Saturday, September 27, 2014

ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံတွေ

------------------------------------------
ဆောင်းပါးရှင် - ဒေါက်တာခင်မောင်ညို
------------------------------------------

မြန်မာပြည်ကို အမှိုက်ပုံလို့ထင်နေကြသည်။ ဦးနေ၀င်းလက်ထက်က စစ်တောင်းစက္ကူစက် ကို ဆောက်တော့ နိုင်ငံခြားက စက်အဟောင်းကြီးဖြုတ်ပြီးဆောက်သည်ဟု သိရသည်။ ဟုတ်၊ မဟုတ်တော့မသိပါ။ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် စစ်တောင်းမြစ်ထဲ အင်မတန်ပေါများသည့် ငါးသလောက်တွေ ကုန်သွားသည်။

မော်လမြိုင်က FO (မီးထိုးဆီ)ဖြင့် လည် ပတ်သည့်မီးစက်၊ တရုတ်ပြည်မှ စက်အဟောင်းဟု ဆိုသည်။ ခုလည်း လုပ်ကြပြန်ပြီ။ တရုတ်ပြည်မှာ မသုံးတော့တဲ့ ကျောက်မီးသွေးဓာတ်အားပေး စက်ရုံ၊ ထိုင်းမှာ ကန့်ကွက်၍ ဖျက်သိမ်းရသော ကျောက်မီးသွေးလောင်စာသုံး ဓာတ်အားပေး စက်ရုံတွေ မြန်မာပြည်မှာ ဆောက်မတဲ့။


သူတို့ဆီက တံတားဟောင်းတွေ၊ သံဘောင်တွေဖျက်ပြီး ဒီမှာလာတည်တော့ ဧရာဝတီမြစ်ကြီးလည်း ကောလာတာပေါ့”

“ဘာဖြစ်လို့လဲ”

“တိုင်တွေလေဗျာ။ ရေထဲကတိုင်တွေမှာ သံနုန်းပုံပြီး မြစ်ပျက်တာပေါ့။ ကြိုးတံတားလို တိုင်မပါတဲ့ တံတားတွေ ဆောက်ရမယ်”

“ခင်ဗျားက ပညာရှင်မှမဟုတ်တာပဲ ဘယ်လိုသိလဲ”

“အမှားတွေလုပ်တာကိုး၊ ကန့်ကွက်ရတာပေါ့”

ကန့်ကွက်ပါသည်။

“ဘာဖြစ်လို့လဲ”

“မြန်မာပြည်ဟာ အမှိုက်ပုံမှ မဟုတ်တာပဲဗျာ”

“ဒီမှာ ဖတ်ကြည့်ပါဦး။ ကွမ်းခြံကုန်းမှာ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ ဆောက်မယ်တဲ့”

“မြန်မာ့အလင်း သတင်းစာထဲတွင် ရေးထားပါသည်။ ကွမ်းခြံကုန်းမြို့နယ်၊ သောင်ခုန်ရွာအနီး ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းကို ဖတ်ရပါသည်။

“အင်း အတော်လေး ပြည့်ပြည့်စုံစုံ ရေးသားထားပါလား”

“ဒီမှာရေးထားတာ လျှပ်စစ်ဓာတ်အားလိုအပ်မှုက တိုင်းပြည်တိုးတက်ဖွံ့ဖြိုးမှုကို အဟန့် အတားဖြစ်စေသည် တဲ့”

မှန်ပါသည်။ သွေးထွက်အောင်မှန်ပါသည်။

ထိန်ထိန်လင်းနေသော နယူးယောက်၊ တိုကျို၊ ပဲရစ်၊ လန်ဒန်၊ နောက်တော့ စင်ကာပူ။

ဖွံ့ဖြိုးပြီးနိုင်ငံတွေကိုကြည့်လိုက် မီးတွေ ထိန်ထိန်လင်းနေပါသည်။ စင်ကာပူရောက်တဲ့ တပည့် တစ်ယောက်က “သူတို့သုံးနေတဲ့ လျှပ်စစ်ဓာတ်တွေကို ဖဲ့ပေးရင်ကောင်းမှာပဲ တဲ့”

