Wednesday, October 2, 2013

ထားဝယ်များသည် ဒေသခံတိုင်းရင်းသားများ(သို့) ဌာနေတိုင်း ရင်းသားများဖြစ်တယ်



၇.၉.၂၀၁၃ရက်က တနင်္သာရီတိုင်းဒေသကြီးအစိုးရအဆောက်အဦးမှာ လွှတ်တော်ဥက္ကဌကြီးဦးစီးပြီး ဆွေးနွေး ပွဲတစ်ခုလုပ်ပါတယ်။ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ရေးဆွဲထားတဲ့ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေကြမ်း ကို ဆွေးနွေးကြပါတယ်။ပါတီတွေ၊ ၈၈ မျိုးဆက်၊ တိုင်းဒေ သကြီးလွှတ်တော်အမတ်တွေ၊ တရားသူကြီးချုပ်၊ ရှေ့နေချုပ်၊ ဥပဒေချုပ်တွေ သာမက ထွေ/အုပ်ဝန်ထမ်းတွေ၊ အစိုးရအဖွဲ့တွေ၊ လူထုအခြေပြုအဖွဲ့တွေတက်ရောက်ဆွေးနွေးခဲ့ပါတယ်။

ဒီဥပဒေကြမ်း အခန်း(၁) ပုဒ်မ(၂) အပိုဒ်(င)မှာ တိုင်းရင်းသားလူမျိုးများဆိုသည်မှာ ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်ကို ပင်ရင်းနိုင်ငံအဖြစ်သတ်မှတ်၍ စဉ်ဆက်မပြတ်နေထိုင်ခဲ့သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ရှမ်းလူမျိုးများနှင့် ယင်းတို့၏ မျိုးနွယ်စုများကို ဆိုသည်။ ယင်းစကားရပ် တွင် နိုင်ငံသားပြုခွင့်ရသူများ နှင့် ဧည့်နိုင်ငံသားများ မပါဝင်။ ဟု ဖော်ပြပါတယ်။ ကျွန်တော်တို့ တိုင်းရင်း သားဟုတ်မဟုတ် စဉ်းစားကြည့်ပေါ့။နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ဒေသခံတိုင်းရင်းသားဆိုတဲ့ သတ် မှတ်ချက်ကိုလည်း လေ့လာစေချင်ပါတယ်။ILO ၏ အဆိုအရ နိုင်ငံတစ်နိုင်ငံရှိ အခြားသော လူမှုအဖွဲ့ အစည်းများနှင့် မတူညီသော လူမှုရေး၊ ယဉ်ကျေးမှု၊ စီးပွါးရေးအခြေအနေရှိသည့်အပြင် ကိုယ်ပိုင် ဓလေ့ထုံး တမ်းများ၊ ဥပဒေများကို ကျင့်သုံးနေထိုင်သည့် လူများ ဟု ဖော်ပြတယ်။ထို့ပြင် နိုင်ငံ၏ နယ်နမိတ် အ တွင်း နိုင်ငံသားများအဖြစ်သတ်မှတ်ခြင်းခံထားရသည့် နေထိုင်သူများမှ ဆင်းသက်ပေါက်ဖွါးလာသူများဖြစ် ပြီး ပထ၀ီဒေသအလိုက် ကိုယ်ပိုင်ယဉ်ကျေးမှု၊ လူမှု ရေး၊ စီးပွါးရေး နှင့် နိုင်ငံရေး ဆောင်ရွက်နေသော လူ များကို ဒေသခံတိုင်းရင်းသားများ (သို့) ဌာနေတိုင်းရင်း သားများဟု ဆိုတယ်။

