Tuesday, September 24, 2013

ပြည်တွင်းငြိမ်းချမ်းရေးကို အမှန်တကယ် တည်ဆောက်လိုကြလျှင်



 ထင်လင်းဦး (Wisdom Villa) 


မြန်မာပြည်သူပြည်သား အများစု ပြောကြသော စကားတစ်ခွန်းရှိပါသည် '' အေးအေးဆေးဆေးပဲ နေချင်တယ်၊ နိုင်ငံရေးတွေ ဘာတွေလည်း စိတ်မဝင်စားပါဘူး။ ဘယ်အစိုးရတက်တက် ကိုယ့်ထမင်း ကိုယ်ရှာစားရမှာပဲ'' ဟူသော စကားဖြစ်ပါသည်။ အလွန်စာနာ နားလည်ဖွယ်ကောင်းလှသော စကားတစ်ခွန်း ဖြစ်ပါသည်။ ထို့ထက်ပို၍ ဆိုခွင့်ရလျှင် အလွန်လူသားပီသသော စကားတစ်ခွန်းလည်း ဖြစ်သည်ဟု ဆိုချင်ပါသည်။

လူ့ဘဝ၏ အဓိက လိုအပ်ချက်မှာ စားဝတ်နေရေး ဖြစ်ပါသည်။ မိမိတို့ အသက်ခန္ဓာ တည်မြဲရေးအတွက် အဓိက လိုအပ်သော အစားအစာ (ထမင်းတစ်နပ်)။ မိမိတို့ ကာယိနြေ္ဒထိန်းသိမ်းကာကွယ်ရန် ဖုံးလွှမ်းအပ်သော အဝတ်တန်ဆာ၊ မိမိတို့ မိသားစုအတွက် မှီခိုရန် နားနေရန် အိပ်စက်ရန် လိုအပ်သောနေစရာတို့သည် လူသားတို့အတွက် မရှိမဖြစ် တောင့်တကြောင့်ကြနေရသော အရာများဖြစ်ပါသည်။ သာမန်ပြည်သူများအဖို့ သမ္မတဖြစ်ရေး၊ ဝန်ကြီးဖြစ်ရေး၊ လွှတ်တော်အမတ်ဖြစ်ရေး၊ ပါတီခေါင်းဆောင်ဖြစ်ရေးဆိုသည်တို့မှာ အိပ်မက်ထဲတွင်ပင် ပေါ်မလာသည့် အကြောင်းတရားများ ဖြစ်ပါသည်။ နေစရာ တစ်ခုရှိ၍ စားရေးနှင့် ဝတ်ရေးကို အဆင်ပြေပြေဖွေရှာ စားသောက်နေကြနိုင်လျှင် သူတို့၏ဘဝမှာ ပြီးပြည့်စုံနေပြီ ဖြစ်ပါသည်။


ထိုသို့ ရိုးစင်းလှစွာ ဘဝကိုဖြတ်သန်းလိုကြသော ပြည်သူပြည်သားများသည် 'စစ်' ဆိုသည့်အသံကို နားမှ လေသံပင် မကြားလိုကြပါ။ အမြောက်သံ၊ ကျည်သံ၊ ဗုံးသံများကို မကြားလိုကြပါ။ ကူးသန်းရောင်းဝယ်ကြသူများ ဖြစ်စေ၊ တောင်ယာလယ်လုပ် ဓားမခုတ် လုပ်ကိုင် စားသောက်သူများဖြစ်စေ ငြိမ်းချမ်းသောဘဝကို ဖြတ်သန်းလိုကြသူများချည်းသာ ဖြစ်ကြပါသည်။

ထိုသို့ဆိုလျှင် အဘယ်ကြောင့် ပြည်တွင်း မငြိမ်းချမ်းမှုများဖြစ်ပွားနေရပါသနည်း။ အဘယ်ကြောင့် တစ်မြေတည်းနေ တစ်ရေတည်းသောက်ကြသော ညီနောင်သားချင်း တိုင်းရင်းသားချင်း တိုက်ခိုက်သတ်ဖြတ်နေကြရပါသနည်း။ အဘယ်ကြောင့် အပြစ်မဲ့ ပြည်သူပြည်သား တိုင်းရင်းသားများ အသက်အိုးအိမ်စည်းစိမ်တို့ ပျက်ပြားနေရပါသနည်း။ ဤပြဿနာများကို အမြန်ဆုံး ဘယ်လိုအဆုံးသတ်ကြမည်နည်း။

