သည်မွန်
ထားဝယ်လို ငွေလို့ အဓိပ္ပါယ်ရတဲ့ ပိုက်ဆံကို ပြောတာ မဟုတ်ပါဘူး။
ငွေကြေးကို အခြေတည်စဉ်းစားချက်ကြောင့် “ကပ်” ဆိုက်သလို ဖြစ်နေတဲ့ ရှုမြင်ပုံများ အကြောင်းပါ။
အခုနောက်ပိုင်းမှာ မကြားချင်မှ အဆုံးဖြစ်လာတာက ဖွံ့ဖြိုးရေး ဆိုတဲ့  စကားလုံးဖြစ်ပါတယ်။ ဒါက ပြည်သူတွေရဲ့ သည်းခြေကြိုက် စကား ဖြစ်သလို အသည်းခြေကို ထိခိုက်စေမည့် စကားလည်းဖြစ်ပါတယ်။ ဒေသဖွံ့ဖြိုးရေးအတွက်ဆိုတဲ့ စိတ်ကူးကိုယ်စီနဲ့ အလုပ်တွေလုပ်ကြတဲ့ အခါမှာ ချဉ်းကပ်ပုံ အကွဲ၊ စေတနာအကွဲ၊ လုပ်ရည်ကိုင်ရည် အကွဲများကို တွေ့ရပါတယ်။
ချဉ်းကပ်ပုံ အကွဲလို့ ပြောရာမှာ လူသားကို အခြေတည်တဲ့ ချဉ်းကပ်မှုလား။ ငွေကြေးကို အခြေတည်တဲ့ ချဉ်းကပ်မှုလားဆိုတာ အပေါ်မူတည်ပြီး လုပ်ပုံကိုင်ပုံ ကွဲသွားပါတယ်။ ရလာဒ်တွေလည်း ကွဲသွားပါတယ်။ ဒါ့အပြင် ထိခိုက်နစ်နာမှုတွေလည်း အနည်းအများ အလေးအပေါ့ ကွဲပြားတာကို တွေ့ရပါတယ်။
စေတနာ အကွဲဆိုတာကတော့ ဘယ်သူ့အပေါ် စေတနာ ထားသလဲ ဆိုတာ အပေါ် မူတည်ပြီး စေတနာထားတဲ့ သူ အမျိုးအစားအလိုက် လုပ်ပုံကိုင်ပုံတွေ ကွဲသွားပါတယ်။ ပြီးတော့ ဘယ်သူ့ကို သာစေ ဘယ်သူ့ကို နာစေဆိုတဲ့ ကိစ္စတွေ ဆန္ဒတွေနဲ့ လူပုဂ္ဂိုလ်ကို တည်ပြီး စဉ်းစားချက်တွေနဲ့ အလုပ်လုပ်တာကို လေ့လာမိကြမှာပါ။
လုပ်ရည်ကိုင်ရည်အကွဲကကျတော့ စေတနာနဲ့ ချဉ်းကပ်ပုံ ဘယ်လောက်ပဲ ကောင်းပါစေ လုပ်ရည်ကိုင်ရည် အလွဲများကြောင့် ထိခိုက်နစ်နာကြရတာပါ။
ဒီသုံးခုဟာ တစ်ခုနဲ့ တစ်ခု ဆက်စပ်နေပါတယ်။ ဒါပေမယ့် အခါတော်တော်များများမှာ လေ့လာမိတာက သုံးခုစလုံးကို ချိုးဖောက်တာကို တွေ့ရပါတယ်။ စေတနာအမှားနဲ့ လုပ်ရည်ကိုင်ရည်အမှားက အရမ်းကို ရှင်းလင်းမှုရှိပြီး သိသာရှိပြီး ချဉ်းကပ်ပုံက အခရာချပြီး ရှုပ်လည်း ရှုပ်ထွေးပါတယ်။
လက်ရှိတိုင်းပြည်မှာ ဖြစ်နေတဲ့ ပြဿနာတွေကို ကြည့်တဲ့ အခါမှာ ချဉ်းကပ်မှု အမှားကြောင့် ဖြစ်တာတွေဆိုတာ ထင်သာမြင်သာ ရှိလှပါတယ်။
ဖွံ့ဖြိုးရေးဆိုတာကို ဘယ်လို မြင်သလဲ။ ဘယ်လို အဓိပ္ပါယ် ဖွင့်ဆိုသလဲ ဆိုတာအပေါ်မူတည်ပြီး အရာ ပေးလိုက်တဲ့ အမှားတွေက စေတနာထားမှု အတိမ်အနက်နဲ့ လုပ်ရည်ကိုင်ရည် ပါးနပ်မှုအပေါ်မူတည်ပြီး ထိခိုက်နစ်နာမှုတွေဖြစ်ကြပါတယ်။