“သူက လျှပ်စစ်သူတောင်းစားဆိုပြီး စာ တစ်ပုဒ်ရေးခဲ့ပါသည်။”

“မင်းတို့မှာ ပိုနေတဲ့ လျှပ်စစ်ဓာတ်အား တို့ဆီဝေမျှပါလားတဲ့”

“မှန်တာပေါ့ဆရာညို၊ သရော်စာရေးတဲ့ စာရေးဆရာတစ်ယောက်ကတောင် အမေရိကန်တွေ လျှပ်စစ် ဓာတ်တွေခိုးသွားလို့ တို့ဆီ မှာ လျှပ်စစ်ဓာတ်တွေ မကျန်တာလားတဲ့။ လန်ဒန်တို့၊ ပဲရစ်တို့ မှာ မီးထွေထိန်ထိန်လင်းနေ ပြီး တို့ဆီမှာ မီးတွေမှောင်နေတာ ကိုလိုနီ အမွေဆိုးကြောင့်လားလို့တောင် ပြောခဲ့တယ်”

“ဒါပေမဲ့ ဘာဖြစ်လို့ ကျောက်မီးသွေးလျှပ် စစ်ဓာတ်အားပေးစက်ရုံဆောက်ရတာလဲ။ ကျွန်တော်တို့ဆီမှာ ဓာတ်ငွေ့တွေအလျှံအပယ် ရှိ တယ်မဟုတ်လား”

“ခင်ဗျားမေးခွန်းကို သဘောကျပါတယ်။ ကျွန်တော်တို့ဆီ အလျှံအပယ်ရှိတယ်ဆိုတာ ဘာလို့ ပြောရတာလဲ”

“ကျွန်တော်က စာရင်းဇယားကိုတော့ မသိဘူး။ ဒါပေမဲ့ သူများကို ရောင်းနေတယ်လေ။ ကိုယ့်ဆီ မှာ ပိုမှ သူများရောင်းတယ်မဟုတ်လား။ အတိအကျ ဘယ်လောက်ပိုလဲဆိုတာကို ကိုဘသစ် သိလား”

“ဓာတ်ငွေ့ရောင်းတာ တစ်နှစ်ဒေါ်လာသန်း သုံးထောင်ကျော်ရနေတာပဲမဟုတ်လား”

“အစိုးရ ထုတ်ပြန်ထားတာ တွေ့ဖူးလို့ လား”

“ဓာတ်ငွေ့အစား ကျောက်မီးသွေးဓာတ် အားပေးစက်ရုံလုပ်တယ်ဆိုတာ ကျွန်တော်တော့ သဘောမတူဘူး”

“ဘာလို့ သဘောမတူလဲ”

“သဘောတူတဲ့အချက်တွေ အများကြီးပဲ ဆရာညိုရ။ ပထမအချက်ကတော့ ပတ်ဝန်းကျင် ညစ်ညမ်းမှုများခြင်း (pollution) ပါပဲ။ ၁၉၇၀ မတိုင်မီက အင်္ဂလန်ကိုရောက်ဖူးရင် သိလိမ့်မယ်။ အင်္ဂလန်တို့ စကော့တလန်တို့ ဆိုတာ အင်မတန်ကျောက်မီးသွေး ပေါတဲ့ အရပ်တွေ။ အိမ်အောက်မှာ ပေ ၂၀ လောက် တူးလိုက်ရင် ကျောက်မီးသွေးထွက်တယ်။ အဲဒီမှာ စက်မှု လုပ်ငန်းတွေ ထွန်းကားလာ တော့ ကျောက်မီးသွေးသုံးစက်ရုံတွေ အများ ကြီးဖြစ်လာတယ်။ မန်ချက်စတာတစ်ဝိုက်မှာ ဆိုရင် လမ်းပြပုလိပ်တောင် နာရီဝက်တစ်ခါ လူလဲပြီး အောက်ဆီဂျင်ပေး ရှူရတယ်။ ဆောင်းတွင်းမှာ မီးခိုး (Smoke) နဲ့ နှင်းငွေ့ (Fog) ဆိုတာ ဖြစ်လာတယ်။ အဲဒါက အနံ့လည်းနံ့တယ်။ တစ်မြို့လုံးမှောင်မည်းနေတယ်။ ဓာတ်တိုင်အောက်ကနေ မီးသီးကိုလှမ်းကြည့်ရင်တောင် မမြင်နိုင်ဘူး။ မြစ်တွေချောင်းတွေထဲ မှာလည်း အင်္ဂလန်က Fog ဆိုတာ အင်မတန် နာမည်ကြီးတာပေါ့။ ခုလို Smog ဆိုတဲ့ မီးခိုးမည်းကြောင့် ပြည်သူတွေရဲ့ ကျန်းမာရေးလည်း အတော်ချို့ယွင်းလာတယ်”

