Sunday, August 4, 2013

ထားဝယ်ငါးပိ

July 31, 2013
ငါးပိဆိုတာကတော့ ထားဝယ်တွေရဲ့ အမျိုးသားရေး လက္ခဏာတခုလို့ဆိုနိုင်ပါတယ်။ ငါးပိက ပရိုတင်း ဓာတ်လည်း ကြွယ်ဝတဲ့ အစားအစာဆိုပဲ။ ခန္ဓာကိုယ်မှာ လိုအပ်တဲ့ အာဟာရ ဓာတ်စာတွေ ကို ဖြည့် တင်းပေး တဲ့ အနှစ်သာရတုံးဆိုပါတော့။ ကျနော့်အဖွားဆို ငါးပိသိပ်မကြိုက်ပါဘူး။ ထမင်းစားပွဲပေါ်မှာ ငါးပိကြော်၊ ငါးပိထောင်း၊ ငါးပိဖုတ်၊ ငါးပိသုပ်လေးခွက်ကတော့ အမြဲတမ်းမင်းမူနေလို့ အမေက အဖွားကို ငါးပိထကိုက်လိမ့်မယ်လို့တောင် ပြောယူရပါတယ်။ ထားဝယ်နဲ့ ငါးပိက ဘယ်လောက် သဟဇာတဖြစ် သလဲဆိုရင် သွေးလည်းမတိုးကြဘူး၊ ဝက်ခြံလည်းမပေါက်ကြပါဘူး၊ အသားလည်း မမည်းကြပါဘူး။ မာပုံကတော့ မြန်မာ့လက်ဝှေ့ကျော် တွေ့မရှောင်ကိုပဲ ကြည့်ပါတော့။


ထားဝယ်တွေဟာ ငါးပိကို တနှစ်စာ စဥ့်အိုးတွေထဲ သိပ်ပြီး သိုလှောင်ထားတတ်ကြပါတယ်။ ထူးခြားတာ တခု ပြောပြမယ်။ ပင်လယ်မှာ ဒီရေတဲ့အချိန်ဆိုရင် ငါးပိစဥ့်အိုး မျက်နှာပြင်ဟာလည်း စိုစွတ်လာတတ် တာပါ။ ငါးပိအိုးကိုကြည့်ပြီး ဒီရေတက်ချိန်ကို ခန့်မှန်းလို့ ရပါတယ်။ ဒီရေကို ထားဝယ်တွေက ဖျားရေ လို့ ခေါ်ကြပါတယ်။ တနှစ်စာစားဖို့ ငါးပိတွေကို ငါးပိလုပ်တဲ့ ရွာကို မှာရပါတယ်။ ကိုယ်ကြိုက်တဲ့ငါးနဲ့ မှာနိုင်ပါတယ်။ ပုစွန်ငါးပိဆိုရင် နီတာရဲကလေး ဖယောင်းလေးတမျှ ပသာဒ အရသာပါ မျှတပါတယ်။ အနံ့လည်းကောင်း အရသာလည်းကောင်းပါတယ်။ အိမ်မှာစားဖို့လုပ်တဲ့ ငါးပိက ဈေးကွက်ထဲသွင်းတဲ့ ငါးပိထက်တော့ ကောင်းအောင် လုပ်ကြတာပေါ့။ မှာထားတဲ့ ငါးပိရလာရင် ကိုယ်တိုင် ပြန်ထောင်းပါတယ်။ စကောတွေထဲမှာ ငှက်ပျောရွက်ခံပြီး ပြန်လှန်းပါတယ်။ ပြန်လှန်းပြီးပြန်ထောင်းပါတယ်။ ပြီးမှ စဥ့်အိုးထဲ သိပ်တာပါ။ အထက်ပြည်ကလူတွေ ပြောပြောနေတဲ့ ငါးပိထဲ ဆန်ကွဲရောတာ ဘာရော ညာရောတာတွေက ထားဝယ်ငါးပိမဟုတ်ပါဘူး။ စီးပွားရေးသမားတွေ သောင်းကြမ်းထားတာ။

