Wednesday, October 17, 2012

လူမျိုး စကားနဲ့ စာပေ သို့မဟုတ် သမိုင်း၏အပိုင်းအစများ အပိုင်း (၄)

 http://www.tavoyanvoice.com/?p=1109

မြန်မာနဲ့ ထားဝယ်လူမျိုးများဟာ ဘယ်လောက်ထိ ရင်းနှီးခဲ့တယ် ဆက်ဆံခဲ့တယ်ဆိုတာကို သမိုင်းကပြောပြနေဆဲပါ။ သမိုင်းကြောင်းများကပြောပြနေတဲ့အကြောင်းတစ်ပိုင်းတစ်စကြောင့် သမိုင်းအစကိုမသိခဲ့တဲ့ ထားဝယ် လူမျိုးများဟာ ထားဝယ်ဟာ မြန်မာလူမျိုးမို့ ထားဝယ်တိုင်းရင်းသား မရှိဘူးလို့ထင်ခဲ့တာဟာ တကယ်တော့ မ ဆန်းပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ထားဝယ်နဲ့ မြန်မာဆက်ဆံရေးဟာ ချစ်ကြည်ရေးဆိုတာထက် သားသမီး ဆွေမျိုးအဖြစ်နဲ့ပါ တည်ရှိခဲ့တာကြောင့်ပါ။ သမိုင်းကိုခံစားကြည့်ရင် ပိုထင်ရှားစွာသိလာပါလိမ့်မယ်။ ဒါဟာလဲ ကောင်းတဲ့ လက္ခဏာတစ်ခုပါပဲ။ လူမျိုးတစ်မျိုးနဲ့တစ်မျိုး အကြောင်းကို လူသားတစ်ယောက်အနေနဲ့ သိကိုသိ ထားသင့်ပါတယ်။ ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက်ဆက်ဆံမှုဟာ မိတ်ဆွေ ရင်းနှီးမှုရှိခဲ့တာထက် ထဲဝင်တဲ့ ဆွေမျိုးအနေနဲ့ ရင်းနှီးခဲ့တာဟာ ရင်ကိုပိုမိုနွေးထွေးစေပါတယ်။ ထားဝယ်နဲ့ မြန်မာ ခွဲခြားစရာ မလိုလောက်အောင် သွေးရောခဲ့တဲ့ အကြောင်းဟာ ထားဝယ်သမိုင်းမှာ ရှိနေခဲ့တယ်ဆိုရင် စာဖတ်သူများ လက်ခံနိုင်မယ် ထင်ပါတယ်။ သွေးရောပြီး အမျိုးဖြစ်ခဲ့တယ်ဆိုတာကို သိအောင်လုပ်ထားဖို့လိုအပ်သလို သီးသန့် လူမျိုးတစ်မျိုးအနေနဲ့ ရပ်တည်ခဲ့ ရှင်သန်ခဲ့တဲ့ အကြောင်းကိုပါ သိထားမယ်ဆိုရင် ပိုမိုပြည့်စုံသူတစ်ယောက်ဖြစ်သွားမှာပါ။ ဘယ်လို သွေးရောပြီး အမျိုးတွေဖြစ်ခဲ့တယ်ဆိုတာလေးကို ခဏလောက်ခံစားကြည့်လိုက်ပါဦး။

မုတ္တသုခနဂရမြို့အကြောင်း
ကောဇာသက္ကရာဇ် (၇၂၉) ခုနှစ်မှာ မင်းကြီးစွာစော်ကဲ ဟာ ရတနာပူရ အင်းဝထီးနန်းကို သိမ်းပိုက်ပြီး သားတော်ကြီး တရဖျားမင်းသားကို အိမ်ရှေ့အရာပေးအပ်ခဲ့ပါတယ်။ အဲဒီလိုပေးအပ်ခဲ့တာကြောင့် သားတော်နှစ်ပါးမှာ မသင့်မမြတ်ဖြစ်လာပါတော့တယ်။ သားတော်ငယ် မင်းဆွေကို နှိပ်စက်မှာ စိုးတာကြောင့် ပင်လယ်ကျေး သင်္ဂဇာဆရာတော်ထံ အပ်နှံကာ ပညာသင်ကြားစေပါတယ်။ မင်းဆွေဟာ မင်းသားများတတ်သင့်တဲ့ အဋ္ဌာရသ ပညာဆယ့်ရှစ်ရပ်ကို တတ်မြောက်ပြီးနောက် လက်စွဲတော် ငခင်ညိုနဲ့ ငခင်ဘတို့နဲ့ တိတ်တဆိတ်တိုင်ပင်ကာ မြင်းကိုယ်စီစီးလျက် ဆရာတော်ကျောင်းမှ ထွက်လာခဲ့ကြပါ တယ်။ တောတောင်ရေမြေ အထွေထွေကို ဖြတ်ကျော်ရင်း အချိန်များကိုကုန်လွန်စေကာ အောက်ပြည်တရိုး ပဲခူး၊ မုတ္တမ၊ မောရရွှေမြိုင် (မော်လမြိုင်) ခရိုင်လုံးစုံ မုဒုံတစ်လီ၊ ကျိုက္ခမီတသွယ်၊ ရေးနယ်တစ်လျောက် သွားရင်းရောက်ခဲ့ရပါတော့တယ်။ နောက်ဆုံး ဒူရ ကတိုင်းမြို့ထားဝယ် ဆန်းကြယ်ချောင်းကို သုံးဦးသားရောက်ရှိလာပါတယ်။

