
အတ္တ ပရ မျှတအောင်
ကျင့်ဆောင်ဖို့ ကြိုးစားရင်းက
သင်္ခါရတရားကိုလည်း
ဂဃနဏ နှလုံးသွင်းတတ်ခဲ့ပြီ။
ခွန်အားကြီးရာနိုင်
ဟောဒီတောဂနိုင်ထဲက
လူ့မလိုင်တွေအကြား
လူလာဖြစ်နေတာကိုက
ဝိဝါဒကွဲချင်စရာပါ။
ဂုဏ်သိက္ခာကို အရက်နဲ့မြည်းချင်သူတွေ
အရှက်တရားကို မျက်နှာပြောင်တိုက်နေသူတွေ
ရေလိုက်ငါးလိုက် မျက်နှာချိုသွေး
ရွှေရေးပန်းကန်တက်ပြနေသူတွေ
မာန်မာနကို ခဝါမချနိုင်သူတွေ
ချစ်ကြည်မှုကို ယစ်ပူဇော်တတ်သူတွေ
ကပ်ဘေးကြုံ မယုံနိုင်စရာ ဂုတ်သွေးစုတ်တတ်သူတွေ
သေပြီးရင်းက ထပ်ထပ်သေ ….
အဲဒီလူတွေကြားထဲ
တမင်တကာအလွဲများနဲ့
အသက်ရှင်နေရတာကိုက
သြော် … အရှက်ရစရာ။ ။
Illustration: http://senithomas.wordpress.com
10 March 2009
တမင်တကာအလွဲများ
Posted by ထားဝယ်သား at 12:33 PM 0 comments
27 February 2009
‘အိမ်အကူ’အလုပ်တဲ့လား …
ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်၊ နှစ်ဦးပိုင်းက ကျနော့်ရဲ့ တဝမ်းကွဲညီမလေးတယောက် ဘန်ကောက်သို့ ရောက်လာ၏။ သူရောက်လာခြင်းရဲ့ အကြောင်းရင်းကို ကျနော် ဖုန်းဆက်မေးကြည့်တော့ ကျောင်းဆက်တက်နိုင်ဖို့ ခဏတာ အလုပ်လာလုပ်တာပါတဲ့။ သူက ၂၀၀၇ မှာ ဆယ်တန်းအောင်တော့ တက္ကသိုလ်ဆက်တက်ဖို့က ထိုင်းနိုင်ငံမှာ ရှိနေတဲ့ မိဘတွေပို့ပေးတဲ့ ငွေနဲ့ မလောက်ငလို့ သူ လိုက်လာပြီး သူ့အမေနဲ့အတူ တနှစ်၊ နှစ်နှစ်လောက် အလုပ်လုပ်ပြီး အိမ်ပြန် ကျောင်းတက်မယ်ပေါ့။ ဒီလို သူ့အိပ်မက်ကလေးကို ကျနော့်ကို ပြောပြပါတယ်။ ကျနော်ကလည်း အင်းပေါ့ .. ညီမလေးရယ်..၊ လာပြီးမှဆိုတော့လည်း လုပ်ပေါ့၊ စည်းနဲ့ကမ်းနဲ့ လိမ်လိမ်မာမာနေနော်၊ စေ့စေ့စပ်စပ် ငွေစုပြီး အိမ်အမြန်ပြန် ကျောင်းတက်နိုင်အောင် ကြိုးစားပါလို့ အားပေးဆုံးမစကား ပြောခဲ့ရပါတယ်။ ကိုယ့်မှာလည်း သူများကို အားပေးနှစ်သိမ့်ရုံလေးပဲ တတ်နိုင်တယ်မဟုတ်လား။