ပညာရှင်တစ်ဦး၏ လေ့လာမှု ( Mortinez Cobo study )အရ လူမျိုးတစ်ဦး၏ ကိုယ်ပိုင်သမိုင်းကြောင်း၊ ရှေး အစဉ်အဆက်နေထိုင်ရာဒေသ၊ လူမျိုးတစ်ခုအဖြစ်သတ်မှတ်ခြင်း၊ ယခုအချိန်တိုင် ယင်းသတ်မှတ်ချက်များ တည်ရှိနေသေးခြင်းစသော အချက်များကို ဖော်ပြထားပါတယ်။အများအားဖြင့် ဒေသခံတိုင်းရင်းသား များ(သို့) ဌာနေတိုင်းရင်းသားများဖြစ်ကြောင်းကို အောက်ဖော်ပြပါ အချက်အလက်များဖြင့် သတ်မှတ်နိုင်ပါတယ်။
(၁) နိုင်ငံတစ်ခု၏နယ်မြေအတွင်း နှစ်ပေါင်းများစွာ (သို့)အစဉ်အဆက်လက်ခံထားပြီး ယခုအချိန်တိုင် တည်ရှိနေသော နိုင်ငံသားအဖြစ်လည်းကောင်း၊ လူမျိုးတစ်မျိုးအဖြစ်လည်းကောင်း သတ်မှတ်ခံထားရသူများမှ ဆင်းသက်ပေါက်ဖွါးလာသူများ၊
(၂) ပထ၀ီအနေအထားအရ ကိုယ်ပိုင်ဒေသအဖြစ်သတ်မှတ်ခံရပြီး ယင်းဒေသအတွင်းနေထိုင်သူများ
(၃) ကိုယ်ပိုင်သမိုင်းကြောင်းရှိခြင်း၊
(၄) ကိုယ်ပိုင်ဓလေ့ထုံးတမ်း၊ ယဉ်ကျေးမှုနှင့် စီးပွါးရေးလုပ်ငန်းများရှိခြင်း။

ထားဝယ်သည် သီးခြားနယ်မြေဖြစ်သည်။
ပထ၀ီအနေအထား
ထားဝယ်ဟူသည် လူမျိုးကို လည်းကောင်း၊ ဒေသကိုလည်းကောင်း ရည်ညွှန်းခေါ်ဆိုသော အမည်ဖြစ် တယ်။ အများအားဖြင့် ထားဝယ်ဒေသဆိုသည်မှာ ထားဝယ်ခရိုင်ကို ဆိုလိုပါတယ်။ ထားဝယ်ခရိုင်သည် တနင်္သာရီတိုင်းဒေသကြီးအတွင်းတည်ရှိတယ်။ ထားဝယ်ခရိုင်သည် ဧရိယာစတုရန်းမိုင် ( ၅၄၀၇.၀၉ )မိုင် ကျယ်ပြီး အရှေ့ဘက်တွင် ထိုင်းနိုင်ငံ၊ အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်၊ မြောက်ဘက်တွင် မွန်ပြည်နယ် နှင့် တောင်ဘက်တွက် မြိတ်ခရိုင်တို့က ၀န်းရံထားတယ်။


ထားဝယ်ခရိုင်ကို ထားဝယ်မြို့နယ်၊ရေဖြူမြို့နယ်၊သရက်ချောင်းမြို့နယ်၊ လောင်းလုံးမြို့နယ်နှင့် မေတ္တာ မြို့နယ်ခွဲ၊ကလိန်အောင်မြို့နယ်ခွဲတို့ဖြင့် ဖွဲ့စည်းထားတယ်။မိုင်(၁၂၀)ကျော်ရှည်သော ထားဝယ်မြစ် တည် ရှိပြီး ယင်းမြစ်ဝှမ်းဒေသတွင် ထားဝယ်လူမျိုးများ အခြေချနေထိုင်ပါတယ်။ ၂၀၁၂ခုနှစ် ထားဝယ်ခရိုင်ပြန် တမ်းအရ ထားဝယ်ခရိုင်အတွင်း လူဦးရေ (၈)သိန်းခန့်နေထိုင်တယ်။