အဓိကပြဿနာများကို သွေးနုသားနု ဒီမိုကရေစီ နိုင်ငံသစ် ဆောင်းပါး နောက်ဆက်တွဲ ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး၏ တာဝန်များ၊ ဖက်ဒရယ်မူ တစ္ဆေ နှင့် အာဏာ (၃) ရပ်၏ တကယ့်ပိုင်ရှင်အစစ်အမှန် ဆောင်းပါးတွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ ယင်းတွင် 'ယခု အရေးတကြီး ဖြေရှင်းရန်လိုအပ်နေသည့် ကချင်ပြည်နယ် ပြဿနာနှင့် အခြားတိုင်းရင်းသား လက်နက်စွဲကိုင်မှု ပြဿနာများသည် မည်သည့်အတွက်ကြောင့် ဖြစ်ပွားနေရသည် ဆိုသည်ကို အခြေခံကျကျ လေ့လာ (Conflict Analysis လုပ်) ကြည့်ပါ' ဟု တင်ပြခဲ့ပါသည်။ ထို့အပြင် 'အထူးသဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကိအရှိန်အဟုန်မြှင့် တည်ဆောက်နိုင်ရန် ပြည်တွင်းငြိမ်းချမ်းရေးကို အမြန်ဆုံး ပြန်လည်တည်ဆောက်ရန် လိုသည်။ ထိုသို ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရန်မှာ နှစ်ဦးနှစ်ဘက် အကြေအလည် စေ့စပ်ညှိနှိုင်းကြရန် လိုသည်။ ထိုသို့ စေ့စပ်ညှိနိုင်းရန် ပြဿနာ၏ ရင်းမြစ် (root cause)၊ နှစ်ဦးနှစ်ဘက်၏ လိုအင် ဆန္ဒများ (needs and desires)၊ တန်ဖိုးထားမှုများ (values) များကို သိရှိနားလည်ရန် လိုအပ်သည်။ တိုင်းရင်းသား ညီနောင်အချင်းချင်း တိုက်ခိုက်သတ်ဖြတ်နေကြရသည့် ပြဿနာများသည် လူမျိုးရေး ပဋိပက္ခ (Conflict of national cause) လော၊ အယူဝါဒရေးရာ ပဋိပက္ခ Conflict of political conviction) လော ဖွဲ့စည်းပုံအခြေခံဆိုင်ရာ အကျပ်အတည်း (Constitutional Crisis) လော ဆိုသည်တို့ကို အခြေခံကျကျ ဆန်းစစ်လေ့လာမှုများ မပါရှိဘဲ ပြည်တွင်း ငြိမ်းချမ်းရေး အစစ်အမှန်ကို ဘယ်သို့စေ့စပ်ညှိနှိုင်းတည်ဆောက် ကြမည်နည်း' ဟုလည်း တင်ပြခဲ့ပါသည်။

ထိုဆောင်းပါးပါအပြီး ရက်များမကြာမီ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ KIO နှင့် ဆွေးနွေးရန် ထွက်ခွာသွားခဲ့ပါသည်။ အောက်တိုဘာ ၂၉ ရက်တွင် စတင်ကျင်းပသည့် ရွှေလီငြိမ်းချမ်းရေး အစည်းအဝေးတွင် မည်သည့်အကြောင်းအရာကိုမျှ ပီပီပြင်ပြင် မဆွေးနွေးနိုင်ခဲ့ကြဘဲ နောက်တစ်ကြိမ် ထပ်မံညှိနှိုင်း ဆွေးနွေးကြရန်ဟုဆို၍ ပြန်လာခဲ့ကြရကြောင်းကိုလည်း ပြည်သူအများ သိရှိပြီးဖြစ်ပါသည်။ ထိုဆွေးနွေးပွဲမှ ထွက်ပေါ်လာမည့် ငြိမ်းချမ်းရေးရောင်နီသစ်ကို မျှော်လင့်ခြင်းကြီးစွာဖြင့် စောင့်စားနေခဲ့ကြသော ကချင်တိုင်းရင်းသားများနှင့်တကွ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားကြသော လူသားဆန်သည့် နှလုံးသားရှိသူ ပြည်သူပြည်သားများအဖို့ ခဲလေသမျှ သဲရေကျခဲ့ရပြန်ပါသည်။

'
ငြိမ်းချမ်းရေး ဆွေးနွေးကြပြီတဲ့' ဟူသော ဝမ်းသာအားရ အားတက်သရော အသံကလေးများမှ လေဝယ် မပျောက်မီ ဝေသီမှုန်မှိုင်းသောအကြည့်များ မျက်ရည်စို့သော မျက်ဝန်းများဖြင့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာဖြင့် 'မအောင်မြင်ပြန်ဘူးတဲ့' ဟု ယူကြုံးမရ တီးတိုးပြောဆိုကြရပြန်ပါပြီ။ အထူးသဖြင့် သေနတ်သံများ၊ ဗုံးသံများ၊ အမြောက်သံများကြားတွင် အိုးပစ်အိမ်ပစ်၊ လင်တကွဲ မယားတကွဲ၊ မိဘတကွဲ သားသမီးတကွဲဖြင့် စစ်ဘေး စစ်ဒဏ် ကျောကော့ခံလျက် အထုက်ကလေးများ ပိုက်ကာ တောကြီးခေါင်ခေါင် အသက်ဘေးမှ ဝေးလွတ်ရာ တိမ်းရှောင်နေကြရရှာသည့် ကချင်ပြည်နယ်ဒေသခံ တိုင်းရင်းသားများအဖို့တော့ မည်မျှ ကြေကွဲဝမ်းနည်း ကြရှာ လိမ့်မည်နည်း။

တိုင်းရင်းသားများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး ရွှေပြည်တော်ကြီးကဖြင့် မျှော်တိုင်းမဝေးသော်လည်း လုံးဝ မနီးသေးသည်ကတော့ အမှန်ပင် ဖြစ်ပါသည်။