ဆန်းကြယ်ချောင်းကို ဖြတ်ကျော်တဲ့အချိန် မင်းဆွေစီးလာတဲ့ မြင်းခြေထောက်မှာ ဆံပင်များလုံးထွေး ရစ်ပတ် ငြိတွယ်နေတာကိုမြင်လို့ မြင်းပေါ်မှဆင်းကာ ဆံပင်ကိုတိုင်းထွာကြည့်တော့ သုံးတောင့်တစ်ထွာ ရှည်သည်ကိုသိရတဲ့အတွက် သုံးတောင့်တစ်ထွာ ဆံကေသာ အဆိုနဲ့ ညီတဲ့ မိန်းမချောလေးဖြစ်မယ်လို့ စိတ်ထဲမှတ်တွေးရင်း ချောင်းတစ်ဖက်သို့ တက်ရောက်ရှာဖွေရာ မနီးမဝေး ကျောက်ဖျာပေါ် ထိုင် ကာ ခေါင်းလျှော်နေတဲ့ မိန်းမချောလေး ကို တွေ့ရလို့ ၀မ်းသာသွားပါတယ်။ ဆံရှည် အမျိုးသမီးမှာ အဖေါ်များနဲ့ ခေါင်းငုံ့ကာ ခေါင်းလျှော်နေတာမို့ မင်းဆွေလာတာကို မသိလိုက်ပါဘူး။ အသံကြားလို့ လှည့်ကြည့်လိုက်တော့ ယောက်ျားတစ်ယောက်ဖြစ်နေတာကို သိတော့ ရှက်မိသွားပါသတဲ့။ တစ်ယောက်နဲ့ တစ်ယောက် နှုတ်ခွန်းဆက်သရင်း ရင်းနှီးသွားကြတာကြောင့် မင်းသားကို အိမ်ကိုဖိတ်ခေါ်ပါတယ်။ အိမ်ရောက်လို့ တည်းခိုနေတဲ့မင်းသားဟာ ရောက်လာရတဲ့အကြောင်းစုံကို ပြောပြပြီး သမီးကိုသဘောကျကြောင်း မိဘများထံခွင့်တောင်းကာ လက်ထပ်ထိမ်းမြားလိုက်ပါတယ်။

(ဆံရှည်မလေးနေတဲ့ ရွာက ဆန်းကြယ်ရွာပါတဲ့။ အခုဆိုရင် ဆန်းချီရပ်လို့ ခေါ်တဲ့နေရာလို့ မှတ်သားရ ပါတယ်။) မင်္ဂလာဆောင်ပြီးလို့ သုံးနှစ်ခန့်ကြာပြီးနောက် မင်းသားဟာ အင်းဝရွှေပြည်တော်ကိုပြန် ရတော့မယ့် အကြောင်းပြောကာ န၀ရတ်လက်စွပ်ကိုချွတ်ပြီး သားယောကျာ်းလေးမွေးက မင်းသားလေးကို တတ်အပ်တဲ့ပညာများသင်ကြားပေးပြီး န၀ရတ်လက်စွပ်နဲ့ မောင်တော့်ဆီလွှတ်လိုက်ပါ။ သမီးလေးမွေးက န၀ရတ်လက်စွပ်ကို ရောင်းချကာ သုံးစွဲ ပါတော့လို့ မှာတမ်းချွေကာ ငယ်ကျွန် နှစ်ယောက်နဲ့ အတူပြန်သွားပါတော့တယ်။

မင်းသား အင်းဝနေပြည်တော်သို့ပြန်သွားပြီးနောက် သက္ကရာဇ် (၇၅၁) ခုနှစ် တပေါင်းလဆန်း (၅) ရက် ဗုဒ္ဓဟူးနေ့ နေတက် ရေတက်အချိန် ဆံရှည်မလေးမှာ သားယောက်ျားလေးတစ်ယောက်မွေးဖွားခဲ့ပါတယ်။ အဖေက မင်းသားဖြစ်တာမို့ သားတော်ကိုလဲ အလွယ်တကူ မင်းသားလို့ပဲ ခေါ်ကြပါတယ်။ အသက် (၇)နှစ်အရွယ်မှာ ဆန်းကြယ်ကျောင်းဆရာတော်ထံ ပညာသင်ရန် အပ်နှံလိုက်ပါတော့ တယ်။ ကျောင်း တက်နေစဉ် အတွင် လူငယ်သဘာဝ အဖေမရှိတဲ့သား စတဲ့စကားများနဲ့ စနောက်တာကိုခံခဲ့ရပါတယ်။ ခံရတာများလာလို့ အမေ့ရဲ့ သားမြတ်ကို ကိုက်ပြီး အဖေရှိ မရှိမေးရပါတော့တယ်။ အကြောင်းစုံကို သိရပြီးနောက် ဇာတိသွေး ဇာတိမာန်ကြွကာ တစ်နေ့ ဖခင်ထံသွားပြီး ထီးမွေနန်းမွေတောင်းရမယ်လို့ စိတ်ထဲမှတ်ထားလိုက်တယ်။ ဖခင်ဟာ မင်းသားတစ်ပါးဖြစ်ကြောင်း သက်သေအနေနဲ့ န၀ရတ် လက်စွပ်ရှိကြောင်းပြောကာ သားတော်ကိုပဲ ထိန်းသိမ်းခိုင်းထားပါတယ်။ တစ်နေ့မှာ န၀ရတ်လက်စွပ်နဲ့ အတူ သားတော်ကိုလိုက်လာစေချင်ကြောင်းပါ ထပ်လောင်း အသိပေးထားတာပေါ့။

မင်းသားလေးဟာ သူ့ဘ၀ဖြစ်ကြောင်းကို ဆရာတော်အားလျောက်ထားတဲ့အတွက် ဆရာတော်ကလဲ ငါ့တပည့်ဟာ လက္ခဏာနဲ့ပြည့်စုံတဲ့သူတစ်ယောက်မို့ တစ်နေ့မှာ မင်းတစ်ပါးဧကန်ဖြစ်လိမ့်မယ်။ ဒါကြောင့် သူများတွေ အဖမဲ့သားလို့ပြောပြီး ဘယ်လိုပဲအနိုင်ကျင့်ပါစေ သည်းခံပြီးနေရမယ်လို့ ဆုံးမထားပါ တယ်။ ပြီးတော့ အဆင်ပြေတဲ့တစ်နေ့ ဖခင်ထီးနန်းစံရာ အင်းဝနေပြည်တော်ကို လူကြုံနဲ့ထည့်ပေးမယ့် အကြောင်း ပြောထားလိုက်ပါတယ်။