အဲဒီနောက် နှစ်လလောက်အကြာမှာ ညီမလေးဆီက ဖုန်းဆက်လာတယ်။ သူ အလုပ်ရပြီဆိုတဲ့အကြောင်း၊ သူ့အမေနဲ့ စက်ရုံတခုတည်းမှာ လုပ်နေတယ်ဆိုတဲ့အကြောင်း၊ ညပိုင်းမှာ အလုပ်လုပ်ရတော့ နဲနဲပင်ပန်းတယ်ဆိုတဲ့အကြောင်း၊ ဒါပေမယ့် သူ လုပ်နိုင်ပါတယ်ဆိုတဲ့အကြောင်းတွေကို ပြောပြပါတယ်။ သြော်.. ဒီလို သူ့အမေနဲ့ စက်ရုံအတူတူမှာ အလုပ်လုပ်နေရတယ်ဆိုတော့ ကျနော် သူ့အတွက် စိတ်အေးရပြန်တယ်။
စိတ်အေးလက်အေး ရှိခါစပဲရှိသေး၊ တလလောက်ကြာတော့ သူ့အမေ(ကျနော့်ဦးလေးမိန်းမ)ဆီက ဖုန်းဆက်လာပြန်တယ်။ သူတို့စက်ရုံမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို မန်နေဂျာက အလုပ်ထုတ်ဖို့ လိုက်စီစစ်နေပြီဆိုပဲ။ သူ့သမီးလေးတော့ အလုပ်ဆက်လုပ်ရဖို့ မသေချာတော့ဘူးတဲ့။ ညီမလေးက ၁၇ နှစ်ကျော်ကျော်ပဲ ရှိပါသေးတယ်တဲ့။ ကျနော့်မှာ တခါ သူတို့အတွက် စိတ်ပူနေရပြန်တယ်။ ဒီလိုနဲ့ အဆက်အသွယ်ပြတ်နေတာ ၄-၅ လလောက် ရှိနေပြီ။
မနေ့ကတော့ ကျနော်လည်း သူတို့ကို သတိတရရှိတာနဲ့ ဖုန်းကောက်ဆက်လိုက်မိတယ်။ ညီမလေးနဲ့ တိုက်ရိုက်ပဲ ဖုန်းပြောရပါတယ်။ ကျနော်က သူ့အခြေအနေတွေကို မေးကြည့်ပါတယ်။ သူက သူ့အမေနဲ့ တနေရာစီ ရောက်နေတဲ့အကြောင်း၊ အလုပ်မတူကြတော့တဲ့အကြောင်း ပြောပါတယ်။ ဒါနဲ့ ကျနော်က နင် အခု ဘာအလုပ်လုပ်နေလဲ မေးတော့ … ကျမ အမေ့သူငယ်ချင်း အကူအညီနဲ့ အခု ဘန်ကောက်က အိမ်တအိမ်မှာ ‘အိမ်အကူ’လုပ်နေပါတယ်တဲ့။ ကျနော် ဘာဆက်ပြောရမှာလဲ။ ကျနော် ဘာမှ ဆက်မပြောထွက်တော့ပါ။ “သြော်.. သြော်.. အေးအေး၊ နောက်မှ ဖုန်းပြန်ဆက်မယ်နော် ညီမလေး”လို့ ပြောပြီး ဖုန်းချလိုက်မိတော့တယ်။ ကျနော့်မှာတော့ အတွေးတွေ တသီတတန်းနဲ့ ……….. ။
Posted by ထားဝယ်သား at 4:52 PM 0 comments
Labels: ကိုယ်တွေ့
26 February 2009
၅ လောင်းပြိုင် လူသတ်မှု၏ နောက်ကွယ်ဇာတ်လမ်းများ
(အောက်တွင် ဓါတ်ပုံများပါရှိပါသည်။ ထိတ်လန့်တတ်သူများ မကြည့်ရ၊ ကြည့်ချင်ရင်တော့ အောက်က Read More .. ကို နှိပ်လိုက်ပါ)







Posted by ထားဝယ်သား at 4:33 PM 0 comments
Labels: ဓါတ်ပုံ, မှတ်တမ်းမှတ်ရာ
23 February 2009