ချဉ်းကပ်မှုအမှားဆိုရာမှာ ဖွံ့ဖြိုးရေးကို အဓိပ္ပါယ်ဖွင့်တာတစ်ခုတည်းမဟုတ်ဘဲ ကိုယ့်ရပ်တည်ချက်ကို ကိုယ်ဘယ်လို အဓိပ္ပါယ်ဖွင့်တယ်။ ပြည်သူဆိုတာကို ဘယ်လို အဓိပ္ပါယ်ဖွင့်တယ်ဆိုတာအပေါ်မူတည်ပြီး ကျန်တာတွေလည်း ကွဲပြားပါတယ်။
လတ်လတ်ဆတ်ဆတ်ပဲ ရှိသေးတဲ့ ဥပမာတစ်ခုက ထားဝယ် စီမံကိန်းကိစ္စ အလုပ်ရုံဆွေးနွေးပွဲမှာ ဒေသခံတစ်ယောက်ပြောတဲ့ စကားမှာ “ ဇီဝမျိုးကွဲ” ဆိုတာပါတော့ ဌာနဆိုင်ရာက တာဝန်ရှိသူတစ်ဦးက ပြောတာက “ဒါက ဒေသခံ ရွာသားတွေ ပြောတဲ့စကားမဟူတ်ဘူး။
တစ်ယောက်ယောက်က ရေးပေးထားတဲ့ ဟာဖြစ်ရမယ်” လို့ ဆိုသတဲ့။
အင်မတန် ၀မ်းနည်းစရာကောင်းတဲ့ ချဉ်းကပ်ပုံမျိုးပါ။
ရွာသားလို့ခေါ်တဲ့ ကျေးလက်နေ ပြည်သူဆိုတာ “ထုံ” ရမယ်။ “အ” ရမယ်။ ပညာမတတ်ရမဘူး။ စကားကို လိပ်ပတ်လည်အောင် မပြောတတ်ရဘူး ဆိုတဲ့ ချဉ်းကပ်ပုံမျိုးနဲ့ ကြည့်နေတာကို တွေ့ရပါတယ်။
တကယ်တော့ “ဇီဝ မျိုးကွဲ” ဆိုတဲ့ စကားဟာ တစ်လ တစ်ခါလောက် ဂျာနယ် ၀ယ်ဖတ်တဲ့ ပြည်သူတွေတောင် ပြောတတ်တဲ့ စကားပါ။ ဒါဟာ သိပ်ပြီး ပညာရှင်ဆန်တဲ့ စကားမဟုတ်ပါဘူး။ တောတောင်ရေမြေကို ချစ်သူတိုင်းသိတဲ့ စကားလည်းဖြစ်ပါတယ်။
နောက်တစ်ဖက်က စဉ်းစာရင်တော့ ဒါတွေကို ပြည်သူတွေက ပြောတတ်နေတာ၊ ပြောရဲနေတာကို ပြည်သူ့ ၀န်ထမ်းတွေအနေနဲ့ ၀မ်းသာရမှာလို့ ရိုးရိုးသားသား ထင်မိပါတယ်။ ဒါမှသာ တကယ့် အောက်ခြေမှာ ရှိနေတဲ့ ဖြစ်ရပ်အမှန်တွေ၊ ပြည်သူတွေရဲ့ တကယ့် ခံစားချက်တွေကို အရင်းအတိုင်း သိရမှာဖြစ်ပါတယ်။
စားပွဲအဆင့်ဆင့်ကို ဖြတ်လာတဲ့ အစီရင်ခံစာတွေက ပြည်သူ့အသံ အစစ်ကို ကိုယ်စားပြုနိုင်မှု နည်းလွန်းတယ်ဆိုတာ အားလုံးလိုလို သိကြပါတယ်။
ပြီးတော့ “ရန်” “ငါ” စည်းခြားတဲ့ ပြဿနာပါ။ ကိုယ့်နဲ့ အယူအဆမတူသူ၊ ချည်းကပ်ပုံ မတူသူများကို ရန်သူ အဖြစ် မြင်တဲ့ ကပ်ဆိုးပါ။
ဒါက တစ်နိုင်ငံလုံးမှာ တကယ့် ကပ်ဆိုးတစ်ခုလိုဖြစ်နေပါတယ်။
ဖြစ်ရပ်တစ်ခုဖြစ်ရင် နောက်ကွယ်က ဘယ်သူက သွေးထိုးမြှောက်ပင့်ပေးနေတာလဲ။ ဘယ်သူတွေက ဖျက်လိုဖျက်ဆီး လုပ်နေတာလဲ။ ဘယ်သူက ရန်သူလဲဆိုတာကို ကြည့်တတ်တဲ့ ရောဂါပါ။ လောကမှာ အဖြူအမည်း နှစ်ရောင်တည်းသာ ရှိတာမဟုတ်၊ ရန်သူ မိတ်ဆွေ နှစ်မျိုးသာ ရှိတာမဟုတ်ဆိုတာကို လူတိုင်းသိပါလျှက် တကယ့်လက်တွေ့ဘ၀မှာ အဲဒါကို အသုံးမချနိုင်တာကို ၀မ်းနည်းစွာတွေ့ရပါတယ်။