ထားဝယ်တွေက ငါးပိကို ငါးပိထောင်း (တစ်ပတ်စာ နှစ်ပတ်စာ) ထောင်းထားပါတယ်။ ကြာကြာထား ခံအောင် ငရုတ်သီးခြောက်နဲ့ ထောင်းရပါတယ်။ ငရုတ်သီးစိမ်းဆိုရင် အကြာကြီး ထားလို့ မကောင်းပါ ဘူး။ နောက်ပြီး ငါးပိကို ဖုတ်ပီးလည်း စားပါတယ်။ ငါးပိကို ဖုတ်တဲ့နေရာမှာ ငါးပိစိမ်းကို ဖုတ်ပြီးစားတာက အရသာတမျိုး၊ ထောင်းပြီးသား ငါးပိကိုမှ ကင်ပြီးစားတဲ့ အရသာကတမျိုးပါ။ ကြက်သွန်နီးပါးပါးလှီးပြီး ဆီဆန်း ကြက်သွန်ဖြူလေးနဲ့ စားရင် ထမင်းမြိန်ပါတယ်။ နောက်တခါ ငါးပိကို ကြော်ပီးလည်း စားပါတယ်။ ငါးပိကြော်ကတော့ အမျိုးမျိုးကြော်ကြပါတယ်။ မန်ကြည်းသီးနဲ့လည်း ကြော်ပါတယ်။ မတ်သီးနဲ့ လည်းကြော်ပါတယ်။ ပုစွန်ခြောက် များများလေးထည့်ရင် ပိုစားကောင်းတာပေါ့။ တခါ ငါးပိကို သုပ်ပြီး စားပါတယ်။ ထားဝယ်လိုဆိုရင်တော့ ဖျော်ပြီး စားပါတယ်။

ငါးပိထောင်း
ငါးပိထောင်းကို ကဒက်ရွက်အချဉ်ဖတ် (ထပ်ဝပ်ရှဉ်ဖတ်)၊ ဋရင်ကောက်အချဉ်ဖတ် (ဒွဲငွတ်ရှဉ်ဖတ်)၊ (မတ်ကန်း)၊ သရက်ကင်း (ရှစ်ကန်း)၊ မုန်လာဥအချဉ် (ပိုးတီကွန်ရှဉ်)၊ မရမ်းသီး စားရေစိမ် (ဇင်းသီးလောင်းဇီ)၊ တညင်းသီး စားရေးစိမ် (ညင်းသီးအိုးဇီ)၊ သစ်တိုသီးစားရေစိမ် (သစ်တိုသီးအိုးဇီ)၊ သဖန်းသီး ဆားရေစိမ် (ဖန်းသီးအိုးဇီ)၊ သခွားသီး၊ နာနတ်သီး (နေနတ်သီး) စတဲ့ စားဖွယ်ရာတွေနဲ့ မိုးမျှော်သီး (ဂျုမတ်တတ်သီး) ကို ဖောက်ခနဲမြည်အောင် နှစ်ပိုင်းချိုးကာ တွဲဖက် စားသုံးကြပါတယ်။

ငါးပိဖျော်တာ (သုပ်တာ) က အမျိုးမျိုးရှိပါတယ်။

ပအုန်းရည်နဲ့လည်း သုပ်ပါတယ် (အောင်းရယ်ပိဖျော်)
ရှောက်ရည်နဲ့လည်း သုပ်ပါတယ် (ချွတ်သီးပိဖျော်)
သံပုရာရည်နဲ့လည်း သုပ်ပါတယ် (သံဗျာသီးပိဖျော်)
မရမ်းသီးနဲ့လည်း သုပ်ပါတယ် (ဇင်းသီးပိဖျော်)
သရက်သီးနဲ့လည်း သုပ်ပါတယ် (ရှစ်သီးပိဖျော်)
မရမ်းသီးဆားရေစိမ်နဲ့လည်း သုပ်ပါတယ် (ဇင်းသီးလောင်းဇီပိဖျော်)
ရေငန်းသီးနဲ့လည်း သုပ်ပါတယ်။ (ဂန်းသီးပိဖျော်)