ပြည်ပနှင့် ပြည်တွင်းမီဒီယာများဆက်ဆံရေးအကြား နားလည်မှုလွဲမှားစေနိုင်သောအချက်များ သတိပြုရန်လိုနေ
(မြန်မာသတင်းသမဂ္ဂညီလာခံတွင် ဖတ်ကြားခဲ့သော ပြည်တွင်းသတင်းဂျာနယ် အယ်ဒီတာတဦး၏ စာတမ်း)
ကျနော် ပြည်တွင်းသတင်းဂျာနယ်တစောင်က အယ်ဒီတာတဦးပါ။ ပြည်ပက မြန်မာသတင်းတွေ ထုတ်ပြန်ပေးနေတဲ့ မီဒီယာတွေအားလုံးကို အမြဲစောင့်ကြည့် ဖတ်ရူနားထောင်ဖြစ်ပါတယ်။ အင်တာနက်သတင်းစာမျက်နှာတွေ၊ ရေဒီယိုအသံလွှင့်ချက်တွေ၊ ဂြိုဟ်တုရုပ်မြင်သံကြားတွေရောပေါ့။ ကျနော်ကို ပြည်ပမီဒီယာတွေက ဆက်သွယ်ပြီး သိလိုသမျှ မေးလာတာတွေလည်း သိသမျှ ပြောပြဖြေပေးမြဲပါပဲ။ ဒီနောက်ပိုင်းမှာတော့ ကျနော် အခု ခေါင်းစဉ်တင်ထားသလို အပြင်နဲ့ အတွင်းမီဒီယာတွေကြား နားလည်မူလွဲစရာအဖြစ်တွေ အချိန်ကြာလာရင် အတွင်းက အကူအညီကို အပြင်က မီဒီယာသမားတွေ မရနိုင်မယ့်အနေအထားမျိုးတွေ သတိပြုမိလာလို့ ခုလို တင်ပြရတာပါ။ အပြင်ကမိတ်ဆွေတွေ သတိမမူမိဖြစ်နေရင်လည်း အချိန်မီသတိမူပြင်နိုင်အောင် ရည်ရွယ်ပါတယ်။ ဘယ်သူ့ကိုမှ နစ်နာစေလိုတဲ့ စိတ်နဲ့ ပြောဆိုခြင်းမဟုတ်ဘူးဆိုတာ အမြင်ရှင်းစေချင်ပါတယ်။ အပြင်က မီဒီယာတွေအားလုံးကိုလည်း ဒီစာတမ်း ဝေမျှပေးစေလိုပါတယ်။
အင်တာနက်သတင်းစာမျက်နှာတွေမှာ ပြည်တွင်းက အခြေအနေသတင်းတွေ တင်ပြနေတာနဲ့ပတ်သက်ပြီး ဦးစွာပြောပါရစေ။ ကျနော့်ကို အပြင်က မီဒီယာတခုက မိတ်ဆွေတဦး ပြောပြဖူးပါတယ်။ သူတို့က လွတ်မြောက် နယ်မြေမှာ လုပ်နေရတယ်ဆိုပေမယ့် သူတို့မှာလည်း အခက်အခဲရှိပါတယ်တဲ့။ အဲဒါက သတင်းရင်းမြစ် (sources) ရှာရခြင်းပါတဲ့။ သတင်းကို အတည်ပြုပေးနိုင်ဖို့ လူလိုအပ်ပါတယ်တဲ့။ သတင်းအတည်ဖြစ်ဖို့ လှည့် မေးရတာ တခါတခါ စိတ်ညစ်စရာလို့ ဆိုပါတယ်။ ပြည်တွင်းမှာ လုပ်နေရတဲ့ ကျနော်တို့တွေမှာလည်း ဖိအားတွေ အခက်အခဲတွေရှိတာ နားလည်ပါတယ်လို့ ပြောပါသေးတယ်။
