ပါသည်။
(စာလုံးစောင်းနှင့် “ကွင်း” အတွင်း ဖေါ်ပြထားသည်မှာ စာတမ်းတွင် အောက်ခြေမှတ်စု ဖြင့် ညွှန်းထားသော ကိုးကားချက်များဖြစ်ပါသည်။)

၁။ သက္ကရာဇ်၅၅၂ခုနှစ်၊ (အေဒီ-၁၁၉၀)ပါ ရှေးဟောင်းမြန်မာကျောက်စာ တစ်ခုတွင် “မြန်မာ”ဟူသော အသုံးကို အစောဆုံးတွေ့ရသည်။ ထိုသက္ကရာဇ်ထက် အနှစ်(၉၀)ခန့်စောသော ကျန်စစ်သားမင်းကြီး၏ နန်းတည် ရှေးမွန်ကျောက်စာ (အေဒီ- ၁၁၀၂)တွင် မြန်မာကို “မိရ္မာ”ဟု ရေးထိုးထား၏။ (အေဒီ-၁၃၄၂)ထိုး ရှေးကျောက်စာတွင် “မြန်မာ”ဟု ရေးထိုးထားသည်ကို အစောဆုံးတွေ့ရသည်။ (မြန်မာ့စွယ်စုံကျမ်း- တွဲ-၁၀-စာ-၃၃၈)

၂။ ထီးလှိုင်ရှင် ကျန်စစ်သားမင်း (၄၄၆-၄၇၃)ခုနှစ် လက်ထက်၊ နန်းတက်စ လောက်တွင် ထိုနန်းတော်တည်အခန်းအနား၊ မွန်ကျောက်စာ၌သော် “မြန်မာ”ကို မွန် ဘာသာဖြင့် “မိရ္မာ”ဟု ရေးခေါ်ခဲ့သည်။ ဤ “မိရ္မာ” အရေးအခေါ်သည်လည်း မြန်မာ ပုဒ်သက်ပင်ဖြစ်ရာ၏။ ဤ အရေးအခေါ်မှ “မြန်မာ”ကို ခေတ်မွန်အခေါ် “ဗမာ” ပုဒ်သက်ခဲ့သည်။
(မြန်မာစကားအဖွင့်ကျမ်း၊ ဒုတွဲ-စာ-၂၅၄-၂၅၅)

၃။ မြန်မာ့သမိုင်းများတွင် လက်ခံထားသော ပုဂံတည်သည့်နှစ်မှာ သက္ကရာဇ် ၂၁၁ (အေဒီ-၈၄၉)ဖြစ်ရာ “မြန်မာ”သည် ပုဂံတည်ပြီးနောက် အနည်းဆုံး နှစ်ပေါင်း သုံးရာ ခန့်ကြာမှ ပေါ်လာသည်ကို တွေ့ရမည်။
ကျန်စစ်သားမင်းကြီး၏ နန်းတည် ရှေးမွန်ကျောက်စာ (အေဒီ-၁၁၀၂)တွင် မြန်မာကို “မိရ္မာ” (မြန်မာမဖြစ်သေး)ပေါ်ချိန်တွင် ထားဝယ်မြို့စားများလှူဒါန်းပူဇော် သည့် အုတ်ခွက်ရုပ်ပွားဆင်းတုတော်များ၌ (မွန်ဘာသာဖြင့်) “၀ါယ်” ပေါ်နေနှင့်ပြီး ဖြစ်ပါသည်။
(ဦးမြ၊ ရှေးဟောင်းအုတ်ခွက် ရုပ်ပွား ဆင်းတုတော်များ၊ ပတွဲ-စာ ၅၇-၅၈)

၎။ လက်ရှိ ထားဝယ်မြို့မြောက်ဘက် ရှစ်မိုင်ခန့်အကွာတွင်ရှိသည့် (သာဂရ) ခေါ် ထားဝယ်မြို့ဟောင်း(လက်ရှိ- မြို့ဟောင်းကျေးရွာ) သည် သက္ကရာဇ်(၁၁၃-၁၂၃)/ အေဒီ-(၇၅၁-၇၆၁)တွင် တည်သည်ဟု အထောက်အထားရှိခဲ့ရာ “ပုဂံ”ထက် (၉၈)နှစ် ခန့် စောနေပါသည်။ အေဒီ(၅၀၀)မှ အေဒီ(၈၃၂)အထိ တည်ရှိခဲ့သော ဒုတိယ ပျူနိုင်ငံတော်“သရေခေတ္တရာ”နှင့် ခေတ်ပြိုင်ဖြစ်နေပါသည်။
(ဗိုလ်မှူးဗရှင်၊ အနော်ရထာအရင်က မြန်မာနိုင်ငံ၊ စာ-၈၁)