ကချင်တိုင်းရင်းသားများနှင့် ဖြစ်နေသော ပဋိပက္ခသည် လူမျိုးရေး ပြဿနာမဟုတ်ပါ။ နိုင်ငံရေးအယူအဆ ကွဲလွဲမှု (ကွန်မြူနစ် ၊ ဆိုရှယ်လစ် စသည်ဖြင့်) လည်းမဟုတ်ပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖြစ်ပေါ်နေသော ပြဿနာ (Constitutional Crisis) ဖြစ်ပါသည်။ တိုင်းရင်းသားများသည် တန်းတူညီမျှခွင် (ဗမာတစ်ကျပ် ရှမ်းတစ်ကျပ် ဟူသော စကားကို) လက်ကိုင်ထားခဲ့ကြပြီး ဗမာသည်လည်း ပြည်နယ်တစ်နယ်၊ ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ မွန် စသည့် အခြား တိုင်းရင်းသားများသည်လည်း ပြည်နယ်တစ်နယ်စီ၊ အခွင့်အရေးနှင့် အာဏာတူမျှရမည်ဟူ၍ တောင်းဆိုခဲ့ကြသည်။ အကယ်၍ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ထို Federal State ကို တင်ပြတောင်းဆိုလာကြလျှင်၊ မိမိတို့ တိုင်းဒေသကြီး/ပြည်နယ်တွင် ဥပဒေများ သီးခြားစီ ရှိရမည်ဖြစ်သည်ဟု ဆိုလာကြလျှင် 'မည်သူက ဦးဆောင်ဖြေရှင်းမည်နည်း၊ မည်သူက တာဝန်ခံ၍ မည်သို့ ဆုံးဖြတ်ကြမည်နည်း။ ခါတိုင်းလိုပင် နောက်တစ်ချိန်တွင် ထပ်မံ ဆွေးနွေးကြရန်ဟုဆိုကာ နောက်လှည့် ပြန်လာကြဦးမည်လား။ ဤမျှ တိုင်းပြည်အတွက် အရေးကြီးလှသည့် ဥပဒေရေးရာ ထိန်းညှိမှုများကို ဆောင်ရွက်ရန် တာဝန်ပေးအပ်ထားသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးမရှိဘဲနှင့် ထိုပြဿနာများကို မည်သူဖြေရှင်းမည်နည်း' ဟု ပြည်သူတစ်ယောက်အနေဖြင့် မေးခဲ့သည်။ ယခုလည်း ဤမေးခွန်းကိုပင် ထပ်မေးရပါတော့မည်။

KIO
ဘက်မှ ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဦးဆွန်လွတ်ဂမ်၊ အဖွဲ့ဝင် ဦးဂျီးနောင်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်တို့၏ ထိုငြိမ်းချမ်းရေး ဆွေးနွေးပွဲအပြီး မီဒီယာများနှင့် ရှင်းလင်းပြောကြားသော စကားများကို လေ့လာသုံးသပ်လျှင် KIO လိုလားချက်များကို တွေ့မြင်ရပါသည် ။ ထိုလိုလားချက်များမှာ -

၁။ ၂ဝဝ၈ ဥပဒေက ပြည့်စုံမှုမရှိပါ။ ထိုအခြေခံ ဥပဒေထဲတွင် တိုင်းရင်းသားများ အခွင့်အရေးကို အာမခံချက် ပေးမထားပါ။ တိုင်းရင်းသားအခွင့်အရေးကို အာမခံချက်မျိုးကို ပေးထားနိုင်တဲ့ အခြေခံဥပဒေမျိုး၊ တိုင်းရင်းသားတွေ အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲနေနိုင်သည့် ဥပဒေတရပ်လိုပါသည်။ ဒါကြောင့် အခြေခံဥပဒေကို ပြောနေတာ ဖြစ်ပါသည်။

၂။ KIO က မူကို အဓိကအချက် ကိုင်စွဲပါသည်။ လူကို မစွဲပါ။ KIO အား ၂ဝဝ၈ အခြေခံဥပဒေကို စွဲကိုင် ပြောဆိုဆွေးနွေးလာလျှင် မည်သူနှင့်မဆို (ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လာရောက်ပြောဆိုလျှင်ပင် ) အဆင်ပြေမည် မဟုတ်ပါ။ ၂ဝဝ၈ အခြေခံ ဥပဒေကို မူသေ မစွဲကိုင်ဘဲ ဘယ်လိုပဲဖြစ်ဖြစ် ညှိနှိုင်းကြမယ်ဆိုတဲ့ ခေါင်းစဉ်အောက်တွင် ဆိုပါက မည်သူနှင့် ဆွေးနွေးရသည်မဆို အဆင်ပြေနိုင်ပါသည်။

၃။ အပစ်အခတ် ရပ်စဲခြင်းသည် ငြိမ်းချမ်းရေးမဟုတ်ပါ။ အပစ်အခတ်ရပ်စဲသည်ကို ယာယီငြိမ်းချမ်းရေး၊ တိုင်းရင်းသား လက်နက်ကိုင်တပ်များမှ ပြည်သူ့စစ် ဖြစ်သွားသည်ကို ထာဝရငြိမ်းချမ်းရေးဟု အဓိပ္ပာယ် ဖွင့်ဆိုနေသည်ကို KIO အပါအဝင် တခြားတိုင်းရင်းသားအဖွဲ့တွေလည်း လက်မခံပါ။ ထိုအပစ်အခတ် ရပ်စဲရေးကိစ္စသည် အချိန်မရွေး ပြန်ပြီး ပြဿနာ ဖြစ်လာနိုင်ပါသည်။