အစောဆုံး ထားဝယ်ဒေသအပိုင်းအခြားကို စမ္ဗူဒီပဥဆောင်းကျမ်း ( ၂ ၊၂၊ ၁၆၃၈ ) အရ အရှေ့ကိုလားသော် ထားရိုက်က ကျသည့်မြစ် ( တနင်္သာရီမြစ် )တောင်ကိုလားသော် တနင်္သာရီမြေနှင့် ကျောခိုင်း ( ပြည်ခြားကျေးရွာ)အနောက်ကိုလားသော် ရှင်သူငယ်မော် မောင်းမကန် အနောက်ပင်လယ်မြောက်ကိုလားသော် ငှက်ရိုးတော ( မလွဲတောင် )ဟူ၍ ဖော်ပြပါသည်။ ယခုခေတ် ထားဝယ်ခရိုင်ဖွဲ့စည်းပုံ ခန့်ကျယ်ဝန်းပါတယ်။


(၁)အလောင်းစည်သူမင်းလက်ထက် ပြည်ထောင်(၂၀)ရှိသည့်အနက် စစ်သည်အင်အား(၂)သိန်းပြုရ သည့်တိုင်းပြည်အဖြစ်လည်းကောင်း၊ (၂)မှန်နန်းရာဇ၀င်ဟံသာဝတီဆင်ဖြူရှင်လက်ထက်ပြည်ကြီး(၅၀)စာရင်းတွင်ဒါးဝယ်ဟူ၍ လည်းကောင်း၊
(၃) ကောဇာသက္ကရာဇ် ( ၁၁၃၀ခု) (ခရစ် ၁၇၃၈နှစ်)ကုန်းဘောင်ခေတ်ဆင်ဖြူရှင်မင်းရေးထိုးခဲ့သော ပုဂံရွှေစည်းခုံ ထီးတော်တင်ကျောက်စာပါ ပြည်ကြီး(၁၈)ပြည်တွင် ဒ၀ယ်ပြည်ဟူ၍ လည်းကောင်း၊ စသည်ဖြင့် တိုင်းကြီးပြည်ကြီးအဖြစ် ဖော်ပြခဲ့ပါတယ်။
ထားဝယ်တိုင်းရင်းသားများသည် အသက်မွေးဝမ်းကြောင်းမှုအတွက် ကုန်သွယ်လယ်လုပ်၊ ယာခုတ်၊ ဥယျာဉ်စိုက်ခြင်း၊ ငှက်သိုက်၊ဆီအုန်း၊ သီဟိုဠ်စေ့၊ ရာဘာ၊ကြိမ်၊ရေလုပ်ငန်းနှင့် သတ္ထုတွင်းလုပ်ငန်းများကို လုပ်ကိုင်ကြတယ်။


ထားဝယ်သည် လူမျိုးတစ်မျိုးဖြစ်သည်။
ထားဝယ်တိုင်းရင်းသားများသည် တိဗက်ဗမာအုပ်စုမှ မြန်မာလူမျိုးအုပ်စုဝင်ဖြစ်တယ်။ မြန်မာတို့နှင့် ကိုးကွယ်ယုံကြည်မှု ဓလေ့ ယဉ်ကျေးမှု ၀တ်စားဆင်ယင်မှုတို့တွင် တူညီကြတယ်။ ရှေးဗမာဟန်ကို ထိန်းသိမ်း ခဲ့ကြတယ်။
အာဒိကပ္ပကျမ်း
သက်နှင့်ရခိုင်၊ နှိုင်းပြိုင်တောင်သူ၊ ပြူ ကမ်းယံယော၊ ထားဝယ်နှောက၊ မျိုးသတ္တ ဟုဖော်ပြတယ်။
လောကဟိတရာသီကျမ်း လူမျိုး(၁၀၁)ပါးစာရင်းအရ မြန်မာ(၇)မျိုး
(၁) မြန်မာ၊ (၂)ပြူ၊ (၃)ကမ်းယံ၊ (၄)ယော၊ (၅)ရခိုင်၊ (၆)တောင်သူ၊ (၇)ထားဝယ်ဟု ဖော်ပြတယ်။
မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း(ဒုတိယပိုင်း) မြန်မာ(၇)မျိုးစာရင်း (၅မျိုးကွဲတယ်။)