၅။ ယနေ့ မြန်မာစကား၊ စာအရေးအသားတို့တွင် လုံးဝမရှိသော (လ-ဆွဲ)သံများ၊ (အော)သရနောက် “န” သတ်သံများသည် ထားဝယ်စကား၌ ယနေ့တိုင်သုံးစွဲနေဆဲ ဖြစ်ပြီး၊ ထိုအသံ(စာလုံးပေါင်းများ)သည် မြန်မာထက်စော၍ ပေါ်ခဲ့သည်ဟု ပညာရှင် များ ခန့်မှန်းအဆိုပြုထားသည့် “ပျူစာ”တွင် ရှိနေခြင်း။
(မြစေတီကျောက်စာ လေးဘာသာ၊ နိုင်ငံတော်ပြတိုက်၊ ယဉ်ကျေးမှုဗိမာန်၊ ၁၉၅၄)

၆။ ကောင်းကင်ဓာတ်ပုံမှ ဖတ်ရှုလေ့လာချက်အရ၊ သာဂရ(ထားဝယ်မြို့ဟောင်း) ၏ မြို့ရိုးသဏ္ဌာန်သည် ဘဲဥပုံလည်းမက စက်ဝိုင်းပုံလည်းမကျသော အ၀န်းအ၀ိုင်း ပုံသဏ္ဌာန်ရှိပြီး သရေခေတ္တရာမှ မြို့ရိုးများနှင့်ဆင်တူနေခြင်း။
( ဦးအောင်မြင့် (သစ်တော) မြန်မာ့မြို့ဟောင်းများကို ကောင်းကင်ဓာတ်ပုံမှ ဖတ်ရှုလေ့လာချက်။ (လက်နှိပ်စက်မူ) အမှတ်-၂၊ ၁၉၇၃)

၇။ ဦးအောင်မြင့်(သစ်တော)၏ စာတမ်းများကို အထောက်အထားပြု့၍ တရားဝင် မြန်မာ့သမိုင်း ကျမ်းစာတစ်စောင်တွင် ရှေးဟောင်းမြို့ဝိုင်းငါးမြို့ (သရေခေတ္တရာ၊ မိုင်းမော၊ ဝေသာလီ၊ ၀တီး နှင့် သာဂရ) တို့ကို စကေးပုံနှင့်တကွ အရွယ်ပမာဏချင်း နှိုင်းယှဉ်ဖေါ်ပြထားရာ၊ သရေခေတ္တရာသည် အကြီးဆုံးဖြစ်၍ မိုင်းမောသည် ဒုတိယ ဖြစ်သည်ကို တွေ့ရပါသည်။ ဝေသာလီ၊ ၀တီး နှင့် သာဂရတို့မှာ တတိယ၊ စတုတ္ထ နှင့် ပဉ္စမ အသီးသီးတို့ဖြစ်ကြပါသည်။ အရွယ်ပမာဏအားဖြင့် ခြားနားမှုရှိသော် လည်း မြို့ဝိုင်းပုံမှာ ဆင်တူသည်ဟု ဖော်ပြနေပါသည်။