ကြက်သွန်နီပါးပါးလှီး၊ ပုစွန်ခြောက်ထောင်းထည့်၊ ငရုတ်သီးထည့် ပအုန်းရည်ထည့်ရင် ပြီးပါတယ်။ ပအုန်းရည် ငါးပိသုပ်ကို (ခွန်ဟှားချွတ် မီးဖု)၊ (ဖားရှင်မဟှားသီ မီးကင်) နဲ့ တို့ရတာ ပိုကောင်းပါတယ်။

သရက်သီး ငါးပိသုပ်ကတော့ တညင်းသီး အဆံထည့်စလေး နုနုဖတ်ဖတ်ကလေးနဲ့ တို့စားရတာ အရမ်းလိုက်ဖက်ပါတယ်။

ရေငန်းသီး ငါးပိသုပ်ကတော့ ခရမ်းကြွပ်သီး၊ ခရမ်းကစော့သီး၊ ဒတ်ဇွာ၊ ဝါးပိုမျှစ်စတဲ့ အပြုတ်လေးတွေနဲ့ တို့စားရတာ ကောင်းပါတယ်။ ရှောက်ရွက်၊ ကြစ်မအောက်ရွက်၊ သီဟိုဠ်ရွက်ဆိုတာတွေကလည်း စားဖူးသူတိုင်း ကောင်းမှန်း သိကြပါတယ်။

ကျန်တဲ့ ရှောက်၊ သံပုရာ၊ မရမ်းသီးတို့ကတော့ ဘာနဲ့တို့တို့ ကောင်းတာပါပဲ။

တခါ ငါးပိရည်ကို အစိမ်းသုပ်တာဟာလည်း အလွန်ကောင်းပါတယ်။ မွှေးကြိုင်ပြီး ထမင်းမြိန် ခံတွင်းတွေ့လှပါတယ်။ ထူးခြားတာက ထားဝယ်တွေဟာ ငါးပိရည်ချိုကိုတော့ သိပ်မခုံမင် မနှစ်သက် မကြိုက်ကြပါဘူး။ အညာ ငံပြာရည်ချက်ကိုလည်း သိပ်ပြီး နှစ်ထောင်းအားရ မရှိလှပါဘူး။

ငါးပိကုန်နေရင်
ငါးပိကုန်နေရင် ဘာမှမပူနဲ့ ငါးခုံးမဖြစ်ဖြစ် အသားနူးညံ့တဲ့ ငါးကို မီးထဲ ပစ်ထည့်လိုက်ပါတယ်။ ကျက်ပီထင်ရင် အပြင်ထုတ်ပီး ငရုတ်ဆုံထဲ ထည့်၊ အရိုးပါ ညက်အောင်ထောင်း ဆားလေးနည်းနည်းထည့်။ သမလိုက်ရင် ငါးပိဆိုတာ ဖြစ်သွားတာပါပဲ။ ဒီတော့ ကျနော့်ရဲ့ ငါးပိကထာကို ဒီမှာတင် ရပ်လိုက်ပါတယ်။ စဉ်းစားမိရင်လည်း ထပ်ရေးမှာပေါ့။ ငါးပိခရေဇီများကိုတော့ အမြဲတမ်း ဝဲလ်ကမ်းနေပါတယ်ခင်ဗျား။
ရေငန်းသီး (ဂန်းသီး)
ရေငန်းသီး (ဂန်းသီး)
ငါးပိသုပ်တမျိုး (ပိဖျော်)
ငါးပိသုပ်တမျိုး (ပိဖျော်)
သစ်တိုသီး (သစ်တိုသီး)
သစ်တိုသီး (သစ်တိုသီး)
မရမ်းသီး (ဇင်းသီး)
မရမ်းသီး (ဇင်းသီး)
ငါးပိထောင်း (ပိထွန်း)
ငါးပိထောင်း (ပိထွန်း)
ငါးပိဖုတ် (ပိဖု)
ငါးပိဖုတ် (ပိဖု)
Mg Thaw Ta Facebook Note  မှကူးယူမျှဝေသည်။

0 comments:

Post a Comment