မင်းသားလေးဟာလဲ မျှော်လင့်ချက်ရောင်ခြည်တွေနဲ့မို့ နေ့မနားညမအားကြိုးစားတော့တာပဲ။ အသက် (၁၂) နှစ်ပြည့်ပြီးနောက် တစ်ရက်မှာ စွန်တစ်ကောင်ဟာ ကြက်ငယ်လေးတစ်ကောင်ကိုက်ချီ လာတာ ကိုတွေ့တာ မို့ လေးနဲ့ပစ်ချပြီး ကြက်ငယ်လေးရဲ့အသက်ကို ကယ်ခဲ့ပါသတဲ့။ ကြက်ငယ်လေးဟာ ဘုတ်မွေးရင်သက် တက်နက် မောက်ချွန် မြီးဝန်း တောင်ပံဖြူဆိုတဲ့ ကြက်အင်္ဂါငါးပါးနဲ့ ပြည့်စုံတာ မို့ ရွှေဒင်္ဂါးလို့နာမည်ပေးပြီး သေသေချာချာ မွေးထားပါတော့တယ်။ ကံကြမ္မာရဲ့အပြောင်းအလဲက အင်းဝနေပြည်တော်မှ လာရောက်တဲ့ ပိုးကုန်သည်ကြီး လေးယောက်နဲ့အတူ လိုက်ပါလာတယ် လို့ပြောရမယ်ထင်ပါတယ်။ မင်းသားလေးဟာ ဆရာတော်ကြီးရဲ့ စီစဉ်ပေးချက်အရ ပိုးကုန်သည် ကြီးလေးယောက်နဲ့ အတူ အင်းဝနေပြည်တော်ကို လိုက်ပါသွားပါတော့တယ်။ အင်းဝ မရောက် မီလမ်းတစ်လျောက်မှာ လမ်းခရီးစရိတ်လိုအပ်တဲ့အတွက် ကြက်တိုက်ကာ ငွေရှာခဲ့ရပါတယ်။ ကြက်တိုက်တဲ့အချိန် လောင်းကြေးငွေအဖြစ် န၀ရတ်လက်စွပ်ကို အသုံးချပါတယ်။ မင်းသားရဲ့ကြက်ဟာ အရှုံးကို လုံးဝမကြုံတဲ့ကြက်လို့ ပြောရမယ်ထင်ပါတယ်။ သခင်အတွက် တာဝန်ကျေစွာငွေရှာပေးခဲ့ပါတယ်။ ရှုံးပွဲဆိုတာလဲ တ ကယ်မရှိခဲ့ဖူးဘူးတဲ့။

ကောဇာသက္ကရာဇ် (၇၆၂)ခုနှစ်မှာ ခမည်းတော် မင်းကြီးစွာ စော်ကဲ နတ်ရွာစံသွားလို့ သားတော် တရဖျား ဘုရင်အဖြစ်စိုးစံပါတယ်။ ဆင်ဖြူရှင် တရဖျားလို့လဲ ခေါ်တွင်ပါတယ်။ ဆင်ဖြူမင်းကြီးဟာ နန်းစံသက် (၇)လပဲရှည်ပါ တယ်။ အထိန်းတော်သားက လုပ်ကြံလို့ ကံကုန်ကာ နတ်ရွာစံရရှာပါတယ်။ ဆင်ဖြူရှင်တရဖျားမင်းကြီးနောက် နန်းတက်လာသူကတော့ မင်းဆွေပဲ ဖြစ်ပါတယ်။ မင်းခေါင်ကြီးနာမည်နဲ့ အဘိသိက်ခံခဲ့ပါတယ်။ အဘိသိက်ခံ တောင်ညာစံဒေ၀ီ မိဖုရားကြီးမှာ သားတော်လေးတစ်ပါး ထွန်းကား တာကြောင့် အိမ်ရှေ့စံအဖြစ်ပေးထားလိုက်ပါ တော့တယ်။ အိမ်ရှေ့မင်းသားလေးဟာ ဆံရှည်မသားထက် ငယ်ပေမယ့် အစ်ကိုဖြစ်တဲ့ မင်းသားလေးနဲ့ ရုပ်ခြင်း ခွဲမရအောင်တူပါသတဲ့။ ဆံရှည်မသား မင်းသားလေး အင်းဝနေပြည်တော်ရောက်တာနဲ့ ဖခင်ရဲ့သတင်းကို စုံးစမ်းရင်း ကုန်သည်များနဲ့အတူ ပိုးထည်များကိုလှည့်လည်ရောင်းချပါတယ်။ မင်းသားလေးလဲ အရာရှိသားများ အမတ်ကြီးသားများနဲ့ မိတ်ဖွဲ့ကာ ဂုံညင်းထိုးကစားကြရာ မင်းသားလေးပဲ အနိုင်ရတာများပါသတဲ့။ အမတ်သားနဲ့ အရာရှိသားတို့ကလဲ ပြန်ပြီးအနိုင်ရလိုတာကြောင့် သူတို့မှာရှိတဲ့ နာမည်ကြီးကြက် ရွှေဖလားနဲ့ တိုက်ဖို့စိန်ခေါ် ကြပါတော့တယ်။ မင်းသားလေးလဲ သဘောတူတယ်ပေါ့။ ရွှေဒင်္ဂါး (ထားဝယ်ကြက်) နဲ့ ရွှေဖလား (အင်းဝကြက်) တိုက်ပွဲမှာ ဆံရှည်မသား မင်းသားလေးက လက်ခမောင်းခတ်ပြီး ထားဝယ်သံကြီးနဲ့ အားရပါးရ ဆန်းကြယ်သူ ဆံရှည်မသား ငါ မင်းခေါင်ကြီးသားဟေ့လို့ အော်ပါသတဲ့။ အမတ်များက မင်းသားလေးကို အနိုင်ရတဲ့ကြက်နဲ့အတူ မင်းကြီးဆီကို ဖမ်းခေါ်သွားပါတယ်။