အဲဒီမှာ တခါတခါ သူတို့တွေ သတင်းကို ပိုမိုတန်ဖိုးရှိလိုတဲ့အနေနဲ့ရော ဒီသတင်းဟာ ဘယ်လောက်ခိုင်မာမှန် ကန်တယ်ဆိုတာ ပြချင်တာတွေလောသွားပြီး စောင့်ထိန်းရမယ့် အခြေခံကျင့်ဝတ်တွေကနေ လွတ်သွားတာ တွေရှိနေတယ်လို့ ကျနော်အနေနဲ့မြင်မိကြောင်း ဝေဖန်ထောက်ပြဖြစ်ခဲ့ပါတယ်။ တချို့အင်တာနက်မီဒီယာတွေက သတင်းဦးသတင်းထူးပြီးရောဆိုပြီး မသေချာသေးတဲ့ အခြေအနေသတင်းတွေ တင်ကြတာတွေ့ရပါတယ်။ နောက်ဆက်တွဲ အကျိုးဆက်က ပြည်တွင်းကသူတွေ ဒုက္ခရောက်ရတာပါပဲ။
ဥပမာအနေနဲ့ဆို နေဘုန်းလတ်အဖမ်းခံရတာမှာ အက်စ်ဘီက အလိုရှိနေတဲ့ အဖွဲ့ချုပ်လူငယ်အဖွဲ့ဝင် မိန်းကလေးတဦး အိမ်ပြောင်းတာလိုက်ကူညီရင်း အဲဒီမိန်းကလေးကို ဖမ်းစဉ်မှာ သူကအတူရှိနေလို့ မေးမြန်းစစ်ဆေးနေဆဲပဲ ရှိပါသေးတယ်။ ဒီအချိန်မှာ အပြင်က မီဒီယာတွေ (အင်တာနက်စာမျက်နှာတွေ အရင်ဆုံးပါ) ကနေ သတင်းထုတ်ကြတော့ ဘလော့ဂါနေဘုန်းလတ်အဖမ်းခံရပြီ သူဟာဘာဖြစ်တယ်ဘာညာ စသည်ဖြင့်ပေါ့ ၀ိုင်းရေးကြတော့မှ ဒီကထောက်လှမ်းရေးတွေက ဆက်စပ်လိုက်ပြီး အမူဆင်စွဲရာကနေ ခုဆိုနှစ်နှစ်ဆယ် ထောင်ကျ သွားခဲ့ရပါပြီ။
ကျနော်တို့ ဂျာနယ်လစ်တွေထဲမှာဆိုရင်လည်း ဖလားဝါးနယူးဂျာနယ်က သတင်းထောက်ချုပ် ကိုစောမြင့်သန်း ထောင်သုံးလကျခဲ့ရတာဟာဆိုရင် အပြင်ကမီဒီယာရဲ့ တင်ပြပုံလွန်သွားတဲ့အတွက် ဖြစ်ရတာလို့ ဝေဖန် ထောက်ပြပါရစေ။ သတင်းဂျာနယ်အသိုင်းအ၀ိုင်းက ကြားရတဲ့ပုံစံမျိုး အရေးအသားတွေအားလုံး ဖော့ရေးရင်ရပါလျက်နဲ့ စောမြင့်သန်းက ပြောပြတဲ့ပုံစံမျိုး အဓိပ္ပါယ်ထွက်တဲ့ အရေးအသားကြောင့်သူ့ခမျာ ကံဆိုးစွာအဖမ်းခံ ခဲ့ရပါတယ်။ သူရဲ့အယ်ဒီတာတွေ အလိုက်ကောင်းလို့သာ ပြန်လွတ်လာနိုင်တာ ဖြစ်ပါလိမ့်မယ်။ တခြားအဖမ်းခံ ထားရတဲ့ ဂျာနယ်လစ်တွေ သတင်းရေးသားရာမှာလည်း သူတို့မိသားစုဝင်တွေဆီကနေ သိရသူတို့တွေကိုယ်တိုင် ပြန်ပြောပြတာ မှန်ပေမယ့်လည်း အဲဒီလိုကြီး အတိအကျမရေးဘဲ မိတ်ဆွေအသိုင်းအ၀ိုင်းက သိရသည်တို့ အဆိုပါဂျာနယ်လစ်မိသားစုနှင့် နီးစပ်သူထံမှ သိရသည်တို့လောက်ဆို ရနိုင်မယ်ထင်ပါတယ်။