ကိုယ်ပြောတာနဲ့ ပြောင်းပြန်ပြောတဲ့သူကို ကိုယ့်ရန်သူလို့ မြင်ပြီး အဲဒီလူရဲ့ နောက်မှာ သွေးထိုးမြှောက်ပင့်သူ ဘယ်သူရှိတယ်ဆိုပြီး ကြည့်တဲ့ အမြင်၊ ထိန်းချူပ်ထားတဲ့ သူ ဘယ်သူရှိတယ်ဆိုတဲ့ အမြင်ဟာ ကျဉ်းမြောင်းလွန်းပါတယ်။
ဒီမိုကရေစီစနစ်မှာ ဥပဒေပြုသူ၊ အုပ်ချူပ်သူနဲ့ တရားစီရင်သူတွေက အချင်းချင်း ထိန်းညှိကြသလို နောက်ထပ် ထိန်းညှိဖို့ မီဒီယာနဲ့ လူထု လူ့အဖွဲ့အစည်းတွေ ပေါ်လာတယ်ဆိုတာကို နားလည်ထားဖို့လိုပါတယ်။
ဒါမှလည်း မီဒီယာနဲ့ လူထုလူ့အဖွဲ့အစည်းများအပေါ် နိုင်ငံတော်ရဲ့ မဏ္ဍိုင်ကြီး သုံးခုကို ထိန်းညှိဖို့ ရှိနေတာဆိုတဲ့ ချဉ်းကပ်မှုရှိတဲ့ အမြင်မျိုးကိုမြင်နိုင်မှာဖြစ်ပါတယ်။
လူထုလူ့အဖွဲ့အစည်းများပေါ်ပေါက်လာခြင်း အစိုးရတစ်ရပ်အနေနဲ့ မလုပ်နိုင်တဲ့ ၊ ဒါမှမဟုတ် လုပ်ဖို့မေ့နေတဲ့ ကိစ္စတွေကို လုပ်ဖို့ ဖြစ်ပါတယ်။
ထားဝယ်စီမံကိန်းနဲ့ ပတ်သက်ပြီး ဘာတွေကောင်းကျိုးရနိုင်သလဲဆိုတာကိုတောင် ကွဲကွဲပြားပြား သိခွင့်မရတဲ့ ဒေသခံတွေအတွက် လူထု လူ့အဖွဲ့အစည်းများက အားကိုးရာ ဖြစ်လာပါတယ်။ အနာဂါတ်မှာ ဖြစ်လာမယ့်ဟာတွေကို ကြိုမြင်ခွင့် ရမယ့် ပြတင်းတစ်ချပ်ဖြစ်လာပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ၈၈ မျိုးဆက်ကျောင်းသားဖြစ်တဲ့ ကိုကိုကြီးက ပြောပါတယ်။ “ဘာအာဏာမှ မရှိတဲ့ ကျွန်တော်တို့ကို ပြည်သူတွေက ဘာလို့ နေ့တိုင်း ဖုန်းတဂွမ်ဂွမ်နဲ့ တိုင်နေသလဲဆိုတော့ တိုင်စရာ နေရာမရှိလို့ပါ။ သူတို့ အားကိုးတကြီး ပြောပြစရာ နေရာမရှိလို့ပါ။ သူတို့ ပြောပြတာကို အရေးတယူ လေးလေးစားစား ဖြေရှင်းပေးမယ့်သူတွေ နည်းနေလို့ပါ” လို့ ပြောပါတယ်။
ဒီစကားက သက်ဆိုင်ရာ ဌာနဆိုင်ရာက ပြည်သူ့ဝန်ထမ်းတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ရမယ့် ကိစ္စဖြစ်သလို၊ ကိုယ့်နေရာကို ကိုယ် ပြန်ဆန်းစစ်ရမယ့် ကိစ္စလည်း ဖြစ်တယ်လို့ သုံးသပ်မိပါတယ်။