၎။ နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်မှသာလျှင် စစ်ရေးရော အခြားကိစ္စတွေပါ အကုန်အစင် ပြေလည်သွားမည်ဟု ယုံကြည်ကြပါသည်။ ယခုကဲ့သို့ တိုက်ပွဲများ ဖြစ်ပွားနေရခြင်းသည် နိုင်ငံရေးစနစ်ကြောင့် ဖြစ်လာရခြင်းဖြစ်သဖြင့် နိုင်ငံရေးစနစ်ကို ညှိနှိုင်းပြီး ပြုပြင်နိုင်မည်ဆိုပါက အစွယ်အပွားဖြစ်သော ပြဿနာများအားလုံး ပြေလည်သွားမည်ဟု KIO က ယုံကြည်သည်။ ၃ဝ ရက်နေ့ အစည်းအဝေးတွင် KIO ကိုယ်စား လှယ်အဖွဲ့ခေါင်းဆောင် ဦးဆွန်လွတ်ဂမ်က 'ကြိုတင် ကန့်သတ်ချက်များမပါရှိသော နိုင်ငံရေးဆွေးနွေးပွဲများကို ယခုအချိန်မှ စတင်ရန်' ဟု တောင်းဆိုခဲ့သည်။ ထိုသို့တောင်းဆိုသည်ကို အစိုးရကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်က နောက်အစည်းအဝေးကို ဘယ်မှာလုပ်မလဲလို့ မေးမြန်းခြင်းသည် ယခုအစည်းအဝေးတွင် နိုင်ငံရေးဆွေးနွေးပွဲကို မစနိုင်ဘူးဟု ဆိုလိုရာရောက်သည်ဟု KIO က ယူဆသည်။

ဤသည်မှာ KIO ဘက်မှ ထုတ်ဖော်ပြောဆိုလာ သော အချက်အလက်များ ဖြစ်ပါသည်။ ကချင်ပြည်နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူ၏ စကားကို ကိုးကားပြောဆိုရလျှင် ဤသို့ တိုင်းရင်းသားများက လိုလားပါသည်ဟူသော အချက်အလက်များကို မဆွေးနွေး မညှိနှိုင်းဘဲနှင့် အဘယ်မည်သောပုဂ္ဂိုလ် ဦးဆောင်သော အဘယ်အဆင့်ရှိ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က စစ်မှန်သော ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ပါမည်နည်း။

စာရေးသူရေးသားသော ဆောင်းပါးတိုင်းတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် အလွန်လက်ခံနိုင်ဖွယ် မရှိကြောင်းကို ထောက်ပြပြောဆိုထားပါသည်။ မြန်မာနိုင်ငံသားတစ်ယောက်ပင် လက်မခံနိုင်သော ဥပဒေကို မည်သည့် တိုင်းရင်းသားများက မည်သို့ လက်ခံနိုင်ကြပါမည်နည်း။ ယခင့်ယခင် အစိုးရများလက်ထက်တွင် အခွင့်အရေးများကို မိန့်မိန့်ကြီး ခံစားခွင့် စံစားခွင့်ရခဲ့သော တိုင်းရင်းသားမည်ကာမတ္တ ပုဂ္ဂိုလ်များကတော့ လက်ခံကောင်း လက်ခံကြပေလိမ့်မည်။ ဗဟိုအစိုးရ လုပ်ချင်တိုင်း လုပ်သမျှ ကျောကော့အောင်ခံခဲ့ရသည့် တိုင်းရင်းသား စစ်စစ်များကတော့ မည်သည့်နည်းနှင့်မျှ လက်ခံကြလိမ့်မည်မဟုတ်ပါ။

ဤသို့သော အကြောင်းခြင်းရာမျာြးေ ကာင့် ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးကို အမြန်ဆုံး ပြန်လည်ဖွဲ့စည်း၍ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်များကို တိကျသော အဓိပ္ပါယ်ဖွင့်ဆိုပေးရန်၊ လိုအပ်သည့် ဥပဒေများကို ပြင်ဆင်ခြင်း၊ တိုးချဲ့ခြင်း၊ ပယ်ဖျက်ခြင်းတို့ ပြုလုပ်ရန် တစ်စိုက်မတ်မတ် တိုက်တွန်းနေခြင်း ဖြစ်ပါသည်။ ယခု ဆွေးနွေးပွဲတွင် KIO ဘက်မှ အဖွဲ့ဝင် ဦးဂျီးနောင်က 'ကျွန်တော်တို့ လိုချင်တာက တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဖြစ်ပါတယ်' ဟု အတိအလင်း ဆိုလာပါပြီ။ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင် 'ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း' ဘာတွေများ တုံ့ပြန်ခဲ့ပါသနည်း။

