Sunday, August 4, 2013

ထားဝယ် မုန့်လက်သုပ်

July 31, 2013
ထားဝယ်မုန့်လက်သုပ်ကို မကြိုက်တဲ့ ထားဝယ်ရယ်လို့ မတွေ့ဖူးပါ။ ထားဝယ်များတင် ကြိုက်တာမဟုတ် မွန်၊ ဗမာ၊ ကရင်များကလည်း တသသ စွဲလမ်း ကြိုက်နှစ်သက်ကြပါတယ်။ စားဖူးသူတိုင်း မကြိုက်မရှိတဲ့ စားသောက်ဖွယ်ရာတမျိုးလို့ ဆိုရမယ်ထင်ပါတယ်။

ထားဝယ်မုန့်လက်သုပ်ဟာ အမြင်မှာတော့ ရခိုင်မုန့်တီနဲ့ အဆင်တူပါတယ်။ ဒါပေမယ့် ဟင်းရည်ချက်ပုံကျတော့ အတော်ကို ကွဲလွဲပြီး အရသာကလဲ မတူပါဘူး။ မတူပုံက ရခိုင်မုန့်တီဟင်းရည်မှာ ငရုတ်ကောင်းထည့်တယ်၊ ထားဝယ်ဟင်းရည်မှာတော့ မထည့်ပါ။ စပါးလင်ပင်ကိုပဲ ထည့်ပါတယ်။ ထားဝယ်ဟင်းရည်မှာ (ပအုန်းရည်) က အဓိကကျပါတယ်။ ရခိုင်မုန့်တီဟင်းရည်မှာ ပအုန်းရည်မထည့်ပါ။ ငါးသုံးတာကတော့ တူပါတယ်။ ချိုတဲ့ငါးကို အသုံးပြုကြရိုး ထုံးစံပါပဲ။ ထားဝယ်ဟင်းရည်မှာ နနွင်းထည့်သလို ရခိုင်ဟင်းရည်မှာ မထည့်ပါဘူး။ တခြား မတူညီတဲ့အချက်တွေလည်း ရှိပါသေးတယ်။

ထားဝယ်မုန့်လက်သုပ် ဟင်းရည်ချက်နည်းကတော့

 ချိုတဲ့ပင်လယ်ငါးကို သုံးကြပါတယ်။ ငါးကွမ်းညှပ်၊ ငါးမု၊ ငါးရွှေ၊ ငါးမာန်း စတဲ့ ပင်လယ်ငါးတွေကို သုံးပြုပါတယ်။ ချက်ပြုတ်မယ့်ငါးကို တုံးကြီးကြီးတုံးရပါတယ်၊ သန့်စင်အောင် ရေဆေးပါ၊ ငါးတုံးတွေကို ဆားနယ်ပြီး ပအုန်းရည်(ပုန်းရည်) ထားဝယ်လို (အောင်းရယ်)နဲ့ ထည့်ပြုတ်ရပါတယ်။ ကျက်ပြီဆိုရင် အအေးခံရပါတယ်၊ ငါးများကိုအရိုးနွာရပါတယ်။ ကြက်သွန်ဖြူ၊ စပါးလင် ဂျင်းတွေကို ဆီသတ်ပြီး ပြန်ချက်ရပါတယ်။ ကြက်သွန်နီ ဥတွေကို ကြီးရင် နှစ်ခြမ်းခွဲ သေးရင်အလုံးလိုက်ထည့်ပြီး ချက်ရပါတယ်၊ ပွက်ပွက် ဆူလာပြီဆိုရင်တော့ မုန့်လက်သုပ်ဟင်းရည် တမျိုးရရှိပါပြီ။

မုန့်လက်သုပ်ဟင်းရည် ရရင်တော့ မုန့်ဖတ်များထည့် ဟင်းရည်ထည့်ကာငရုတ်သီးစိမ်းနံနံပင်ငရုတ်သီးအခြောက်မှုန့်သံပုရာသီးကြက်သွန်နီးအစိမ်းမုန့်ခွေကလေးများပါ ထည့်ပြီး သုံးဆောင်နိုင်ပါပြီ။

ထားဝယ်မုန့်လက်သုပ်ကို နေ့လည်နေ့ခင်းနဲ့ ညနေပိုင်းတွေမှာ သောက်ရတာ အလွန်အရသာရှိပါတယ်။ ဟင်းရည်က ကြည်လင်တောက်ပပြီး မုန့်ဖတ်ဖြူဖြူကလေးနဲ့ ကြက်သွန်နီဖြူဖြူကလေးတွေ နံနံရွက် ငရုတ်သီးစိမ်းစိမ်းလေးတွေကိုပါ ထည့်လိုက်ရင် မွှေးကြိုင်လို့ သွားရေတောက်တောက် ကျမတတ်ပါဘဲ။ ငါးဖတ်ကလေးတွေကလည်း ချိုမှချို။ အော်… မေ့နေတယ် မုန့်ခွေကလေးပါထည့် သံပုရာရည်ဆန်းလိုက်ပြီ ဆိုရင်တော့ သိကြားမင်း ဇွန်းခါးကြားထိုးပြီး ဆင်းလာပါလိမ့်မယ်။ အဲသလောက် ဆွဲဆောင်မှု ကောင်းပါတယ်။

ထားဝယ်ဒီဟင်းချက်နည်း ဒီးစားစရာလုပ်နည်းကို ရိုးရာအမွေ တခုအဖြစ် လက်ဆင့်ကမ်းလာကြလာတဲ့ ဘဘိုးဘွားဘီဘင်ဘောင်ဘောတွေကိုလည်း ကျေးဇူးတင်မဆုံး ဦးတင်မဆုံးပါ။ ဂုဏ်ယူစရာ ကောင်းလောက် အောင် တီထွင် ချက်ပြုတ်ထားတာမို့ ရိုးရာတခုအဖြစ် ကြွားလောက်ပါပေတယ်။ ခရီးသွားတွေ ထားဝယ်ကို ရောက်ရင် မဖြစ်မနေ မြည်းစမ်းသွားသင့်တဲ့ စားစရာတမျိုးမို့ မြည်းဖြစ်အောင် မြည်းလိုက်ကြပါဦး။



Mg Thaw Ta Facebook Note မှကူးယူမျှဝေသည်။

0 comments:

Post a Comment