“ဒါကို ဘယ်လိုလုပ်လဲ”

“သူတို့က မြောက်ပင်လယ် (North Sea) မှာ ဓာတ်ငွေ့တွေ့တော့ တစ်ပြည်လုံး သဘာဝဓာတ်ငွေ့ကို ပြောင်းလဲသုံးစွဲလိုက်တာ ခုဆို ကောင်းကင်ပြင်ဟာ ကြည်လင်လှပနေပြီဖြစ်တယ်”

“ကောင်းလိုက်တာဗျာ။ သူတို့ဆီမှာ စက် မှုထွန်းကားတာ ကြာပြီပဲ”

“ဟုတ်ပါတယ်။ ဒါပေမဲ့ ပီကင်းတို့ ရှန် ဟိုင်းတို့မှာတော့ ဒီလိုမီးခိုးတွေရှိနေဆဲပါပဲ”

“သူတို့ မထိန်းကြဘူးလား”

“ကြိုးစားနေတာပါပဲ။ တိုးတက်မှုကိုလား ရင် တစ်ဖက်က ဆုံးရှုံးမှုတွေဖြစ်တာ သဘာဝပဲ။ သတိရတုန်း ပြောချင်သေးတယ်။ တရုတ်ဟာ ၂၀၀၈ ခုနှစ်က ဘီဂျင်းမှာ Olympic ပွဲတော်လုပ်ဖို့ ကြိုးစားတယ်။ ဒီနေရာမှာ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး ပြောစရာတွေ ဖြစ်နေတယ်။ ပထမအချက်က သူတို့မှာ ကားတွေက များတယ်။ ကားမီးခိုးတွေ များတယ်။ ဒုတိယက စက်ရုံတွေ၊ ကျောက်မီး သွေးလောင်စာစက်ရုံတွေကနေ မီးခိုးအမှုန်တွေ ထုတ်တယ်။ တတိယ ကတော့ Goby သဲကန္တာရက လွင့်လာတဲ့ သဲမှုန်သေးသေးတွေပေါ့။ စတုတ္ထကတော့ အိမ်သာ (toilet) ပါပဲ။ ဒီတော့ တရုတ်က ကားတွေကို ကန့်သတ် လိုက်တယ်။ ဒီနေ့ ကိုယ့်ကားနံပါတ် ၁ နဲ့ ဆုံးတဲ့ ကားပဲ မောင်းရမယ်။ ကျန်တဲ့ကားတွေ လမ်းပေါ်ထွက်ရင် ဖမ်းတယ်။ ဒုတိယကတော့ စက်ရုံတွေကို ပွဲတော်မကျင်းပမီ တစ်ပတ်ကနေ ပိတ်လိုက်တယ်။ တတိယအနေနဲ့ ဂိုဘီသဲကန္တာရက သဲမှုန်လေးတွေ သိမ့်သွားအောင် မိုးအတု ရွာစေတယ်။ နောက်ဆုံး အိမ်သာကိစ္စကတော့ WTO ကို အကူအညီတောင်းတယ်။ WTO ဆိုတာ စင်ကာပူက ဦးစီးတဲ့ World Toilet Organization ပါပဲ။ ၂၀၀၈ ခုနှစ် ပီကင်းအိုလံပစ် အောင်မြင်သွားတယ်။ ဒါကြောင့် သူတို့ဟာ ကျောက်မီးသွေးစက်ရုံတွေကို လျှော့လာကြတယ်။