အပြင်ကနေ အတိအကျရေးပြလို့ ဒီလူတွေ လွတ်မြောက်ရေးနဲ့ ပြည်တွင်းစာနယ်ဇင်းတွေ လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရတဲ့ အခွင့်အရေးတွေ ရလာခြင်းမရှိပါဘူး။ အခြေအနေတွေ ပိုဆိုးသွားစေတာပဲ ရှိပါတယ်။ အဆိုပါဂျာ နယ်လစ်တွေလည်း နအဖရဲ့ အမြင်ကတ်ပုဒ်မတိုးပြီး ထောင်သက်တိုးသွားတာပဲရှိပါတယ်။ ပိုဆိုးရွားတာက အ ပြင်ကလူတွေနဲ့ အတွင်းကလူတွေမှာ အချို့က ယခင်လုပ်ဖော်ကိုင်ဖက်ဟောင်း သူငယ်ချင်းမိတ်ဆွေတွေ ဖြစ် ခဲ့ကြဖူးပါတယ်။ ပြည်တွင်းမီဒီယာတွေနဲ့ဆိုင်တဲ့ သတင်းမျိုးတွေနဲ့ ပတ်သက်လို့မေးရင် စကားလက်ဆုံကျမေး သလို၊ သိချင်လို့မေးသလို၊ သာမန်အလာပသလာပပြောဆိုသလို မေးသွားပြီးမှ အလုပ်တိုက်နာမည်တွေ၊ ပြောပြသူနာမည်တွေ၊ ရာထူးတွေနဲ့ သတင်းထဲမှာ ရေးထည့်ဖော်ပြလိုက်တာတွေကြောင့် အထဲကလူတွေ အခက် အခဲတွေ ကြုံခဲ့ကြရဖူးတာ သိစေချင်ပါတယ်။
ဘယ်လောက်ပဲ ခင်မင်ပါတယ်ပြောပြော သတင်းသမားဟာ သတင်းသမားကျင့်ဝတ်ကို လိုက်နာရမှာပါပဲ။ နာမည်သုံးခွင့်ရှိမရှိ၊ အလုပ်တိုက်နာမည် ဖော်ပြခွင့်ရမရ ခွင့်တောင်းရမှာပဲဖြစ်ပါတယ်။ အကယ်၍ မိမိသတင်း ထောက်ရေးတင်တဲ့ သတင်းတွေမှာ အဲလိုအတိအကျတွေ ပါလာခဲ့ရင် တာဝန်ခံအယ်ဒီတာတွေက ကိုယ့်ဆီ သတင်းရောက်လာရင် အသေအချာမေးဖို့လိုပါမယ်။ အထဲကလူတွေ ဒုက္ခရောက်သွားရင် အပြင်ကလူတွေ ဘာမှ လုပ်မပေးနိုင်ပါဘူး။ မိမိတို့အရေးအသားတခုကြောင့် သူတပါးထိခိုက်မယ့်အနေအထားမျိုးတွေမှာ သတင်းတင် ပြပုံတွေကို အထူးဂရုစိုက်စေလိုပါတယ်။
ကျနော်အထဲမှာ ပြန်ကြားရသိရသလောက်မှာ အပြင်မီဒီယာတွေအတွက် အထဲကနေလုပ်ပေးနေသူတချို့ဟာ သတင်းရေးသားရာမှာ သတင်းအကြောင်းအရာ အတိအကျကို သေချာမသိပါဘဲ အထင်နဲ့ မှန်းရေးထည့်လိုက် တာတွေ၊ တကယ်မမေးဘဲ မေးတဲ့ပုံမျိုး၊ သူ နာမည်အတိအကျ ထည့်သုံးလိုက်သူက တကယ်မပြောပါဘဲ ပြော သလိုရေးလိုက်တဲ့ အရေးတွေကြောင့် ပြည်တွင်းမှာ ရပ်တည်လုပ်နေရသူတွေ အခက်အခဲတွေ ကြုံခဲ့ကြရတာ တွေရှိခဲ့ပါတယ်။ မိမိတို့ရဲ့ပြည်တွင်းသတင်းထောက်နဲ့ အဲဒီနာမည်ပါသူတွေကြား ဘယ်လိုမျိုးဆက်ဆံရေးပြ ဿနာတွေ ရှိနေလဲဆိုတာ သတိထားသင့်စရာပါ။ နာမည်တွေပါလာပြီပဲ အဲဒီကာယကံရှင်တွေကို ဆက်သွယ်မေးကြည့်ဖို့ ၀န်မလေးကြပါနဲ့လို့ တိုက်တွန်းပါရစေ။