ဘုရင်ကြီးကလဲ သွေးကစကားပြောတယ်ပဲ ပြောရမလားမသိဘူး ဖြစ်ကြောင်း ကုန်စင်သိပြီးနောက် အားလုံးဟာ အမှန်တွေဖြစ်ကြောင်း အမတ်တွေကို ငယ်ဘ၀အခြေအနေကို ပြောပြရင်း သူ့သားအရင်းဖြစ်တယ်ဆိုတာကို လက်ခံလိုက်ပါတယ်။ အသိကြွယ်တဲ့ ဘုရင်ကလဲ နောက်မှရောက်လာတဲ့ အရင်သားဟာ အင်းဝနေပြည်တော်မှာ နေရာမရနိုင်တဲ့အခြေအနေကို သုံးသပ်မိတာကြောင့် မင်းသားလေးကို ဒူရကတိုင်း(ထားဝယ်)ကို ပြန်ပြီး ကောင်းမွန်တဲ့နေရာကိုရှာကို နန်းတော်အသစ်တည်ဆောက်ဖို့မှာကြားရင်း အမတ်လေးယောက်နဲ့ အတူလိုအပ်တာအားလုံး ကို ပေးအပ်ကာ ထားဝယ်ကိုပြန်လွှတ်လိုက်ပါတယ်။ နန်းတော်ပန္နက်ချပြီးတာနဲ့ အမတ်တစ်ယောက်ကို လွှတ်ပြီးသံတော်ဦးတင်စေ အမိန့်ကိုပါ တခါတည်းပေးလိုက်တာပေါ့။

မင်းသားလေးလဲ ထားဝယ်ကိုပြန်ရောက်ပြီးတာနဲ့ မိဘဘိုးဘွားများနဲ့ ဆန်းကြယ်ကျောင်းဆရာတော်ကိုပါ ကန်တော့ပြီး ဖြစ်ကြောင်းကုန်စင် ကို လျှောက်တင်ပါတော့တယ်။ ဆန်းကြယ်ကျောင်းဆရာတော်နဲ့ အမတ်ကြီး လေးယောက်တို့ ညှိနှိုင်းတိုင်ပင်ကာ နန်းတော်တည်ဆောက်ဖို့ မြေနေရာကို ရှာဖွေကြပါတယ်။ ပေါင်းတိုင်းချောင်း စော်ဝချောင်းနဲ့ ကံပေါက်ချောင်း (ယခုထားဝယ်မြစ်) တို့ ဆုံမိရာ မြေအရပ်ဟာ နန်းတော်တည်ဆောက်ဖို့ သင့်တော်တယ်လို့ ဆုံးဖြတ်ရင်း ကောဇာသက္ကရာဇ် (၇၇၉)ခုနှစ် သီတင်းကျွတ်လဆန်း (၁)ရက် ကြာသပတေးနေ့ နေ၀န်းပေါ်ချိန်မှာ နန်းတော် ပဟိုရ်စည် စွယ်တော်စင် မြို့ရိုးတံခါး ကျုံး ဆင်ကျုံးဆိုတဲ့ (၇)နေရာကို တပြိုင်နက် ရွှေပန္နက် ငွေပန္နက်ချကာ မုတ္တသုခနဂရမြို့ကို တည်ထောင်ပါတော့တယ်။ နန်းတော်ရာ ပန္နက်ရိုက်ပြီးတာနဲ့ ဖခင်မင်းကြီးရဲ့ အမိန့်တော်အတိုင်း အမတ်တစ်ယောက်ကို အကြောင်းကြားခိုင်းပြီး (၇) ရက်စောင့်နေပါတယ်။ ဖခင်မင်းကြီးလဲ သားတော်အား ဖခင်နဲ့ နန်းပြိုင်စံစေ ဘွဲ့အမည်တော်ကိုလဲ မင်းတရားလို့ခေါ်တွင်စေ လို့အမိန့် သ၀ဏ်လွှာနဲ့အတူ စစ်တပ်ဗိုလ်မှုး သုံးထောင်ကျော် ဆင်ဖြူတော်တစ်စီး ဆင်ပေါက်ကြီး ငါးစီး မြင်းငါးရာကျော်ကို ချီးမြှင့်လိုက်ပါတယ်။ သားတော်ကို တွင်းရေမသုံးစေပဲ စီးတဲ့ရေသာ သုံးပါစေလို့ အတွင်းစကားမှာလိုက်ပါသေးတယ်။ မင်းသားလေဟာ ဖခင်မင်းကြီးရဲ့အမိန့်တော်အတိုင်း မင်းတရားဆိုတဲ့ဘွဲ့နာမည်ကိုယူကာ မုတ္တသု ခနဂရမြို့ကိုမင်းလုပ်အုပ်ချုပ်ပါတော့ တယ်။ ကျေးဇူး ရှင်ဆရာတော်ကို နန်းဦးတွင် ကျောင်းဆောက်လုပ်ကိုးကွယ်သည့်အပြင် မိဘဘိုးဘွားများကိုလဲ အဆောင်အယောင်များပေးကာ နန်းတွင်းမှာ နေစေပါတယ်။ ဘုရင်မင်းခေါင်ကြီးရဲ့ မိဖုရားကြီးက သူ့သားကိုတော့ နန်းပြိုင်အုပ်ချုပ်ခွင့်မပေးပဲ ကျေးတောသူမရဲ့သားကိုတော့ နန်းပြိုင်စံခွင့်ပေးတယ် ဆိုတဲ့စိတ်နဲ့ မကျေမနပ်ဖြစ်ကာ မင်းတရားကို လုပ်ကြံဖို့ ပုဏ္ဏား (၈)ယောက်ကို ဆုတော် များ ပေးကာစေခိုင်းလိုက်ပါတယ်။ မင်းတရားကလဲ မြို့တော်အသစ်မှာ ပညာရှိပုဏ္ဏားများ အလိုရှိတုန်း ရောက်လာကြလို့ ၀မ်းသာစွာနေရာချပေးပါတယ်။