“Clean Coal Technology ကို သုံးမယ်ဆိုရင်ကော”

“သူက ကျောက်မီးသွေးအကောင်းစားကို ၀ယ်သုံးရမယ်။ စရိတ်ပိုကြီးတယ်။ အားလုံး သိပါတယ်။ ကျွန်တော်တို့နိုင်ငံက တက္ကနိုလိုဂျီမှာ အားနည်းတယ်ဆိုတာ။ ဘယ်လောက်မှမကြီးတဲ့ သာပေါင်းနဲ့ စစ်တောင်းစက္ကူစက်တွေ လုပ်လိုက်တာနဲ့ စစ်တောင်းနဲ့ င၀န်မြစ်တို့မှာ ငါးသလောက်တွေ မျိုးပြုန်းကုန်တယ်”

“ကျောက်မီးသွေးက အတော်ဆိုးလား”

“ဆိုးတယ်။ သူတို့ဆီကထွက်တဲ့ အငွေ့တွေဟာ အက်ဆစ်မိုးကို ရွာစေတယ်။ ဧရာဝတီတိုင်းမှာ စိုက်ပျိုးရေးက အဓိကကျတယ်။ နောက် တံငါလုပ်ငန်းပေါ့။ ဒီဓာတ်ငွေ့ဟာ နယ်စီးမခြား သွားကြတော့ စိုက်ပျိုးရေးလုပ်ငန်းတွေကို အများကြီး ထိခိုက်စေနိုင်တယ်”

“ဟုတ်တယ် ကိုဘသစ်ရဲ့။ တရုတ်က ကျောက်မီးသွေးစက်ရုံက မီးခိုးတွေကြောင့် ဖြစ်တဲ့ အက်ဆစ်မိုးဟာ တွင်းတောင်ထိ ရောက်လာပြီး တွင်းတောင်ကရေတွေ ပျက်စီးတယ်လို့လည်း အချို့က ပြောတာပဲ”

“မဖြစ်နိုင်ဘူးလို့တော့ မပြောနိုင်ဘူး” ဒါပေမဲ့ အတော်လှမ်းပါတယ်။ အက်ဆစ်မိုးက လက်ပံတောင်းတောင်က အက်ဆစ်တွေကြောင့်လည်း ဖြစ်နိုင်တာပဲ။ ကျောက်မီးသွေး မီးရှို့တဲ့အခါ ဓာတ်ပြာတွေ ထွက်လာတယ်တဲ့”

“ဘယ်လိုမျိုးလဲ”

“ကျောက်မီးသွေးကို မီးရှို့လိုက်ရင်တော့ အထဲက ကာဗွန်တွေ လောင်သွားတယ်။ အခြား မသန့်စင်တဲ့ ပစ္စည်းတွေလည်း ပြာဖြစ်သွားတာပဲပေါ့။ ကျောက်မီးသွေးဓာတ်အားပေး စက်ရုံက အဏုမြူသတ္တိကြွတာတွေ အများကြီးဖြစ်ပါသတဲ့”

“ဒါလောက်တောင်ပဲလား”

“ Dec 13, 2007 က Mara Hvistendahl တင်ပြထားတဲ့ သတင်းကိုဖတ်ပြမယ်”