၈။ သမိုင်းပညာရှင် “ဗိုလ်မှူးဘရှင်”ကလည်း မြန်မာနိုင်ငံအတွင်း နေထိုင်ခဲ့ကြ သော လူမျိုးများနှင့်ပတ်သက်၍ ဤသို့အဆိုပြုခဲ့ပါသည်။
“နိုင်ငံတည်းဟူသောလူမှုအဖွဲ့အစည်းကို ဗိဿနိုးပျူတို့က မြန်မာနိုင်ငံတွင် ခရစ်သက္ကရာဇ် အစလောက်က တည်ထောင်ခဲ့ကြ၏။ သူတို့နောက်တွင် အနွယ်တူ သရေခေတ္တရာပျူ တို့ က ဒုတိယပျူနိုင်ငံကြီးကို ထူထောင်ခဲ့ကြပေသည်။ ထို့နောက်သော်ကား၊ တိဗက်-မြန်မာ အနွယ်ဝင်တို့၏ နိုင်ငံများသည် ဗိဿနိုးနိုင်ငံတည်ခဲ့ရာ မြန်မာနိုင်ငံအလယ်ပိုင်းကို ဗဟိုပြု၍ ဆက်ကာဆက်ကာ ပေါ်ပေါက်လာခဲ့ကြပေသည်။ သရေခေတ္တရာ၊ ပုဂံအစရှိသည့် နိုင်ငံများ ပေါ်ထွန်းသောခေတ်များက နေထိုင်ခဲ့ကြသည့် မြန်မာနိုင်ငံသားတို့အကြောင်းနှင့် ယင်းတို့၏ သမိုင်းစဉ်တို့သည် သီးခြားလေ့လာရန်လိုအပ်သော အကြောင်းရပ်များပင် ဖြစ်ပေသည်။
(“ဗိဿနိုးမြို့ဟောင်းနှင့် သမိုင်းအမြင်” ၊ တက္ကသိုလ်ပညာပဒေသာ၊ အတွဲ(ခ) အပိုင်း(၃)၊ စာ-၂၁၅။ ၁၉၆၆)

၉။ ယင်းသို့ဖြစ်၍၊ ရှေးဟောင်းမြန်မာကျောက်စာများနှင့် ပြိုင်သော “ထားဝယ် စကား” သည် တိုးတက်လျက်ရှိသော ယနေ့“မြန်မာစကား”ထက် နှစ်ပေါင်း(၈၀၀) ခန့် စော၍ ယဉ်ကျေးမှု သက်သေခံလျက်ရှိ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် မြန်မာ နိုင်ငံရှိဒေသန္တရစကားများကို တတ်နိုင်သမျှလေ့လာကြရာ၏။ ယဉ်ကျးးမှုမဲ့ သည်ဟု အထင်ခံရသော “ထားဝယ်စကား” သည် ယဉ်ကျေးမှုနှင့်ပြည့်ဝလျက်ရှိကြောင်း သိရ သကဲ့သို့ ကျန်ဒေသန္တရဘာသာစကားများ၌လည်း ယဉ်ကျေးမှုအချက်အလက်များ တွေ့ရပေလိမ့်မည်။
( ဦးဖေမောင်တင်၊ ဘာသာစကား ယဉ်ကျေးမှု၊ မြန်မာ့ဝတ္ထုသမိုင်းအစနှင့် . . စာ-၃၁၀)

ယခုတင်ပြခဲ့သောာ အချက်အလက်များအားလုံးသည် စာတမ်းရှင် “ဆရာ မောင်လေးတင့်” ၏ စုစည်းမှုဖြစ်ပါသည်။

ဟဲ ဟဲ . . . ။

ခု ဟဲဟဲ ကတော့ ကျွန်တော် လက်ဝင်သျှိုတဲ့ ဟဲဟဲ ဖြစ်ပါတယ်ခင်ဗျား။
Forever Group က ထုတ်လုပ်တဲ့ Encyclopedia Myanmar ထဲက “ပျူလူမျိုးများ” ဆိုတဲ့ ဟာပိုဒ်ကလေးဖြစ်ပါတယ်။ လိုရ မယ်ရ ဆက်စပ် စဉ်းစားနိုင်အောင်ပါခင်ဗျား။

ရှေးခေတ်မြန်မာနိုင်ငံ၏ ကြီးကျယ်ထင်ရှားသော လူမျိုးများ
ရှေးတစ်ခေတ်က မြန်မာနိုင်ငံတွင်၊ ပျူနိုင်ငံများသည်လည်းကောင်း၊ အဆင့် အတန်းမြင့်သော ယဉ်ကျေးမှုရှိသည့် ပျူလူမျိုးတို့သည်လည်းကောင်း ရှိခဲ့ဖူးသည်။ ပျူနိုင်ငံဟူ၍ သရေခေတ္တရာ(ပြည်ခရိုင်) ၌လည်းကောင်း၊ ဟန်လင်းကြီး(ရွှေဘိုခရိုင်) ၌လည်းကောင်း ထွန်းကားခဲ့ကြောင်းသိရသည်။ ထို့အပြင် တရုတ်နိုင်ငံနှင့် ပျူနိုင်ငံ တို့ အဆက်အသွယ်ရှိခဲ့ပုံကို သိရှိရ၊ ပျူယဉ်ကျေးမှု အထောက်အထားများကိုလည်း တူးဖေါ်တွေ့ရှိခဲ့ရလေသည်။