အထဲကလူတွေမှာ ဘယ်လိုမှဖြေရှင်းလို့မပြေလည်တဲ့ ပြဿနာတွေ တပုံကြီးကြုံရမှာမို့ပါ။ သတင်းတွေနဲ့ သတင်းထဲမှာပါတဲ့ အခြေအနေတွေ၊ နာမည်တွေ အမှန်ဟုတ်မဟုတ် သက်ဆိုင်ရာ အယ်ဒီတာအနေနဲ့ အမြဲသံသယနဲ့ စိစစ်ကြပါလို့ တိုက်တွန်းပါရစေ။ အထဲက မိမိတို့သတင်းထောက်တချို့ ရေးပို့တာတွေမှာ သူတို့နဲ့ နီးစပ်သူတွေ (တချို့သူတို့ကိုယ်တိုင် အဲဒီဂျာနယ်တိုက်တွေမှာ အလုပ်လုပ်နေသူတွေ) ရေးတဲ့ သတင်းတွေမှာ အယ် ဒီတာအမည်၊ ဂျာနယ်အမည်တွေ မဖော်ဘဲရေးတာတွေ ရှိပါတယ်။ ဒါပေမယ့် တချို့သတင်းတွေမှာကျတော့ ဂျာနယ်က အယ်ဒီတာအမည်တွေ ဂျာနယ်နာမည်တွေ မထည့်လည်းရပေမယ့် ထည့်ရေးတာတွေကျတော့ သူတပါးနစ်နာစေလိုတဲ့ သဘောမျိုးနဲ့ ထည့်ရေးသလား အထင်မှားစရာပါပဲ။
ပြည်တွင်းဂျာနယ်က လူတယောက်အမည်၊ ဂျာနယ်အမည်နဲ့ အဲဒီဂျာနယ်ကအဖွဲ့ဝင်တဦးဆိုပြီး ရေးတာမျိုးတွေဟာ အထဲကလူအတွက် စိစစ်ရေးနဲ့ ပြဿနာတက်စေတယ်ဆိုတာ အပြင်ကလူတွေ သိသင့်ပါတယ်။ ဒါဟာ အလေးအနက် သတိထားရမယ့်အရာပါပဲ။ မီဒီယာရဲ့ကျင့်ဝတ်၊ အယ်ဒီတာတွေရဲ့စောင့်ထိန်းလိုက်နာရမယ့် ကျင့် ၀တ်တွေ၊ သတင်းထောက်တွေ လိုက်နာရမယ့် ကျင့်ဝတ်တွေ၊ ကိုယ့်သတင်းရင်းမြစ်ကို ကာကွယ်ရမယ့် တာဝန်တွေကို အလေးအနက် စောင့်ထိန်းကြပါလို့ တိုက်တွန်းပါရစေ။ ကိုယ့်ရဲ့သတင်းရင်းမြစ်တွေ ကိုယ့်ကို သတင်းပေးနေတဲ့ ပြည်တွင်းမီဒီယာကလူတွေ ဒုက္ခမရောက်ဖို့ ဆင်ခြင်ကြပါ။ ဒီလိုမှမဟုတ်ရင်တော့ အပြင်ကလူ တွေနဲ့ ဆက်ဆံဖို့ အပြင်ကသိချင်တာတွေ မေးလာရင်ဖြေဖို့ အထဲကလူတွေ ၀န်လေးလာပါလိမ့်မယ်။ ကြာလာရင် အတွင်းနဲ့ အပြင်နဲ့ ဆက်ဆံရေး ပျက်ယွင်းသွားမှာဖြစ်ပါတယ်။
အသံလွှင့်မီဒီယာတွေလည်း ကျင့်ဝတ်တွေ စောင့်ထိန်းရမယ့်အပိုင်းတွေ အားနည်းချက်ရှိတာတွေ တွေ့လာနေရပါတယ်။ ကျနော်ဆီကို ရေဒီယိုနှစ်ခုမေးတာမှာ စကားကတောက်ကဆဖြစ်ခဲ့ဖူးပါတယ်။ တခုသောရေဒီယိုက ဖုန်းဆက်မေးပါတယ်။ ကျနော်က အဲဒီအကြောင်းအရာတော့ မဖြေပါရစေနဲ့လည်းဆိုရော ခင်ဗျားကြောက်သ လားလို့မေးပါတယ်။ ကျနော်လည်း ဟေ့လူ ခင်ဗျားလည်းသတ္တိရှိတယ်ဆိုရင် အထဲကနေလုပ် ကျနော့်လာမေး ကျနော်လည်းဖြေမယ် ခင်ဗျားရော ကျနော်ရော နှစ်ယောက်လုံးဝင်မယ် လာခဲ့ဆိုရော ဖုန်းချသွားလေရဲ့။