 ညီလာခံကျင်းပတဲ့တစ်ရက်မှာတော့ မိဖုရားကြီးကြံစည်ထားတဲ့အတိုင်း သားတော် မင်းတရားသည် စီးရေသောက်တာကိုရပ်ပြီး သက်တော်ရှည်စေရန် တွင်းရေသာသောက်သုံးရမယ်လို့ မင်းကြီးကမှာ လိုက်ပါကြောင်း လုပ်ကြံကာလျှောက်တင်ပါတယ်။ မင်းတရားလဲ တကယ်ထင်မှတ်ကာ ရေတွင်းကို အမြန်တူးစေပြီး တွင်းရေကိုပဲ သောက်သုံးပါတော့တယ်။ (ယင်းရေတွင်းကား ရှင်မုတ္ထီးဘုရား သိမ်အနီးမှာ တည်ရှိပြီး မုတ်တွင်းလို့ခေါ်တွင်ကြပါတယ်။) ရက်အနည်းငယ်ကြာလာတော့ ပုဏ္ဏားများ ကြိုတင်ကြံစည်ထားတဲ့အတိုင်း ညတစ်ညမှာ ရေတွင်းထဲ မုတ်ဆေးခပ်ကာ ထွက်ပြေးကြပါတယ်။ မင်းကြီးလဲ မနက်စာပွဲတော် တည်ပြီး သောက်သုံးရေကိုသောက်မိတာနဲ့ သွက်သွက်ခါအောင်ရူးပါတော့တယ်။

ဘုရင်ကိုဆေးခပ်သွားတဲ့ ပုဏ္ဏားများကို တွေ့ရာသင်္ချိုင်း ဓားမဆိုင်းပဲ သတ်စေလို့ အမတ်များရဲ့စေခိုင်းချက်ကြောင့် ခြေမြန်စစ်သည်တော်များ လိုက်လံကာ သုတ်သင်ပါတယ်။ လက်ဝဲကျွန်းရွာအနီးမှာ ပင်ပန်းစွာအိပ်ပျော်နေတဲ့ ပုဏ္ဏား (၈)ယောက်ကို မိပါတယ်။ ခြေမြန်တပ်သားများကလဲ အသက်မသေလိုက အမှန်အတိုင်း ပြောစေချင်ကြောင်း ပရိယာယ်နဲ့လှည့်မေးတအခါ သေမှာကြောက်နေတဲ့ ပုဏ္ဏားများက မိဖုရားရဲ့စေခိုင်းချက်ဖြစ် ကြောင်းပြောပါတယ်။ အကြောင်းစုံကိုသိရပြီးနောက် ပုဏ္ဏားများကို သုတ်သင်လိုက်ပါတော့တယ်။ (ပုဏ္ဏားများကို သတ်တဲ့နေရာကို ပုဏ္ဏားသတ်ကုန်းလို့ ယနေ့တိုင်ခေါ်နေဆဲပါပဲ။ အဲဒီကုန်းဟာ လက်ဝဲကျွန်းရွာအနောက် ဖက်လယ်ကွင်းထဲမှာ ရှိပါတယ်။)