ဤလိုပုံနှင့်တော့ ဇာတ်မျောကြီးနှင့် မိုးလင်းပါလိမ့်မည်။ အိပ်ပျော်နေသူကို နိုးထစေရန် လွယ်ကူသော်လည်း အိပ်ချင်ယောင်ဆောင်နေသူကို နှိုးရန် မလွယ်သကဲ့သို့ပင် ရှိပါတော့မည်။ မတတ်နိုင်ပါပြီ။ ပြောရေးရှိလာတော့လည်း ပြောရပါတော့မည်။

ကချင် ၊ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရှမ်း စသော တိုင်းရင်းသားများ လိုလားတောင်းဆိုနေသည်မှာ ပြည်နယ်အသီးသီး၏ တန်းတူအခွင့်အရေးရှိမှုနှင့် သီးခြားလွတ်လပ်သော ဥပဒေများပြဌာန်းနိုင်ခွင့် ဖြစ်ပါသည်။ ဤအချက်သည် လက်မခံ နိုင်စရာ၊ ငြင်းပယ်စရာ မဟုတ်ပါ။ စစ်မှန်သော ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံ၏ သဘောတရားသည် အမျိုးသား လုံခြုံရေး (နိုင်ငံတော်ကာကွယ်ရေး)၊ နိုင်ငံခြားရေးမူဝါဒနှင့် ငွေစက္ကူ ထုတ်ဝေခြင်းတို့မှ လွဲ၍ အခြားသော လုပ်ပိုင်ခွင့်များ (အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြုရေး) ကို ပြည်နယ်များ တိုင်းဒေသကြီးများသို့ လုံးဝ ပေးအပ်ရမည်သာ ဖြစ်ပါသည်။ ထို့ပြင် ကူးသန်းရောင်းဝယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ပြည်နယ်လုံခြုံရေး (ပြည်နယ်ပြည်သူ့ရဲ) စသည့် ကဏ္ဍအသီးသီးတွင် ပြည်ထောင်စုအစိုးရ၏ လွှမ်းမိုးချုပ်ကိုင်မှုကို ဖြေလွှတ်ပေးရပါမည်။

ပြည်နယ်တစ်နယ်သည် ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ချက်များကို လွတ်လပ်စွာ လုပ်ဆောင် ပိုင်ခွင့်ရှိရပါမည်။ ၄င်း၏ သဘာဝသယံဇာတများကို ထုတ်ယူသုံးစွဲခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်းတို့ကို ပြည်နယ်သူ ပြည်နယ်သားများကို ကိုယ်စားပြုသော ပြည်နယ်လွှတ်တော် ပြည်နယ်အစိုးရ အဖွဲ့တို့၏ လွတ်လပ်သော ဆုံးဖြတ်ချက်များဖြင့် ဆောင်ရွက်ပိုငခွင့် ပေးရပါမည်။ လူ့အရင်းအမြစ်များကို ဖွံ့ဖြိုးတိုးတက်စေရန် ဖော်ထုတ်အသုံးချရန် လွတ်လပ်စွာ လုပ်ဆောင်ပိုင်ခွင့်များ ပေးရပါမည်။ ၄င်းပြည်နယ်တွင် ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုများကို လွတ်လပ်စွာ စီမံလုပ်ဆောင်ခွင့် ရှိရပါမည်။ ပြည်နယ်တစ်နယ်၏ စီးပွားရေးလုပ်ငန်းများ သယံဇာတများကို ဗဟိုအစိုးရမှ ချုပ်ကိုင်ထား၍ ကချင်ပြည်နယ် အသုံးစရိတ် (Budget) ကို ပြည်ထောင်စုက စီမံခန့်ခွဲ ပေးနေသော အနေအထားကို မည်သည့်ပြည်နယ်ကမျှ လက်ခံနိုင်လိမ့်မည်မဟုတ်ပါ။ ပညာရေး၊ ကျန်းမာရေး စသော ကဏ္ဍအသီးသီးကိုလည်း လွတ်လပ်စွာ စီမံခန့်ခွဲခွင့် ပေးရပါမည်။ ဆိုလိုသည်မှာ ကချင်ပြည်နယ်တွင် အစိုးရကျောင်းများကို ပြည်ထောင်စုအစိုးရမှ သွားဆောက်ပေးသည်ဆိုသည့် ကိစ္စမှာ ပြည်ထောင်စုဟု အမည်ခံထားသည့် နိုင်ငံတစ်နိုင်ငံတွင် ဖြစ်ကောင်းသည့် ကိစ္စမဟုတ်ပါ။ ထိုနည်းတူ လမ်းဖောက်ခြင်း တံတားဆောက်ခြင်း စသည့်ကိစ္စများကို ပြည်ထောင်စုက အစစအရာရာ လိုက်လုပ်ပေးနေရမည်မဟုတ်ပါ။ ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံတွင် ပြည်နယ်များသည် ပြည်ထောင်စု အစိုးရ၏ လက်ဝေခံမဟုတ်ကြပါ။ မည်သည့်နေရာတွင် လမ်းဖောက်မည်၊ မည်သည့်နေရာတွင် တံတားဆောက်မည်။ မည်သည့်နေရာတွင် ကျောင်းဆောက်မည်၊ မည်သည့်နေရာတွင် ဆေးပေးခန်းလိုအပ်သည်။ မည်သည့်နေရာတွင် ဆေးရုံဆောက်လုပ်သင့်သည်၊ ပြည်နယ်တိုးတက်ဖွံ့ဖြိုးရေးအတွက် မည်သည့်စီမံကိန်းများကို လုပ်ဆောင်မည် စသည့် အချက်များကို ပြည်နယ်လွှတ်တော် ပြည်နယ်အစိုးရအဖွဲ့တို့မှ စီမံခန့်ခွဲပိုင်ခွင့်ကို အပြည့်အဝ ပေးအပ်ရပါမည်။

ပြည်ထောင်စု အစိုးရသည် ပြည်နယ်တစ်နယ်တွင် နိုင်ငံတော်အဆင့် စီမံကိန်းတစ်ခုကို လုပ်ဆောင်လိုပါက ပြည်နယ်သူ ပြည်နယ်သားများအား ကိုယ်စားပြုသော အာဏာပိုင်အဖွဲ့အစည်းနှင့် ညှိနှိုင်းဆောင်ရွက်ရပါမည်။ သို့သော် ထိုသို့ ပြည်ထောင်စု အစိုးရမှ လုပ်ဆောင်သော စီမံချက်များသည် ပြည်နယ်အတွက် အကျိုးထက် အပြစ်ကပိုများသည့် စီမံကိန်းများဖြစ်လျှင် ပြည်နယ်သူ ပြည်နယ်သားများက လက်ခံကြလိမ့်မည် မဟုတ်ပါ။ ပြည်နယ်တစ်နယ်မှ တန်ဖိုးထားသော သဘာဝပတ်ဝန်းကျင် ပျက်ပြားစေမည့် စီမံချက်များ (ဥပမာအားဖြင့် မြစ်ဆုံစီမံကိန်းကဲ့သို့သော ကိစ္စရပ်များ)၊ ပြည်နယ် ဓလေ့ထုံးတမ်းစဉ်လာများ ယဉ်ကျေးမှုစံများနှင့် မကိုက်ညီသော စီမံချက်များဆိုပါက လက်ခံနိုင်ကြလိမ့်မည် မဟုတ်ပါ။ ထိုသို့ ပြည်နယ်သူ ပြည်နယ်သားများက လက်မခံသော လုပ်ဆောင်ချက်များကို ပြည်ထောင်စု အစိုးရက တစ်ဖက်သတ် ဆုံးဖြတ်လုပ်ဆောင်ခြင်း သို့မဟုတ် အတင်းအကျပ် လိုက်နာလုပ်ဆောင်စေခြင်း တို့ကို လုပ်ဆောင်ခွင့်မရှိပါ၊ လက်ခံလာအောင် ညှိနှိုင်းခြင်းဖြင့်သာ လုပ်ဆောင်ရပါမည်။ ပြည်ထောင်စု အစိုးရမှ ပြည်နယ်တစ်ခုခုသို့ နိုင်စီးလွှမ်းမိုးခြင်းဖြင့် လုပ်ဆောင်ခြင်းသည် ပြည်ထောင်စုစစ်စစ်စနစ်အသွင် သဏ္ဌာန်မှ သွေဖည်သွားစေပါလိမ့်မည်။

ဤသည်မှာ တိုင်းရင်းသားများ လိုချင်သော စစ်မှန်သော ပြည်ထောင်စုစနစ် ဖြစ်ပါသည်။ ဤသည်ပင်လျှင် Federal state စနစ်ဖြစ်ပါသည်။ ဖက်ဒရယ်စတိတ် မူဝါဒဆိုသည်မှာ နိုင်ငံရေးပုရောဟိတ်အချို့ လိုရာဆွဲ အဓိပ္ပာယ် ဖွင့်ဆိုသကဲ့သို့ ပြည်နယ်တစ်ခုသည် ပြည်ထောင်စုမှ သီးခြားခွဲထွက်သွားခြင်းကို ဆိုလိုသည်မဟုတ်ပါ။ ယူဂိုဆလားဗီးယား ပြည်ထောင်စုမှ ပြညနယ်များ ခွဲထွက်သွားပြီး သီးခြားနိုင်ငံများအဖြစ် ထူထောင်ရပ်တည်ကြခြင်းမျိုးမဟုတ်ပါ။ မိမိတို့ ပြည်နယ်တွင် မိမိတို့ ဓလေ့ထုံးတမ်းစဉ်လာများနှင့် ကိုက်ညီသော ဥပဒေများကို ချမှတ်၍ မိမိတို့ကြမ္မာကို မိမိတို့ လွတ်လပ်စွာ ဖန်တီးနိုင်ခွင့်ကို ဆိုလိုပါသည်။ မိမိတို့ကြမ္မာ မိမိတို့ဖန်တီးခွင့် ဆိုသည်မှာလည်း ၄င်းတို့ ပြည်နယ်မှ သယံဇာတများ၊ သဘာဝပတ်ဝန်းကျင်များ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများကို ၄င်းတို့ဘာသာ လွတ်လပ်စွာ စီမံခန့်ခွဲလိုခြင်းဟု ရှင်းလင်းစွာ နားလည်ကြရမည်ဖြစ်ပါသည်။ ယနေ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ဆိုသည်မှာ ပင်လုံစာချုပ်မှ စတင်သန္ဓေတည်ခဲ့ခြင်း ဖြစ်သည်။ မည်သည့်တိုင်းရင်းသားမျှ ပြည်ထောင်စုမှ ခွဲထွက်လိုသည်ဟု မပြောကြပါ။ မတောင်းဆိုကြပါ။ ပြည်ထောင်စုဟု အမည်ခံလျက် ဗဟိုအစိုးရမှ တိုက်ရိုက် သော်လည်းကောင်း သွယ်ဝိုက်၍ သော်လည်းကောင်း လွှမ်းမိုးသည်ကို မခံလိုကြခြင်းသာ ဖြစ်ပါသည်။ ပြည်ထောင်စုအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်၊ မခွဲခြားဘဲ တန်းတူညီမျှအခွင့်အရေးကို ရလိုကြခြင်းသာဖြစ်ပါသည်။