၁။ မုံ့ရွေးဆရာတော်အမှတ်အသား
(၁)ဗြဟ္မာသက်၊ (၂)ရခိုင်၊ (၃)ထားဝယ်၊ (၄)ပြရယ်၊ (၅)တောင်သူ၊ (၆)မြုံသက်၊ (၇) ကမ်းယံ။
၂။ ဘေးရွှေတောင်ဝန်မင်းကြီး မဟာမင်းထင်ရာဇာ အမှတ်အသား
(၁)ဗြဟ္မာသက်၊ (၂)ရခိုင်၊ (၃)ထားဝယ်၊ (၄)ပြော့၊ (၅)တောင်သူ၊ (၆)ပြူသက်၊ (၇) ကမ်းယံ။
၃။ ဘေးငစဥ့်ကူး ထောင်အင်းစား အသုံးစာရေး မဟာမင်းလှသင်္ခယာ အမှတ်အသား
(၁)မြန်မာကြီး(ရခိုင်)၊ (၂)မြန်မာငယ်(ပြူ)၊ (၃)ထားဝယ်၊ (၄)ပရယ်၊ (၅)တောင်သူ၊ (၆)ပြုံးသက်၊ (၇) ကမ်းယံ။
၎။ နိုင်ငံခြားဝန်ထောက်မင်းအမှတ်အသား
(၁)မြန်မာ၊ (၂)ရခိုင်၊ (၃)ထားဝယ်၊ (၄)မြုံ၊ (၅)တောင်သူ၊ (၆)ပြူ၊ (၇) ကမ်းယံ။
၅။ စဗ္မူတံဆိပ်နှင့် စွယ်စုံကျော်ထင်အဖြေအရ
(၁)မြန်မာ၊ (၂)ရခိုင်၊ (၃)ထားဝယ်၊ (၄)ထရသ်၊ (၅)တောင်သူ၊ (၆)ပြော့၊ (၇) ကမ်းယံ။ ဟု ဖော်ပြတယ်။
ကရင်ပြည်နယ် ဘားအံမြို့တွင် ကျင်းပသော (၁၈)ကြိမ်မြောက် ပြည်ထောင်စုနေ့ ( ၁၉၆၅ခုနှစ် ) ပြည်ထောင်စုနေ့အခမ်းအနားလမ်းညွှန်စာအုပ်မှ တိုင်းရင်းသား(၆၉)မျိုးစာရင်း(၃၇)ဗမာ ထားဝယ်လို့ဖော်ပြတယ်။


၁၉၉၈ခုနှစ် ပြန်ကြားရေးဝန်ကြီးဌာနအဆိုအရ မြန်မာ ( ၉)မျိုးမှာပါတယ်။ နိုင်ငံခြားသားပညာရှင် ( ဒေါက် တာအဲလီဇဘက်မိုး၊ လန်ဒန်တက္ကသိုလ်)နှင့် နိုင်ငံသား ပညာရှင်၊သုတေ သီများ၏ လေ့လာတွေ့ရှိ ချက် များအရ ထားဝယ်ဒေသ ( ထားဝယ်ခရိုင် ) အတွင်း ကျောက်ခေတ်သစ်၊ ပျူခေတ်၊ ပုဂံခေတ်မှစတင်ကာ သမိုင်းတစ်လျောက် သမိုင်းဦးမှယနေ့တိုင်အောင် လူနေထိုင်ရာဒေသဖြစ်တယ်။


