မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ ဇူလိုင်လ ၂၃ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၀၈ မိနစ်
ထားဝယ်စီမံကိန်းအား ထိုင်းနိုင်ငံ၏ အကြီးဆုံး ကန်ထရိုက်တာ Italian-Thai ကုမ္ပဏီက ဦးဆောင်ခဲ့ခြင်း ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၆ဝ ဘီလီယံ နီးပါး ကုန်ကျနိုင်သည်။
ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ယင်လပ်က သတင်းစာ ရှင်းလင်းပွဲ တခု၌ သတင်းထောက်များကို ပြောကြားခဲ့ရာတွင် စီမံကိန်း ဖွံ့ဖြိုးရေးနှင့် ပတ်သတ်သည့် ကိစ္စရပ်များအပါအဝင် စီမံကိန်း ဆက်လက်ဆောင်ရွက်ရေးနှင့် ပတ်သက်၍ ဝန်ကြီးအဆင့် အဆက်အသွယ် ထားရှိမည်ဟုလည်း ဆိုသည်။
ချစ်ကြည်ရေးအလည်အပတ်ရောက်ရှိနေသော
သမ္မတဦးသိန်းစိန်သည် ထိုင်းနိုင်ငံ၊ ချွန်ဘူရီပြည်နယ်ရှိ
လမ်ချာဗန်ရေနက်ဆိပ်ကမ်းသို့ တနင်္ဂနွေ ဇူလိုင် ၂၂ ရက်မွန်းလွဲပိုင်းက
သွားရောက်လေ့လာရာ ထိုင်းအရာရှိများက ရှင်းလင်းတင်ပြနေပုံ။ (ဓာတ်ပုံ-
MJA)
“ကျမတို့ရဲ့ ဆွေးနွေးပွဲမှာ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း အပြည့်အဝ တိုးတက်ရေးနဲ့ ပတ်သတ်ပြီး မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ရှေ့ဆက်ဖို့ ထိုင်းအစိုးရရဲ့ ကတိကဝတ်တွေကို ကျမ အနေနဲ့ ထပ်မံအတည်ပြု လိုက်ပါ တယ်” ဟု ထိုင်းဝန်ကြီးချုပ် ယင်လပ်က ဆိုသည်။
ထားဝယ်စီမံကိန်းတွင် သံမဏိ စက်ရုံ၊ ရေနံဓါတုစက်ရုံ၊ ရေနံ သန့်စင်စက်ရုံ တို့ ပါဝင်သည့် ၂၅ဝ စတုရန်း ကီလိုမီတာ ရှိသော စက်မှုဇုန်တခု အပြင် မီးရထားလမ်းတခုနှင့် ထိုင်းနိုင်ငံ၏ ပင်လယ်ဆိပ်ကမ်းများနှင့် စက်မှုဇုန်များ၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ် နိုင်ငံများသို့ ဆက်သွယ်နိုင်မည့် အဝေးပြေးလမ်းမ ကွန်ယက်သစ်လည်း ပါဝင်မည်
ဖြစ်သည်။
လွန်ခဲ့သော လများက စီမံကိန်း အကောင်အထည်ဖော်ရေးတွင် နှောင့်နှေးခဲ့ရသော်လည်း ထိုင်းနိုင်ငံအနေဖြင့် စီမံကိန်း ဆက်လက် အကောင်အထည်ဖော်ဖို့ ကနဦး ဘဏ္ဍာရေး လိုအပ်ချက်များ ဖြည့်တင်းပေးရန် လွန်ခဲ့သည့် အပတ်က ထပ်မံကတိပြုခဲ့ပြီး ထိုင်းနိုင်ငံပိုင် စွမ်းအင် ကုမ္ပဏီဖြစ်သည့် PTT Pcl မှ ဒေါ်လာ ၃ ဘီလီယံ ထည့်ဝင်ရန် ကတိပြုခဲ့ သည်။
မြန်မာ သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ရင်လပ်တို့ကလည်း ရှိပြီးသား တရားဝင် နယ်စပ်ဖြတ်ကျော် စစ်ဆေးရေး ဂိတ် ၃ ခုအပြင် ချင်းမိုင်၊ မယ်ဟောင်ဆောင်နှင့် ကန်ချနပူရီတို့ အနီးတွင် နယ်စပ်ဖြတ်ကျော် စစ်ဆေးရေးဂိတ် ၃ ခု အသစ်ဖွင့်ရန် သဘောတူခဲ့ကြသည်။
လွန်ခဲ့သည့် နှစ်ကမူ ထားဝယ်စီမံကိန်းသည် အခက်အခဲများနှင့် ဆက်တိုက် ရင်ဆိုင်ခဲ့ရသည်။
ထားဝယ်စီမံကိန်းတွင် ပါရှိသည့် ကျောက်မီးသွေးလျှပ်စစ် စက်ရုံစီမံကိန်းမှာလည်း ဒေသခံများက ဆန့်ကျင် ဆန္ဒပြခဲ့ ပြီးနောက် ရပ်ဆိုင်းခဲ့ရသည်။
စီမံကိန်းအတွက် ငွေကြေးထည့်ဝင်မှုမှာလည်း နှေးကွေးခဲ့ရသည်။ သို့သော် ထပ်မံ ကြိုးစား ဆောင်ရွက်မှုများကြောင့် ဂျပန်နှင့် အခြားနေရာများမှ ရင်းနှီးမြှုပ်နှံလိုသူများအား ဆွဲဆောင်နိုင်လိမ့်မည်ဟု သက်ဆိုင်ရာ အရာရှိများက ဆိုကြသည်။
နှစ်နိုင်ငံ အနေဖြင့် နားလည်မှု စာချွန်လွှာ တရပ်ကို လက်မှတ် ရေးထိုးခဲ့ကြပြီး ထိုင်းနိုင်ငံအနေဖြင့် လုံခြုံရေး၊ အခြေခံ အဆောက်အအုံ တည်ဆောက်ရေးနှင့် ထောက်ပံ့ ပို့ဆောင်ရေးတို့နှင့် ပတ်သတ်၍ အကူအညီများ ပေးအပ်ရန် သဘောတူခဲ့သည်ဟု ဆိုသည်။
တနင်္ဂနွေနေ့က သမ္မတ ဦးသိန်းစိန်သည် ထိုင်း ပင်လယ်ကွေ့ရှိ လမ်ချာဗန် ရေနက်ဆိပ်ကမ်းသို့ သွားရောက် လည်ပတ် ခဲ့ပြီး ထိုရေနက်ဆိပ်ကမ်းမှ ထားဝယ်သို့ အဝေးပြေးလမ်းဖြင့် ဆက်သွယ်မည် ဖြစ်ကာ မလေးရှားကျွန်းဆွယ် အနီးမှ ပိုမိုရှည်လျားသည့် ပင်လယ် လမ်းကြောင်းအား အစားထိုးနိုင်မည် ဖြစ်သည်။
0 comments:
Post a Comment