Friday, September 14, 2007

ဒါလားကွဲ့ဝမ်းနည်းစရာ

မဟေသီမဂ္ဂဇင်းအသစ်ရပြီဆိုတာနဲ့ ကျနော် စလှန်မိတဲ့ စာမျက်နှာကတော့ ဂျက်ကွမ်းခြံကုန်းရဲ့ သရော်စာ စာမျက်နှာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ဆောင်းပါးလေးတွေကို ကျနော် ဖတ်ရတာ အရမ်းကြိုက်လို့ပါ။ အခုတပတ်လည်း ကျနော် ကြိုက်နှစ်သက်တဲ့ စာစုအနေနဲ့ ကျနော့်သူငယ်ချင်းမိတ်ဆွေများကို မျှဝေပေးလိုက်ပါတယ်။ (ပို့စ်အသစ်တင်စရာလည်း မရှိလို့ပါ - ဟ - ဟ :P) ဖတ်ရှုခံစားကြပါကုန်။

“ဒါလားကွဲ့ဝမ်းနည်းစရာ”

ဟိုယခင် ကျွန်ုပ် ဂျက်ကွမ်းခြံကုန်းတို့ နုစဉ်က ဖတ်ခဲ့ရသော၊ နောင်တွင် ရုပ်ပြကာတွန်းဘဝမှနေ၍ ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်သွားခဲ့ရသော ကာတွန်းမြင့်သိန်း၏ စံရွှေမြင့်ဇာတ်လမ်းတစ်ပုဒ်နှယ် ဝမ်းသာရမှာလား၊ ဝမ်းနည်းရမှာလား မိသိန်းကြည်ဟူသော အော်ဟစ်မြည်တမ်းသမှု ပြုလိုက်ချင်တော့ပါဘိသည် တမုံ့။ ဟုတ်ကဲ့။ နယူးဇီလန်ဘက်ဆီက ကြားခဲ့ရသော သတင်းတစ်ပုဒ်က ကျွန်ုပ်ဆရာကြီးဂျက်၏ခေါင်းကို အလုပ်ရှုပ်စေကြောင်းပါအဆွေ။ သြစတြေးလျတိုက်နဲ့ မလှမ်းမကမ်း ပင်လယ်သမုဒ္ဒရာကြီးတွေ ဝိုင်းပတ်နေချေသည့် ကျွန်းနိုင်ငံကလေး နယူးဇီလန်မှ သတင်းရယ်ပ ချစ်မိတ်ဆွေ။

သတင်းက လျှပ်စစ်မီးကို အခြေခံသည့် သတင်းရယ်ပလေ။ အနှီ နယူးဇီလန်တွင် အောက်ကလန်မြို့ဟူ၍ ရှိလေသတတ်။ ကမ္ဘာ့မြေပုံစာရွက်ကြီးပေါ်တွင်ကား အော့ခ်လန်ဟု ရေးသားပုံနှိပ်ထားသည်ကို ကျွန်ုပ် တွေ့မြင်ဖူးပါ၏။ သူ့ဘာသာသူ အောက်ကလန်ဖြစ်ဖြစ် အော့ခ်လန်ဖြစ်ဖြစ် ယင်းသည် ဂျက်နှင့်မဆိုင်။ အနို့ဟူမူသောကြောင့် ကျွန်ုပ်စကားကိုသာ ကျွန်ုပ် ဆက်ပါအံ့။

ကိစ္စကား အောက်ကလန်မြို့မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ကိစ္စတစ်ရပ်ပင်။ အဲသည် အနှီအောက်ကလန်မြို့မှာ လျှပ်စစ်မီးပေးဝေသော ပုဂ္ဂလိက လျှပ်စစ်ကုမ္ပဏီတစ်ခု ရှိချေသတဲ့ဗျာရယ်။ မာကျူရီ အင်နာဂျီ ကုမ္ပဏီတဲ့ခင်ဗျ။ နာမည်ကလေးက လှပပေစွာ Mercury Energy ဟူလို။ ဗုဒ္ဓဟူးအလင်း၊ ဗုဒ္ဓဟူးစွမ်းအင် ဘယ့်နှာဘာသာပြန်ရပါလတ္တံ့။ ထား။

အဲသည်မှာ မိသားစုတစ်စုရယ်က လျှပ်စစ်မီတာခ မဆောင်ဘူးတဲ့ဗျာရယ်။ ကလေးတစ်ယောက်နှင့် မိခင်တစ်ဦးတို့ နေထိုင်ကြသော မိသားစုကလေးပါတဲ့။ မိခင်ကြီးက ကျန်းမာရေးမကောင်းလှသူပါတဲ့။ အောက်ဆီဂျင်ပိုက်နဲ့တပ်ကာ အသက်ရှင်နေရချေသည့် မိခင်တစ်ဦးဟု ဆိုပါ့ကလား။ စီးပွားရေး ချွတ်ခြုံကျနေသည့် မိသားစုကလေးဖြစ်ရာ စားဖို့မှအနိုင်နိုင် မီတာခကို မဆောင်နိုင်ကြချေ။