နောက်တယောက်ကကျတော့ ခင်ဗျားနာမည်နဲ့ ရာထူး၊ ဂျာနယ်အမည် သုံးလို့ရမလား အရင်ဆုံးမေးပါတယ်။ ကျနော်က ခင်ဗျားဘာအကြောင်းအရာမေးမှာလဲ ကျနော်က ဘာပြောပေးရမှာလဲ မေးတာကို အဲဒါပြောလို့မရ ဘူး။ ခင်ဗျားနာမည်သုံးခွင့်ရမှ ပြောပြလို့ရမယ်ဆိုလာသူကလည်း ရှိပါသေးတယ်။ ကျနော်ဖြေရမယ့်အကြောင်း အရာ ဘာမေးမယ်ဆိုတာမသိဘဲနဲ့ နာမည်သုံးခွင့်မပေးနိုင်ဘူးဘဲ ငြင်းလိုက်ပါတယ်။ ရေဒီယိုက မိတ်ဆွေတွေ ဘာသတင်းရှိလဲ ဘာထူးလဲ ဘာလုပ်ရရင်ကောင်းမလဲ မေးလာတာတွေဆို ကျနော်သိတာတွေ တတ်နိုင်သလောက်တွေ ကူညီနေတာပါပဲ။ အဲဒီမှာ တချို့က ကျနော် သတင်းအကြောင်းအရာတွေပြောပြတာမှာ အသံယူ လွှင့်သွားတာ တွေကြုံရဖူးပါတယ်။ ကျနော့်မှာ နောက်တခါ ဆက်လာရင် မေးရတော့တယ် ခင်ဗျားအကြောင်း အရာပဲသိချင်လို့မေးတာနော် ကျနော့်အသံ မသုံးမှာသေချာတယ်နော်ဆိုပြီး အာမခံခိုင်းရပါတယ်။
နောက်ရေဒီယိုတွေကလည်း သတင်းဦးပြီးရောဆိုပြီး သေချာခြင်းရှိမရှိ မစိစစ်ဘဲ လွှင့်တတ်တာတွေ တွေ့ရပါတယ်။ အကြောင်းအရာက ပြည်တွင်းမှာ အလုပ်လုပ်နေသူတွေကို မထိခိုက်နိုင်တာမျိုးဆိုရင် ကိစ္စမရှိပေမယ့် အထဲကလူတွေ လုပ်ရကိုင်ရကျပ်သွားစေမယ့် သတင်းမျိုးတွေတော့ သေချာအတည်ပြုချက်ယူကြပြီးမှ လွှင့်ကြ ပါလို့သတိပေးပါရစေ။ ရေဒီယိုကလူတွေ လာလာဒုက္ခပေးတတ်တာကတော့ သတင်းအကြောင်းအရာ ပြောပြီးပြီ အဲလောက်နဲ့ မလုံလောက်ဘဲ ပြောနိုင်မယ့်လူ အသံအသံပေးနိုင်မယ့်လူ ရှာပေးပါဦးဆိုပြီး လုပ်တတ်တာပါပဲ။