ထားဝယ်လူမျိုးများတွင် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများရှိသည်။ ကိုယ်ပိုင်နက္ခတ်၊ တာရာရှိသည်။
ထားဝယ်ဒေသရှေးရိုးရာအကများမှာ (၁)ရမ်းအက၊ (၂)ဒိန်း(ယိန်း)အကနှင့် အိုးစည်အကဆိုပြီး ရှိခဲ့တယ်။ ယခုအခါ ပျောက်ကွယ်လုလုဖြစ်နေသော ထားဝယ်ရိုးရာ ရမ်းအကကို ထားဝယ်ကျေးလက်ဒေသ အချို့ တွင် နတ်ပွဲများတွင်သာတွေ့ရှိနိုင်တယ်။ ထားဝယ်ရိုးရာရေအိုးရွက်အကကို ပြည်ထောင်စုနေ့အခမ်း အနား များနှင့် သင်္ကြန်ကာလများတွင် ကပြလေ့ရှိတယ်။


ထားဝယ်ရိုးရာတေးများကို မြန်မာလိုဒိန်းဟုဆိုသည်။ ထားဝယ်တိုင်းရင်းသားများက ဒီးချင်းဟုခေါ်ပါ တယ်။ အခြေခံပညာကျောင်းသုံးစာအုပ်များတွင် ထားဝယ်တေး၊ ကျေးလက်ရိုးရာတေး၊ ထားဝယ်ဒိန်းသံ ဟု ဖော်ပြ တယ်။ ယင်းဒီးချင်းများနှင့် တွဲဖက်တီးရသောခတ် မိချောင်းစောင်း၊ တရောများလည်းရှိ တယ်။ ရှေးမင်းများ လက်ထက်တွက်ထားဝယ်တေး၊ထားဝယ်အကဟူ၍ဖော်ပြတယ်။ ထားဝယ်တိုင်းရင်သားများပြောဆို နေ ကြသောထားဝယ်စကားကိုဒေသိယစကားအဖြစ် ပညာရှင်များက သတ်မှတ်တယ်။ ထို ဒေသိယ စကား တွင် ပေါရာဏ၊ မြန်မာ၊ရှမ်း၊ မွန်စကားများရောစပ်လျက်ရှိတယ်။ သို့ရာတွင် မည်သည့် လူမျိုးများနှင့်မျှ မဆက်စပ် သော ထားဝယ်စကားစစ်စစ် စကားလုံးများလည်းတွေ့ရတယ်။


ထို့ပြင် ထားဝယ်ဒေသအတွင်း ရှေးကျသည့် နတ်ကိုးကွယ်မှု၊ မွေးဓလေ့၊ သေဓလေ့၊ မင်္ဂလာဆောင် ဓလေ့ များ ပြုမူဆောင်ရွက်နေဆဲဖြစ်တယ်။ ထားဝယ်ဒေသအတွင်း ဘာသာရေးပွဲတော်များ၊ လူမှုရေး ပွဲတော် များ၊ ရိုးရာဓလေ့ပွဲတော်များ ကျင်းပလေ့ရှိတယ်။ထို့ကြောင့် ထားဝယ်သားတို့ သည် မြန်မာနိုင်ငံ အတွင်းနှစ်ပေါင်များစွာ နေထိုင်ရှင်သန်ခဲ့သည့် တိုင်းရင်းသားလူမျိုးတစ်မျိုးဖြစ်ပြီး ကိုယ်ပိုင်နယ်မြေ၊ ဒေသ၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများရှိသည့် မြန်မာနိုင်ငံသားများဖြစ်တယ်။ သို့ဖြစ်ပါ၍ ထားဝယ်ဒေသ ( ထားဝယ်ခရိုင် ) အတွင်း နေထိုင်ကြသော ထားဝယ်များသည် ဒေသခံတိုင်းရင်းသားများ(သို့) ဌာနေတိုင်း ရင်းသားများဖြစ်တယ်။


ဆရာဇော်သူရ  ဖေ့စ်ဘုတ်မှကူးယူဖော်ပြသည်။

0 comments:

Post a Comment