ဤမျှဆိုလျှင် ယခင် တိုင်းရင်းသားများနှင့် ဖြစ်ပွားနေသော တိုက်ပွဲများသည် အခြေခံဥပဒေဆိုင်ရာ ပြဿနာ (Constitution Crisis) ဖြစ်သည် ဆိုသည်ကို ကောင်းစွာ သိရှိနိုင်ပါသည်။ ထိုသို့ အနာသိပြီဆိုပါက ကုသရန် ဆေးရှိပါသည်။ ယခု ကချင်တိုင်းရင်းသားများနှင့် ဖြစ်ပွားနေသော စစ်ပွဲများကို အမြန်ဆုံးရပ်စဲ၍ စစ်မှန်သော ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရန်မှာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ထည့်သွင်းထားသော အချက်များမှ မည်သည့် အချက်များအား ပြင်ဆင်ရန် လိုသည်။ မည်သည့်အချက်များကို ဖြုတ်ပယ်ရမည်၊ မည်သည့် အချက်များကို ထည့်သွင်းရမည်ဆိုသည့် အချက်များကို တိုင်းရင်းသားများ (ကချင်ခေါင်းဆောင်များ) နှင့် တွေ့ဆုံဆွေးနွေး၍ ညှိနှိုင်းပြင်ဆင်သွားရမည် ဖြစ်ပါသည်။ ထိုသို့ လုပ်ဆောင်နိုင်ရန်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးကို ကိုယ်စားပြုနိုင်သည့် ကိုယ်စားလှယ်များကို ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်စေရမည်ဖြစ်ပါသည်။ ထိုသို့ မပါဝင်ပါက ဦးအောင်မင်း ကဲ့သို့ပင် နောက်တစ်ဖန် ဘယ်နေ့ဘယ်ရက်တွင်မှ ပြန်ဆွေးနွေးကြပါမည်ဟု ရက်ချိန်းသတ်မှတ်၍ ပြန်လာရပါဦးမည်သာ ဖြစ်ပါသည်။ (ထို့ကြောင့်ပင် ဖွဲ့စည်းပုံ အခြေခံခုံရုံးကို နုတ်ထွက်ထားစေပြီး KIO နဲ့ ငြိမ်းချမ်းရေး ဘယ်လို သွားဆွေးနွေးကြမှာလဲဟု စာရေးသူက မေးခွန်းထုတ်ခဲ့ခြင်းဖြစ်ပါသည်။ )

အချို့က စိုးရိမ်နေသည်မှာ သီးခြားလွတ်လပ်သော ပြည်နယ် (Federal state) ခွင့်ပြုလျှင် လွတ်လပ်သော Federal state Army ကို ထူထောင်လာမည်ကို စိုးရိမ် ကြပါသည်။ ပြည်နယ်များသည် ပြည်ထောင်စု နိုင်ငံတစ်ခုတွင် နိုင်ငံတော် ကာကွယ်ရေးအတွက် တစ်ခုတည်းသော တပ်မတော်သာ ရှိရမည်ဟူသော မူကို လက်ခံကြရပါမည်။ သို့သော် ပြည်နယ်အတွက် ပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ကို လွတ်လပ်စွာ ဖွဲ့စည်းနိုင်ခွင့်ရှိရပါမည်။ ငြိမ်းချမ်းရေး အစစ်အမှန်ကို တည်ဆောက်နိုင်ချိန်တွင် ယခု လက်နက်စွဲကိုင်ထားကြသော တိုင်းရင်းသားများသည် မိမိတို့ ပြည်နယ်တွင်း တရားဥပဒေစိုးမိုးရေး၊ ပြည်နယ်တွင်း အေးချမ်းသာယာရေးတို့အတွက် ပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့အဖြစ် အသွင်ပြောင်းကြမည်ဖြစ်ပါသည်။ ထို့အပြင် နယ်ခြားစောင့်တပ်များ ဖွဲ့စည်းရာတွင် ပြည်နယ်တပ်များအဖြစ်ဖြင့် ပြည်ထောင်စု တပ်မတော်တွင် ပါဝင်ကြရမည် ဖြစ်ပါသည်။ ဤအချက်ကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် အကျေအလည် ထည့်သွင်းဆွေးနွေးကြရပါမည်။