ခက်တာက အခုအချိန်အထိ ကောင်းတာတွေကိုပဲ အစီရင်ခံစေချင်တဲ့ ရောဂါက တော်တော်ကြီးကို အမြစ်တွယ်နေတဲ့ အခြေအနေပါ။ ဒါကိုလည်း ထားဝယ်စီမံကိန်း အလုပ်ရုံ ဆွေးနွေးပွဲမှာ သတိထားလိုက်မိပါတယ်။ ဒေသခံတွေတင်ပြတဲ့ ကိစ္စတွေ၊ ရင်ဆိုင်နေရတယ်လို့ ဖွင့်ဟနေတဲ့ ဒုက္ခတွေကို စိတ်ရှည်နားလည်စွာနဲ့ နားထောင်ပြီး ဘယ်လို ဖြေရှင်းပေးမလဲလို့ စဉ်းစားနေတာမျိုးမဟုတ်ပဲ ကောင်းတာလေးတွေ ပြောပါဦး လို့ တောင်းဆိုတာကို အံ့သြစွာ တွေ့ရပါတယ်။
တကယ်တော့ အလုပ်ရုံဆွေးနွေးပွဲဆိုတာ ကောင်းချီးမင်္ဂလာပြုတဲ့ ပွဲမဟုတ်။ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ၊ ဖြစ်ပေါ်နေတဲ့ အားနည်းချက်တွေကို ဘယ်လိုဖြေရှင်းမယ်၊ ဘယ်လို ပူးပေါင်းလုပ်ကိုင်ကြမယ် ဆိုတာကို ဆွေးနွေး အဖြေရှာတဲ့ ပွဲမျိုးသာ ဖြစ်ပါတယ်။
နိုင်ငံရဲ့ လက်ရှိ အပြောင်းအလဲကာလမှာ ကြုံတွေနေရတဲ့ ရခိုင်ကိစ္စ၊ လက်ပံတောင်းကိစ္စ အပါအ၀င် ဖြစ်ပေါ်နေတဲ့ ကိစ္စတော်တော်များများကို ချဉ်းကပ်ပုံ အဟောင်းနဲ့ပဲ ချဉ်းကပ်နေတာကို တွေ့ရပါတယ်။
ကိုယ့်ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို မသိတဲ့ အတွက် အထက်အမိန့်ကိုသာ စောင့်ရင်း ပြဿနာတွေ ကြီးသွားတာတွေကို တွေ့ရပြီးဖြစ်ပါတယ်။
အခုထားဝယ်စီမံကိန်းကိစ္စနဲ့ ပတ်သက်ပြီးလည်း ပါဝင်ပတ်သက်သူတွေအားလုံးက ရှုမြင်မှုအဖုံဖုံနဲ့ တင်ပြ ပြောဆို နေကြခြင်းဖြစ်ပါတယ်။
ဒါကို “ရန်” “ငါ” စည်းခြားပြီး သွေးထိုးမြောက်ပင့်နေတယ် ဖျက်လို ဖျက်ဆီးလုပ်နေတယ်ဆိုတဲ့ ယူဆချက်မျိုးနဲ့ ချဉ်းကပ်နေရင်တော့ အကောင်းဆုံး အဖြေလည်း ထွက်လာမှာမဟုတ်ပါ။
ပြည်သူတွေ အသိအမြင်ကျယ်ဖို့လိုပါတယ်။ ပြည်သူတွေ အသိအမြင်ကျယ်လာတာကို နောက်ကွယ်က သင်ပေးထားတယ်ဆိုတဲ့ ချဉ်းကပ်မှုမျိုးကို ဒီမိုကရေစီခရီးသွားနေသူအားလုံး လက်ကိုင်မထားသင့်တော့ပါ။
ကမ္ဘာနဲ့အ၀ှမ်းမှာ ရာသီဥတုဘေးတွေ၊ အစာရေစာ ငတ်မွတ်မှုတွေ၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုတွေကြောင့် ဘ၀ အရည်အသွေး ကျဆင်းလာတာတွေ စတဲ့ ကပ်ဆိုးတွေ မျိုးစုံ ဆိုက်နေပါတယ်။
မြန်မာနိုင်ငံမှာတော့ အဲဒီကပ်တွေထက် ဆိုးရွားပြီး အပေါ်က ပြောခဲ့တဲ့ ကပ်တွေအားလုံးကို ဖြစ်စေတဲ့ ကပ်ဆိုက်နေပါတယ်။
“ရန်” “ငါ” စည်းခြားတဲ့ကပ်။ “ချဉ်းကပ်ပုံ မှားယွင်းမှု” ဆိုတဲ့ ကပ် ဖြစ်ပါတယ်။
သည်မွန်
From- Dawei Watch
0 comments:
Post a Comment