ပျူလူမျိုး
မြန်မာနိုင်ငံတွင် ပျူလူမျိုးတို့သည် (၇)ရာစုနှစ်မှ (၉)ရာစုနှစ်တိုင်အောင် ထီးနန်းစဉ်ဆက်နှင့်တကွ အထင်အရှားကြီးစိုးလွှမ်းမိုးခဲ့ကြသည်။ပျူတို့ပြောဆိုသော ပျူဘာသာစကားသည် တိဗက်မြန်မာအစုငယ်ဝင် ဘာသာစကားဖြစ်ပြီး၊ မြန်မာ ဘာသာနှင့် များစွာ နီးစပ်သည်။ ပျူလူမျိုးနှင့် ပျူဘာသာတို့သည် ယခုအခါ ကွယ်ပျောက်လျက်ရှိပြီ။ သို့ရာတွင် ရှေးကပျူတို့၏ ယဉ်ကျေးမှုသည် များစွာ အထက်တန်းကျခဲ့သည်။ ကျောက်များ၊ အုတ်များ၊ မြေအိုးများ၊ ဘုရားဆင်းတုတော် တို့၏ အောက်ခံပလ္လလင်များတွင် ထိုခေတ်ကရေးထိုးခဲ့သော ပျူစာများနှင့် ပျူတို့၏ လက်ရာဖြစ်သော အဆောက်ဦဟောင်းများ၊ လက်မှုပညာပစ္စည်းများကို ယခုတိုင် အောင်ပင် တွေ့ရှိနိုင်သေးသည်။

ဟဲဟဲ ဆရာဟိန်းလတ်ခင်ဗျား
ဆရာ့စာမျက်နှာကို အားနာလို့၊ ဆရာကြီးဒေါက်တာသန်းထွန်းရဲ့ ကျောက်စာ နိဒါန်းတို့၊ ရှေးဟောင်းအုတ်ခွက်ပေါ်က တွေ့ရှိချက်တို့၊ ဒေသတွင်းက ဘုရား သမိုင်းတို့၊ ငွေဒင်္ဂါးပြား၊ အရိုးအိုးအထောက်အထားတို့ကိုတော့ ချန်ထားခဲ့ပါသေး တယ်။

အဲဒါတွေ ဆက်တွဲလိုက်ရင် . . . ။ ကျွန်တော်တို့တတွေ သွားရင်းလာရင် ထားဝယ်စကားပြောသူတွေကို တွေ့လို့ကတော့၊ “ရှေးဟောင်းလူမျိုးကြီး”တွေအဖြစ် အရိုအသေပေးကြရမှ ဖြစ်တော့မလားမသိတော့ပါဗျား။

တကယ်လို့များ၊ ဒီဆောင်းပါးကို “ပါရမီဆရာဦးကျော်ဦး”၊ ထားဝယ်ရုပ်ရှင်က “ကိုစိုးသိန်း”၊ မန္တလေးရောက် “ဆရာ စိုးဘားဒိုင်”၊ “စိုးမြတ်သူဇာ- စိုးမြတ်နန္ဒာ”တို့ မိသားစုများ ယောင်မှားဖတ်မိကြမယ်ဆိုရင် . . . ၊ ဟဲဟဲ။
( ထားဝယ်အမျိုးသားများ ကိုယ့်သမိုင်းအမှန်ကို ကိုယ်ရှာဖွေ တွေ့ရှိ၊ ဂုဏ်ယူနိုင်ကြပါစေ)

ငိမ်းအေးအိမ်
(၂၀၀၃ ခုနှစ်၊ သြဂုတ်လထုတ် ပေါ်ပျူလာဂျာနယ်တွင် ဖေါ်ပြပြီး)

Wednesday, January 2, 2008

Sunday, December 30, 2007