ဤသည်မှာ ငြိမ်းချမ်းရေး အမှန်တကယ် လိုလားသူတို့ လျှောက်ကြရမည့် လမ်းဖြစ်ပါသည်။ ငြိမ်းချမ်းရေး ဆွေးနွေးသည်ဆိုသည်မှာ ဤမူ ဤဘောင်များဖြင့် ဆွေးနွေးမည်ဟု တစ်ဖက်ဘက်က ကြိုတင်သတ်မှတ်သွား၍ ရစကောင်းသည် မဟုတ်ပါ။ နှစ်ဦးနှစ်ဘက် တွေ့ဆုံပြီးမှ ဤကိစ္စကို ဤသို့ဆွေးနွေးကြမည် စသည်ဖြင့် နှစ်ဦးနှစ်ဘက် လက်ခံနိုင်သော မူဘောင်များကို ချမှတ်ရပါသည်။ သို့မှသာ ဆွေးနွေးမှုအသွင်သဏ္ဌာန် မှန်မည်ဖြစ်ပါသည်။ ထို့အပြင် နှစ်ဘက်အဖွဲ့တိုင်းတွင် အပြည့်အဝ ဆုံးဖြတ်ပေးနိုင်သည့် ပုဂ္ဂိုလ်များ ပါဝင်လာရမည် ဖြစ်ပါသည်။ ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် ဆိုသည်မှာ ပြန်တိုင်ပင်ပါဦးမည်ဟု ခဏခဏ ထုတ်ပြောနေရလျှင် အလုပ်မဖြစ်ပါ။ ထိုသို့ပြုခြင်းသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တမင် နှောင့်နှေးကြန့်ကြာစေသည့် ရည်ရွယ်ချက်ဟု တစ်ဖက်ဘက်က ထင်မြင်ယူဆသွားလျှင် နောက်နောင် ထပ်မံ ဆွေးနွေးမှုများပြုလုပ်ရန် ခက်ခဲသွားစေပါလိမ့်မည်။ ထိုအခါတွင် ရောဂါတစ်ခုကို အမြစ်ပြတ် မကုသဘဲ မြှင်း၍ ကုသသဖြင့် ရောဂါပိုးက ဆေးနှင့် ယဉ်ပါးသွားခြင်းကဲ့သို့ နောက်တိုး ပြဿနာများ ပေါ်ပေါက်လာပါလိမ့်မည်။
ငြိမ်းချမ်းရေးဆိုသည်မှာ ပြည်သူပြည်သားတိုင်း ခုံမင်တောင့်တသော အရာဖြစ်ပါသည်။ ငြိမ်းချမ်းခြင်းကို ဖော်ဆောင်နိုင်ခြင်းသည် အလွန်ပင် ကောင်းချီးနုမော် သာဓုခေါ်ထိုက်သော အမှုကိစ္စဖြစ်ပါသည်။ ငြိမ်းချမ်းရေးသံတမန် (ငြိမ်းချမ်းမှုကို အမှန်တကယ် တည်ဆောက်ပေးနိုင်သော သံတမန်) ဟူသည်မှာလည်း အတိုင်းမသိ မွန်မြတ်သော ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ပါသည်။ အနှစ်နှစ်အလလက တောက်လောင်ခဲ့သော ပြည်တွင်းစစ်မီးကို အပြီးတိုင် ငြိမ်းပေးနိုင်သော ငြိမ်းချမ်းရေး သံတမန်ကောင်းများကို ပြည်သူလူထုက အမျှော်လင့်ကြီး မျှော်လင့်နေပါသည်။ ကိုယ့်သွေးကိုယ့်သား ညီအစ်ကို မောင်နှမချင်း ရက်စက်စွာ သတ်ဖြတ်နေကြရသော အဓိပ္ပာယ်မဲ့ စစ်ပွဲများ အမြန်ဆုံး အဆုံးသတ်ရေးကိုလည်း အတောင့်တကြီး တောင့်တနေပါသည်။ ဤအချိန်မျိုးတွင် မိမိတို့အား အပ်နှင်းထားသော အခွင့်အာဏာများကို မှန်ကန်စွာ အသုံးချလျက် ပြည်သူတစ်ရပ်လုံး ရေဆာ ရေငတ်သလို တောင့်တနေသော ပြည်တွင်းငြိမ်းချမ်းရေးကို အမြန်ဆုံး ဖော်ဆောင်နိုင်ကြပါစေကြောင်း ဆန္ဒပြုလိုပါသည်။ အစိုးရဟူသည်မှာ တိုင်းသူပြည်သားကို ရင်ဝယ်သားကဲ့သို့ မှတ်ရမည်ဆိုသည့် စကားအတိုင်း ပြည်ထောင်စု အစိုးရအနေဖြင့် ပြည်နယ်အသီးသီး၏ လိုလားတောင့်တချက်များအား သေချာစွာ လေ့လာဆန်းစစ်လျက် နှစ်ဦးနှစ်ဘက် လက်ခံနိုင်သော နည်းလမ်းများဖြင့် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ကြပါစေကြောင်း ထပ်လောင်း ဆန္ဒပြုလိုက်ရပါသည်။

× × × × ×

ထင်လင်းဦး (Wisdom Villa)

[Messenger Journal မှ ကူးယူဖော်ပြသသည်]

0 comments:

Post a Comment