Friday, August 9, 2013

ထားဝယ် ရှစ်လေးလုံး ငွေရတု လူ ၅၀၀ ကျော်တက်ရောက်

On August 8, 2013

ထားဝယ်မြို့မှာ ဒီနေ့ကျင်းပတဲ့ ရှစ်လေးလုံးအရေးတော်ပုံ ၂၅ နှစ်မြောက်ငွေရတု အထိမ်းအမှတ် အခမ်း အနားကို ဒေသခံ ၅၀၀ ကျော်တက်ရောက်ခဲ့ပါတယ်။ ၂၅ နှစ်မြောက် ရှစ်လေးလုံး ငွေရတု အခမ်းအနားကို ထားဝယ်မြို့ ဇေယျဝတီ ကျောင်းတိုက်မှာ ပြုလုပ်ခဲ့ တာပါ။

 ရှစ်လေးလုံး နှစ်ပတ်လည်အခမ်းအနားကို အဲဒီတုန်းက စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့သူတွေရဲ့ ကျန်ရစ်သူ မိသားစုဝင်တစ်ချို့တက်ရောက်ခဲ့သလို ဒဏ်ရာတွေရရှိခဲ့ပြီး အသက်ရှင်ကျန်ရစ်ခဲ့တဲ့ မျက်မြင် ဒေသခံတွေလည်းတက်ရောက်ခဲ့ပါတယ်။ထားဝယ်တနယ်လုံးဆိုင်ရာ ဒီမိုကရေစီရရှိရေး တပ်ဦး ရုံးရှေ့ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့သူတွေကတော့ ဦးပန်းကျော်၊ ကျောင်းဆရာ ဦး ချမ်းလှ ၊ ကိုကြည်ရှိန်၊ ကိုစိုးဝင်းနှင့် မမူမူအေးတို့ဖြစ်ပါတယ်။

ကျဆုံးခဲ့တဲ့ ကျောင်းဆရာဦးချမ်းလှရဲ့ သမီးဖြစ်သူ ဒေါ်မိုးသန္တာက "သေနတ်နဲ့ ရင်အုံကို ထိတယ်လို့ပြော တာပဲ။ ပထမ ဦးပန်းကျော်ကို အရင်ပစ်တယ်လို့ပြောတယ်။ အဲဒီမှာ ကျမအဖေ က ပွေ့ချီနေတဲ့အချိန်မှာ အဖေကိုပစ်တယ်။ ကျဆုံးသွားတဲ့လူတွေက သူတို့စိတ်ဓါတ်က ဒီမိုကရေစီ အရမ်းရချင်တာလေ။ အခုလို အခမ်းအနားတွေနဲ့ သူတို့ကို ထိုက်ထိုက်တန်တန်ချီးမြှင့်တယ်လို့ပဲ ကျမခံစားရတယ်။ ပျော်လည်းပျော် တယ်။ သူတို့အတွက် ဒီထက်ပိုပြီးတော့ နိုင်ငံတော်ကလည်းပဲ အသိအမှတ်ပြုစေချင်တယ်။" လို့ပြောပါ တယ်။

ဒီနေ့ပြုလုပ်ခဲ့တဲ့ ထားဝယ် ရှစ်လေးလုံး ငွေရတုအခမ်းအနားဟာ လက်ရှိအစိုးရလက်ထက်မှာ ဒုတိယ အကြိမ်အဖြစ် တရားဝင်ပြုလုပ်ခွင့်ရရှိတဲ့အခမ်းအနားဖြစ်ပါတယ်။ အရင်စစ်အစိုးရက်လက်ထက်မှာတော့ ပုန်းလျှိုးကွယ်လျှိုးနဲ့ လုပ်ခဲ့ကြရတာပါ။

ရှစ်လေးလုံးအရေးအခင်းနှင့်ပတ်သက်ပြီး အဲဒီနေ့က ဘယ်ဘက်ပုခုံးကိုနောက်ကနေ ကျဉ်ဆန်ဖောက် ဝင် ပြီး အသက်မသေခဲ့တဲ့ ထားဝယ်ဒေသခံ ဦးတိတ်ကြည်က သေနတ်မှန်ပြီး သွေးစွန်းထားတဲ့ အကျီ င်္ကို အခု အချိန်ထိ သိမ်းထားတယ်လို့ပြောပါတယ်။

"ရှစ်လေးလုံးအရေးအခင်းနဲ့ပတ်သက်ပြီး ကိုယ်ကိုယ်တိုင် ဘဝနဲ့ အသက်နဲ့ ရင်ဆိုင်လာပြီးတော့ မှန်ထား တဲ့ ပစ္စည်းဆိုတော့ ဘယ်လိုမှ ဖျောက်ဖျက်လို့မရဘူး။ မေ့လို့လည်းမရဘူး။ အဲဒါကြောင့်မို့ အမှတ်တရကို တသက်လုံး ထိန်းသိမ်းစောင့်ရှောက်သွားမှာပါ။ ၆ ပေကျော်ကျော်လောက်ကနေပြီးတော့ ပစ်တာ။ ကျနော် တို့ကို အနောက်ကနေပြီး ပစ်တာ။ ရှစ်လေးလုံး အရေးတော်ပုံ စကတည်းက ကျနော်တို့ဒီမိုကရေစီ  နိုင် ငံ ဖြစ်ပေါ် လာဖို့အတွက် ရည်ရွယ်ချက်နဲ့ လုပ်ထားတယ်ဆိုတော့ ယနေ့အထိ ပြီးပြည့်စုံအောင် မအောင်မြင်သေးတဲ့အတွက် ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့တော့ သိန္နိဌာန် ချထားတယ်။"

၂၅ နှစ်မြောက်ရှစ်လေးလုံးအရေးတော်ပုံ ငွေရတု အခမ်းအနားတွေကို နိုင်ငံတဝန်းမှာ ကျင်းပနေကြပါ တယ်။
ဒီမိုကရက်တစ်မြန်မာ့အသံ မှ ကူးယူမျှဝေသည်။

0 comments:

Post a Comment