“အဏုမြူဓာတ်အားပေးစက်ရုံကတော့ အဏုမြူဓာတ်ပြာတွေ များစွာ ထွက်မှာပဲလို့ လူတွေ ယူဆထားကြပါတယ်။ ဒီအဏုမြူဓာတ်ပြာတွေဟာ ရေဒီယိုသတ္တိကြွတာကြောင့် တစ်နည်းနည်းတော့ ကျန်းမာရေး ထိခိုက်တယ်။ လူကီးမီးယားဆိုတဲ့ သွေးကင်ဆာတွေဖြစ်တယ်။ အဏုမြူဓာတ်အားပေးစက်ရုံမှာ အလုပ်လုပ်တဲ့ ယောက်ျားတွေဆိုရင် သားမျိုးဆက်တွေ ဖြည့်ဆည်းပေးနိုင်တဲ့ sperm count တွေ လျော့သွားတာကို တွေ့ရတယ်။ ဒီလူတွေမှာ ရေဒီယိုဓာတ်တွေ ကြွတက်နေပြီး မျက်လုံးက ဓာတ်ရောင်ခြည်တွေ ထွက်နေတယ်လို့တောင် အချို့က ယုံကြည်ကြတယ်။ များသောအားဖြင့် လူတွေ ယုံကြည်ထားတာက ဓာတ်ပေါင်းဖိုတွေဟာ လူတွေကို ဒုက္ခပေးတဲ့ ဓာတ်ရောင်ခြည်တွေ ထုတ်လွှတ်ကာ ပတ်ဝန်းကျင်ကို ထိခိုက်တယ်ဆိုတဲ့ အချက်ပဲဖြစ်တယ်။ တစ်ဖက်က ကျောက်မီးသွေးဓာတ်အားပေး စက်ရုံတွေကို ကြည့်မယ်ဆိုရင် ကျောက်မီးသွေးစက်ရုံဟာ အဏုမြူဓာတ်ပေါင်းဖိုထက်ကို ၁၀၀ ရာခိုင်နှုန်း ပိုပြီး ဓာတ်ရောင်ခြည်သက် ရောက်စေတယ်တဲ့”

“အင်း ... မယုံနိုင်စရာပါပဲ”

“ဒါကြောင့် အန္တရာယ်ရှိတဲ့ ကျောက်မီးသွေးစက်ရုံတွေကို နိုင်ငံတကာက တဖြည်းဖြည်း ဖယ်ရှားနေကြတယ်။ တလောက တနင်္သာရီတိုင်းမှာ ဆောက်လုပ်မယ့် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံကိုလည်း ဒေသခံတွေ ကန့်ကွက်နေတယ်”

“ဒါကို အစိုးရအနေနဲ့ စဉ်းစားရမှာပဲ။ လျှပ်စစ်ဓာတ်ကို လိုချင်တယ်။ တိုးတက်ချင်တယ်ဆိုတဲ့ ပြည်သူတွေဟာ ကျောက်မီးသွေးစက်ရုံကို ကန့်ကွက်တာ ဂရုစိုက်လေ့လာသင့်တယ်။ သတင်းစာထဲမှာ ပါတယ်။ ကောင်းမြတ်သောမြေကုမ္ပဏီက လုပ်မယ်တဲ့။ သူတို့ကော Technology အသစ်တွေ ရှိကြရဲ့လား။ ကျောက်မီးသွေး ပြည်ပက တင်သွင်းရမယ်။ အဆင့်မီဖို့ ပြုပြင်စရာတွေ လိုတယ်”

“ကိုဘသစ်ကရော ကန့်ကွက်တာပဲလား”

“ကန့်ကွက်တာပေါ့ဗျာ။ ကိုယ့်မှာ ထမင်းအကောင်းရှိလျက်နဲ့ ထမင်းအသိုးကို လဲစားတယ် ဆိုတာမျိုးပေါ့။ ဓာတ်ငွေ့တွေရှိလျက်နဲ့ ဒီလောက် ဒုက္ခပေးတဲ့ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ ဆောက်တယ်ဆိုတာ ဘာကြောင့်လဲ”

“ဘယ်သူသေသေ ငတေတဲ့ စိတ်ထားပေါ့”

“နောက်ပြန်မသွားနိုင်တာကို ဂရုစိုက်ကြပါဗျာ”

× × × × ×
- The Ladies News Journa မှ -

0 comments:

Post a Comment