ရေဒီယိုရဲ့ သဘောကလည်း အသံပါမှ သတင်းတန်ဖိုးတက်တာမို့ အခက်သားပဲ။ ဒါပေမယ့် ကိုယ်နဲ့ရင်းနှီးတဲ့ သူတွေ ဂျာနယ်အသိုင်းအ၀ိုင်းကလူတွေ အသံတွေသုံးပြီဆိုရင် အသံကို မမေ့မလျော့ဖျက်ပေးကြဖို့လိုပါတယ်။ တချို့တွေအသံက အချင်းချင်းနားထောင်လိုက်ရင် မှတ်မိပါတယ်။ ဒါတော့ ဘယ်သူပြောတာပဲဆိုပြီး ချက်ချင်း သိနိုင်ပါတယ်။ ရေဒီယိုသတင်းထောက်တွေလည်း ကိုယ့်သတင်းရင်းမြစ်ကို ကာကွယ်ဖို့၊ သတင်းမေးရင်လည်း အသံသုံးလို့ရမရ၊ နာမည်၊ ရာထူး၊ ဂျာနယ်နာမည်တွေ သုံးလို့ရနိုင်မရနိုင် သေချာမေးပြီးမှ လုပ်စေချင်ပါတယ်။ ပြီးတော့ ကိုယ်မေးတဲ့သူ ဖြေတဲ့ဟာတွေမှာ အကြောင်းအရာတွေကို ကိုယ်လိုသလိုတည်းဖြတ်ယူပြီး ကိုယ်လို ရာကို ဆွဲလွှင့်သွားတာမျိုး အတတ်နိုင်ဆုံး ရှောင်စေချင်ပါတယ်။ ပြောတုန်းက တကယ့်ရည်ရွယ်ချက်အဓိပ္ပာယ် နဲ့ လွဲသွားတတ်လို့ပါ။ အဲဒီအခါမှာ အထဲကဖြေပေးတဲ့သူအတွက် ဒုက္ခရောက်ရမှာမို့ပါ။ အသံသက်သက် သုံး သွားရင် တော်သေးရဲ့၊ နာမည်ပါထည့်သုံးသွားတဲ့ အသံလွှင့်ချက်မျိုးမှာ အဲလိုအဖြေကို လိုရာဆွဲလွှင့်သွားရင် ပြည်တွင်းကလူအတွက် လုပ်ကိုင်ရပ်တည်ရတာတွေ ခက်ခဲသွားစေပါလိမ့်မယ်လို့ သတိပေးပါရစေ။
ဒီကျင့်ဝတ်လေးတွေလိုက်နာဖို့ အားနည်းနေတာတွေ တွေ့ရတတ်နေလို့ပါ။ ဒါတွေကို သတိမထားဘဲ ဆက်မှားနေမယ်ဆိုရင်တော့ အပြင်နဲ့ အထဲရဲ့ဆက်ဆံရေးကြားမှာ နားလည်မှုလွဲစရာတွေ ကြုံလာရနိုင်ပါတယ်။ အဲလိုမျိုးတွေ များလာပြီဆိုရင် နောက် အပြင်ကဘာမေးမေး မေးလို့ရတော့မှာ မဟုတ်ပါဘူး။ အဲလိုတွေဖြစ်လာပြီဆို ရင်တော့ ဒီစာတမ်းအစမှာ ကျနော်မိတ်ဆွေပြောသလို ကျနော်တို့ အပြင်ကလူတွေမှာလည်း အခက်အခဲရှိပါ တယ်ဆိုတဲ့အချက်ဟာ ပိုခက်ခဲလာပါလိမ့်မယ်လို့ အချိန်မီသတိပေးပါရစေခင်ဗျာ။
အထဲနဲ့ အပြင် မကွဲပြားဘဲ စည်းလုံးစွာဖြင့် ယုံကြည်ရာကို အတူတူလက်တွဲဆောင်ရွက်နိုင်ပါစေလို့ ဆန္ဒပြုရပါတယ်။
ပြည်တွင်းသတင်းဂျာနယ်အယ်ဒီတာတဦး
(ဖေဖော်ဝါရီ ၁၉၊ ၂၀၀၉ခုနှစ်)
(ဒေါက်တာလွမ်းဆွေဘလော့ဂ် မှ ကူးယူ၍ ထပ်ဆင့်မျှဝေသည်)
Posted by ထားဝယ်သား at 11:36 PM 0 comments
Labels: ဖတ်မှတ်စရာ, မှတ်တမ်းမှတ်ရာ
20 February 2009
အင်န်အယ်လ်ဒီ အထူးကြေညာချက် (၄/၀၂/၀၉)
Posted by ထားဝယ်သား at 4:55 PM 0 comments
Labels: ထုတ်ပြန်ကြေညာချက်