တစ်နေ့သ၌ အနှီ မာကျူရီ အင်နာဂျီ ကုမ္ပဏီက ဝန်ထမ်းတချို့ မီတာခမပေးနိုင်သာ ယင်း၎င်းအိမ်ကလေးရှိရာဆီ ရောက်လာကြချေသတဲ့ဗျ။ လျှပ်စစ်မီးဖြတ်တောက်မည့်အကြောင်း လာရောက် အကြောင်းကြားခြင်းပင်။ မလုပ်ပါနဲ့၊ မလုပ်လိုက်ပါနဲ့။ သို့ကလို အကြောင်းအတန်တန်နဲ့ တောင်းပန်ကြချေသတဲ့ဗျာ။ အောက်ဆီဂျင်စက်နှင့် အသက်ရှင်နေရသူမိန်းမနှင့်တကွ သူ၏သားတစ်ဦးတို့က တောင်းပန်ကြခြင်း ဖြစ်ပါသတဲ့။

ယင်း၎င်းနောက် မာကျူရီ အင်နာဂျီကုမ္ပဏီက လူပုဂ္ဂိုလ်တို့ ပြန်သွားကြလေပြီ။ လျှပ်စစ်မီးကို ဖြတ်တောက်ပစ်လိုက်ပါ၏။ ၂၀၀၇ ခုနှစ်၊ မေလ ၂၉ ရက်၊ အင်္ဂါနေ့မှာ ဖြတ်ပစ်လိုက်သည် ဆိုပါ့ကလား အဆွေ။
ဤသို့ မီးဖြတ်ပြီးသည်၏နောက် ၂ နာရီလောက် ကြာသည်ရှိလေသော် အောက်ဆီဂျင်ပေးစက် ရပ်သွားခဲ့ပြီဖြစ်၍ ယင်း၎င်းအမျိုးသမီး အနိစ္စရောက်သွားခဲ့ချေသည်။ ကယ်ဆယ်ရေးတွေ ဘာတွေကတော့ သတင်းကြားလျှင်ကြားချင်း အရောက်လာကြသေးတာပဗျာ။ အနို့သော် အလာကောင်းပေမယ့် အခါနှောင်းဟု ဆိုသလို မရတော့ပါဘူးလေရယ်။

မီတာခမဆောင်ဘဲ ဘဝတစ်ပါးသို့ ပြောင်းသွားသူ အမျိုးသမီးရဲ့ ဆွေမျိုးတော်စပ်သူ ဘရင်ဒင်ရှီးဟန်ဆိုသူကတော့ စိတ်မကောင်းစရာ ဖြစ်ရပ်ဖြစ်ကြောင်း နယူးဇီလန်နိုင်ငံပိုင် အသံလွှင့်ဌာနကို ရင်ဖွင့်ပြောပြခဲ့လေသဗျာ။ မာကျူရီ အင်နာဂျီကုမ္ပဏီကတော့ ဝမ်းနည်းကြောင်း သတင်းထုတ်ပြန် ကြေညာခဲ့ပါတယ်။

အကယ်တန္တုကတော့ ဘာမှဝမ်းနည်းစရာ၊ သတင်းထုတ်ပြန်ကြေညာစရာ မလိုပ်ချေဘူးလဗျာ။ အနှီခေတ်သည် ဈေးကွက်စီးပွားရေးခေတ်။ ရောင်းကြ ဝယ်ကြသောခေတ်။ ဘာတစ်ခုမှ အလကားမရသော ခေတ်။ မာကျူရီ အင်နာဂျီကုမ္ပဏီမှာ ဘာအပြစ်ရှိသတုန်းဗျာ။ ငွေအသပြာပေးရင် လျှပ်စစ်မီးပေးမယ်၊ ငွေအသပြာမပေးရင် လျှပ်စစ်မီး မပေးဘူး။ အခု သူတို့ကို သွားပြောသားပဲ။ မီတာခဆောင်၊ မဆောင်ရင် မီးဖြတ်မယ်လို့။ ခုမှ အောက်ဆီဂျင်စက် ရပ်သွားလို့ ဘဝတစ်ပါးပြောင်းသွားရသလေး ဘာလေးနဲ့။ ဂျက်ကွမ်းခြံကုန်းဆို ဘဇာမှ ဝမ်းနည်းမနေပေါင်လဗျာ။

ဟုတ်ပ။ ဆန်ပေးလေပါမှ ဆေးရနိုင်ချေသောခေတ်။ ရော့ပတ္တမြားဆိုမှ ရော့နဂါးလေသောခေတ်။ ပိုက်ဆံမပေးသည့်ကလေးကို ဘုတ်အုတ်စာပေတွေ သင်မပေးနိုင်ပေါင်ဗျာ။ ပိုက်ဆံမပေးသည့်လူနာ ဆေးကုသသမှု မပြုပေးနိုင်ပေါင်လဗျာ။ ပိုက်ဆံမပေးသည့် ခရီးသွား ခုချက်ချင်း ဘတ်စ်ကားပေါ်က ဆင်းသွားစမ်း။ သင်းတို့တွေ ပြေပြေလည်လည် ဖြစ်တဲ့အထိ အောင့်အည်းသည်းခံ မနေနိုင်ကြပေါင်လဗျာ။ ကဲ ... မီးဖြတ်တော့ ဘာဖြစ်သေးသတုန်း။ ဘာမှ ဝမ်းနည်းပါတယ် ဘာညာ ပြောစရာမလိုပါဘူးလို့ မာကျူရီ အင်နာဂျီကုမ္ပဏီက လူကြီးမင်းတို့ကို လှမ်းပြောလိုက်ချင်မိသေးသဗျာ။

ဂျက်ကွမ်းခြံကုန်း

0 comments:

Post a Comment