ရှင်မုတ္ထီးဘုရား
ရှင်မုတ္ထီးဘုရား

ရူးသွပ်နေတဲ့ မင်းကြီးကို ဘယ်သူမှ ဆေးမကုနိုင်ကြပါဘူး။ ဆရာဖြစ်ခဲ့ဖူးတဲ့ ဆန်းကြယ်ဆရာတော်က ကျောင်း ကိုခဏခေါ်ထားပြီး ၀ံပတိတောင် စောထွတ်တောင် တောင်ဦးတောင် ပကောတောင်နဲ့ ရသေ့တောင်တို့မှာ သီ တင်းသုံးနေကြတဲ့ ရသေ့များကိုပင့်ဖိတ်ပြီး တစ်ပါးလျင် တစ်နပ်စာစီ ဆေးကုပေးကြပါတယ်။ ရောဂါဟာ ရှင်း ရှင်းမပျောက်ပေမယ့် သက်တော့သက်သာလာပါသတဲ့။ (ရသေ့များ တစ်နပ်စာစီကုသသည့်အတွက် ထိုနန်းဦး ရတနာစာစီတောင်ကို တစ်နပ်စာစီတောင် (နပ်စာရီတောင်) လို့ခေါ်ဆိုကြပါတယ်။) ဝေဒီမြို့မှ မောင်ဗအဲရဲ့ ဇနီး စောပညာဟာ ထွက်ပြေးရင် ဘုရင်မဖြစ်လာပေမယ့် မိန်းမသားဖြစ်နေလို့နိုင်ငံကို မအုပ်ချုပ်လိုကြောင်း အမတ်များကို ပြောကြားပါတယ်။ အမတ်များကလဲ သင့်တော်မယ့် မင်းများရှိလေမလားလို့ တွက်ကြည့်ကြတော့ စိတ်ဖေါက်ပြန်နေတဲ့ ဘုရင်အကြောင်းကို သိရပါသတဲ့။ ဒီအကြောင်းကို ဘုရင်မ စောပညာကိုလျောက်တင်ကြတော့ ဆေးကုလို့ရမရ မေးကြည့်ပါတယ်။ သစ္စာရေဆေးတော်နဲ့ ကုသရင်ပျောက်မယ်ဆိုတာကို လျောက်တင်ကြတော့ ဆေးကို စီမံခိုင်းပါတယ်။ ဆေးစီမံပြီးလို့ အမတ်လေးယောက်နဲ့အတူ သင်္ဘောနဲ့ထွက်ခွါလာတဲ့အခါ ဒူရကတိုင်းအ၀င် ရှင်မော်တောင်သို့ရောက်ကာ ဆေးသစ္စာအိုးကိုယူကာ ရှင်မော်ဘုရားတက်ဖူးကြပါသတဲ့။ ဘုရင်မ စောပညာလဲ ဘုရားမှာဆုတောင်းရင်း ဘုရားတပည့်တော်မနဲ့ ပေါင်းဖေါ်ထိုက်ပါက သစ္စာရေတော်ကိုသုံးဆောင်တဲ့ မင်းတရား ရောဂါပျောက်ပါစေသတည်းလို့ အဓိဌာန်ပါသတဲ့။ ရှင်မော်တောင်ခြေရင်းမှာ ရှိတဲ့ကြက်လွတ်ရွာမှ ဆေးသစ္စာအိုးကို ရွှေပေလွှာနဲ့တကွ မျောလိုက်ပါတော့တယ်။ မျောလာတဲ့သစ္စဆေးအိုးဟာ မုတ္တသုခနဂရမြို့ ဆိပ်ကမ်းကိုကပ်ရောက်လာပါသတဲ့။ ရူးနေတဲ့ဘုရင် မင်းတရားကလဲ ရေထဲဆင်းကာ သစ္စာဆေးအိုး (ရွှေသဘောင်္ငယ်နဲ့မျောလိုက်တယ်လို့ ပါရှိပါတယ်။) ကို ဆယ်ယူပြီးသောက်လိုက်တာနဲ့ အရူးများပျောက်သွားပါတော့တယ်။ မင်းကြီး အရူးပျောက်တဲ့ အထိမ်းအမှတ်အနေနဲ့ သက္ကရာဇ် (၇၈၀)ပြည့်နှစ် နယုန်လဆန်း (၈) ရက်နေ့မှာ အရူးပျောက်ဘုရားကြီးကို တည်ထားကိုးကွယ်ပါတယ်။ (အရူးပျောက်ဘုရား သို့မဟုတ် သျှူးကြောက်ဘုရားလို့လဲ ခေါ်ကြပါတယ်။ သစ္စာဆေးအိုးကို ရှင်မုတ္ထီးဘုရားတွင်းမှာ ကြည့်ရှုနိုင်ပါတယ်။)
အရူးပျောက်သွားတဲ့ မင်းကြီးလဲ ဆေးအိုးနဲ့အတူပါလာတဲ့ သ၀ဏ်လွှာကိုဖတ်ပြီးနောက် ကျေးဇူးရှင်ဖြစ်တဲ့ စောပညာရှိတဲ့ ကြက်လွှတ်ရွာကို လိုက်သွားပြီး စောပညာကို သွားတွေ့ပါတယ်။ မိမိကို လက်ဆက်ကာ စိန့်တိုင်း ပြည်မှာ မင်းကြီးအဖြစ်စံစားစေလိုကြောင်း စောပညာရဲ့တောင်းပန်မှုကို ဘုရင်ကြီးလက်ခံကာ စိန့်တိုင်းပြည့်ကို မင်းကြီး မင်းတရား လိုက်ပါသွားသတဲ့။ မုတ္တသုခနဂရမြို့ကိုပြန်ရောက်လာတဲ့ အမတ်များရဲ့ ဖြစ်ကြောင်းကုန်စင် ပြောပြချက်ကြောင့် ဘုရင်မရှိတော့တဲ့အတွက် အမတ်များက လူနေအိမ်စည်ကားရာ ရွာနိဂုံးသို့တဖြေးဖြေး ပြောင်းရွှေ့သွားကြပါတော့တယ်။ အမတ်ကြီး ပညာပဏ္ဍိနဲ့ ပညာသုခမိန် တို့ဆွေမျိုးတစ်စုသာ မုတ္တသုခနဂရမြို့မှာ နေခဲ့ကြပါတယ်။ မိမိတို့ရဲ့ အရှင်သခင်ကို လွမ်းဆွတ်ခြင်း အထိမ်းအမှတ်အနေနဲ့ ပညာပဏ္ဍိအမတ်ကြီးက မုတ္တသုခနဂရမြို့နဲ့ ရွှေဂူတောင်စပ်ကြား ရှိ တောင်ကုန်းပေါ်တွင် စေတီတစ်ဆူ၊ ပညာသုခမိန်အမတ်ကြီးက အရူးပျောက် (ပသျှူးကြောက်) ဘုရားနဲ့ ကျောချင်းကပ်ရုပ်ပွားတော် တစ်ဆူကိုတည်ထားကြပါတယ်။ အချိန်ကြာလာတာနဲ့အမျှ မုတ္တသုခနဂရမြို့နာမည်ပျောက်ပြီး မင်းတရား မုတ်ဆေးထိတာကိုအစွဲပြုကာ မုတ်ထီးမြို့ဟု ခေါ်တွင်ရာမှ ယနေ့တိုင် ရှင်မုတ္ထီးလို့ နာမည်တွင်နေပါတော့ တယ်။ (ရှင်မုတ္ထီးသမိုင်းကို သက္ကရာဇ် (၁၂၉၄)ခု ပြာသိုလဆန်း (၁၁) နဲ့ (၁၂)နေ့များမှာ ထားဝယ်မြို့ဇရစ်ရပ် ယူနီဗာဆယ်ဇာတ်ရုံ (အခုရွှေဝယ်သီရိ)ကြီးမှာ ပါဝင်ကပြ ကြောင်းမှတ်တမ်းအရသိရပါတယ်။) (ရွှေဝယ်ဧ ၏ ထားဝယ်သမိုင်းစာအုပ်မှ)
ထားဝယ်တိုင်းရင်းသားများဟာ မြန်မာများနဲ့ပဲ ဆက်ဆံမှုရှိခဲ့တာ မဟုတ်ပါဘူး။ အေဒီ (၁) ရာစုကတည်းက ဘာသာကြောင့် ယဉ်ကျေးပြီးသားဖြစ်တဲ့အပြင် စာကိုပါကောင်းကောင်းရေးတတ်ခဲ့တဲ့ မွန်များနဲ့ပါ ကူးလူးဆက်ဆံမှု ရှိခဲ့ဖူးပါတယ်။ ဒါကြောင့်လဲပဲ ထားဝယ်မင်းများရဲ့ သမိုင်းမှာ မွန်နာမည်နဲ့မင်းများ နေရာယူခဲ့တယ်ထင်ပါ့။ ဖြစ်နိုင်ခြေကို မှန်းကြည့်မယ်ဆိုရင်လဲ ငြင်းစရာကိုမတွေ့မိဘူးဆိုရမှာပါ။ ဟံသာဝတီနေပြည်တော်ကြီး တည်ထောင်နိုင်ခဲ့တဲ့အထိ (ဒုတိယမြန်မာနိုင်ငံတော်တည်နိုင်တဲ့အထိ) တန်ခိုးထွားခဲ့တာကို ကြည့်ရင် သိသာပါတယ် ဟံသာဝတီရဲ့ တန်ခိုးထွားပုံကို လေ့လာကြည့်မိတဲ့အခါ တကယ့်ကို အံ့သြစရာပါပဲ။ ထိုင်းနိုင်ငံအပြင် လာအိုနိုင်ငံ ဆူမတြာကျွန်း (အင်ဒိုနီးရှား)အထိ အာဏာပြန့်နှံခဲ့ပါသတဲ့။ လာအိုမှာရှိတဲ့ အခြေအနေလေးတစ်ခုကို စာရေးသူသိခဲ့ရတာကတော့ လွန်ခဲ့နှစ် (၄၅၀) ကတည်းက ဟံသာဝတီပြည့်ရှင် ဘုရင့်နောင်မင်းကြီးဟာ လာအိုထိ ခြေဆန့်ခဲ့ပါသတဲ့။ လာအိုနဲ့ မြန်မာဆက်ဆံရေး ကောင်းမွန်ခဲ့တဲ့ အခြေအနေကို လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာ ရှိတဲ့ ၀ပ်အုန်တု ကျောင်းတော်ကြီးထဲမှာ လာအိုမင်းကြီးရဲ့ မိဖုရားရုပ်တုနဲ့ မြန်မာဘုရင် ဘုရင့်နောင်ရဲ့ မိဖုရားရုပ်တုတို့က သက်သေခံလျက်ရှိပါတယ်။ ဒါဆို မွန်နဲ့ ထားဝယ်တို့ရဲ့ ဆက်ဆံရေးကရော ဘယ်လိုရှိခဲ့မယ်ထင်ပါသလဲ။ နှစ်တရာပြည့် မော်ကွန်းအထူးထုတ် ထားဝယ်အသင်းမဂ္ဂဇင်း စာမျက်နှာ (၁၉၀)မှာ စာရေးသူ ထားဝယ် မောင်သန်းဆွေရဲ့ ထားဝယ်နိဒါန်း သို့မဟုတ် ထားဝယ်အတိတ်လမ်းသို့ ပြန်လှမ်းသောအခါ ဆောင်းပါးမှာ ဖေါ်ပြချက်လေးကို မြည်းစမ်းကြည့်လိုက်ပါဦး။
သမန္တမင်းကြီး၏ မိဖုရားမှာ ရေးမြို့တော်မှ မွန်သူဋ္ဌေး အထော်ရာရဲ့ သမီးတော် မယ်စန္ဒာကို စန္ဒာဒေ၀ီ နာမည်နဲ့ မိဖုရားမြှောက်ထားခြင်းဖြစ်သည်။ မိဖုရားကြီး၏ ဆွေတော်မျိုးတော် (၁၀၀) ကျော် သာဂရမြို့တော်သို့ပါလာရာ ဗညားလောတို့ အိမ်ထောင်စုလဲအတူပါလာသည်။ သမန္တရာဇာနှင့် စန္ဒာဒေ၀ီ မိဖုရားတို့တွင် သားသမီးမ ထွန်းကားပါ။ ထားဝယ်ရာဇ၀င် ငါးခုံးမမှ မွေးသည့် ရှင်ဇော ရှင်ဇံမောင်နှမမှာ မောင်ဖြစ်သူ ရှင်ဇံကို ဂေါ ၀ိန္ဒ ရသေ့ကြီးထံမှ တောင်း၍ သမန္တရာဇာက မွေးစားခဲ့သည်။ ဂေါဝိန္ဒရသေ့ကြီးသည် မူလက သမန္တမင်း၏မယ်တော် စုမဒ္ဒီဒေ၀ီ၏မောင် မုဆိုး မောင်နွား ဆိုသူပင်ဖြစ်သည်။ သမန္တမင်းနတ်ရွာစံသောအခါ မွေးစားသား ရှင်ဇံက အရိုက်အရာဆက်ခံခဲ့သည်။ သမ္ဗန်မင်း (သို့) နန္ဒိယမင်းဟု အမည်ခံသည်။ ကော ဇာသက္ကရာဇ် (၁၇၅)တွင် နတ်ရွာစံရာ သားထောက်သမီးခံမရှိသည့်အတွက် အောင်သာဝတီ (ကလိန်အောင်တွင် ခမည်းတော်ထားခဲ့သည် မွန်အမတ် ဗညားဗလက သာဂရတွင်မင်းအဖြစ် ဆက်ခံသည်။ သာဂရမွန်မင်းဆက်သည် ဤမှစသည် လို့ဖေါ်ပြပါရှိချက်ဟာမွန်နဲ့ ထားဝယ်တို့ရဲ့ဆက်ဆံရေးတပိုင်း တစကိုပြောပြလျက်ရှိပါတယ်။ ထားဝယ်သမိုင်းမှာ သစ္စာသိမွန်မင်းများ နေရာယူခဲ့ပုံလေးကို စာဖတ် သူများရိပ်စားမိလောက်ပြီထင်ရဲ့။ ဒါပေမယ့် စာဖတ်သူများ သတိထားရမယ့် အချက်လေးက ထားဝယ်နဲ့မွန်ဟာ ဆက်ဆံရေးတကယ်ကောင်းမွန်ခဲ့ပြီး နှစ်ပေါင်းများစွာ ထားဝယ်များမွန်တို့ရဲ့ အုပ်ချုပ်မှုအောက်မှာ နေခဲ့ရပေမယ့် ရှေးလူကြီး ထားဝယ်များဟာ ကိုယ်ပိုင်စကားကို မပျောက်ပျက်စေပဲ ကိုယ့်ယဉ်ကျေးမှုကို ထိန်းသိမ်းခဲ့တဲ့အဖြစ်လေးပါ။ တကယ့်ကို အတုယူစရာကောင်းလွန်းတဲ့ ရှေးလူကြီးများပါပဲ။ အခုနောက်ပေါ်ထားဝယ်များကရော ရှေးလူကြီးများလောက် စိတ်ထက်သန်မှု ယဉ်ကျေးမှုများကို ကိုယ်ပိုင်အဖြစ် ထိန်းသိမ်းလိုမှုရှိကြပါသေးရဲ့လား။
စာဖတ်သူများသိသင့်တယ် ထင်ရတဲ့အချက်လေးတွေဟာလဲ အတိတ်ရဲ့နေ့ရက်များနဲ့အတူ မှိန်းမှိန်လျက်ရှိပါတယ်။ တကယ်တော့ သမိုင်းဆိုတာ လူသားတစ်ယောက်အနေနဲ့ သိကိုသိထားရမယ့် အဖြစ်အပျက်ပါပဲ။ သမိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အရာအားလုံးဟာ လူသားများရဲ့ အားနည်းချက် အားသာချက်ကို ဖေါ်ပြပေးနေသလို အတိတ်ရဲ့အခြေအနေကိုလဲ တစွန်းတစ ထွန်းပြနေတယ်ဆိုရင်လဲ မှားမယ်မထင်ပါဘူး။ စာဖတ်သူများကို သိစေချင်တဲ့အချက်လေးက တကယ့်ကို ထူးခြားပါတယ်။ စာဖတ်သူများ သမိုင်းကိုပြန်လည်ခံစားခြင်းဆိုတဲ့အပိုင်းမှာ စာရေးသူအနေနဲ့ ထားဝယ်မြို့ (သာယာဝတီ) တည်ပုံလေးကို ရေးပြခဲ့ပါတယ်။ ထားဝယ်မြို့ရဲ့ အရှေ့ခြမ်းကို မေးတင်ပြီး တောင်ဖက်ဘုမ္မော်ချောင်းနဲ့ မြောက်ဖက် မြောင်းပုလဲချောင်းတို့ကို ကျုံးကာရံပြီး ပတ်လည်အကျယ်အ၀န်း တာ(၂၄၈)တာ သူရဲခို (၂၅၈၃)လုံး တံခါး (၅)ပေါက် ဗဟိုလမ်းမ (၄)သွယ် အုတ်မြို့ရိုးမြေအ၀င် (၄)ပေ ခွဲ မြို့ရိုးအမြင့် (၉)ပေ မြို့ရိုးအလယ်ဗဟိုတွင် ဇိနသီရိဘုရားကုန်းတော် နဲ့ တန်ဆောင်းတော်ကြီး စသည်ဖြင့် ရေးပြခဲ့ပါတယ်။ အဲဒီထဲမှာ စာဖတ်သူများ သတိထားမိမယ်ဆိုရင် သို့မဟုတ် မေးခွန်းများနဲ့ အလုပ်လုပ်တတ်သူ ဖြစ်ခဲ့ရင် ဇိနသီရိဘုရားကုန်းတော်နဲ့ တန်ဆောင်းတော်ကြီးတို့ကို ဘယ်နေရမှာများတည်ဆောက်ခဲ့ပါလိမ့်ဆိုတဲ့ အတွေးနဲ့အလုပ်ရှုပ်နေဦးမှာအမှန်ပါပဲ။ ဟုတ်ပါတယ်။ အရင်ကလဲ စာရေးသူကိုယ်တိုင်ဖြစ်ခဲ့ဖူးတဲ့ အတွေးမျိုးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သမိုင်းဆိုတာ ဖုံးထားလို့ရတဲ့အရာမှ မဟုတ်ပဲလေ။ တစ်နေ့အကြောင်းဆုံရင်တော့ ပေါ်လာစမြဲပေါ့။ စာရေးသူလဲ ကံကောင်းတယ်ပြောရမလားမသိပါဘူး။ သမိုင်းအကြောင်းကိုသိပြီး လူမျိုးစိတ်အ ပြည့်ရှိတဲ့ ထားဝယ်တစ်ယောက်နဲ့ ရင်းနှီးခွင့်ရခဲ့လို့ပါပဲ။ သူရဲ့ သမိုင်းကိုအခြေခံပြီးပြောပြချက်ကို ကြားရတော့ အံ့သြရသလို စိတ်မကောင်းလဲဖြစ်သွားမိတယ်။ အံ့သြတာက ဖြစ်ပျက်ခဲ့တဲ့နေရာက အခုထိရှိနေလို့ပါ။ စိတ်မကောင်းဖြစ်ရတာက အဲဒီနေရာကို ထားဝယ်သားအားလုံး (မြန်မာလဲပါ) မသိပဲနဲ့ ရုံးအဖြစ်အသုံးပြုနေလို့ပါပဲ။ စာဖတ်သူများ ဇိနသီရိဘုရားကုန်းတော် ဆိုတာကို စိတ်ထဲမှန်းကြည့်မိပါရဲ့လား။ ထားဝယ်မြို့တည်တုန်းက တောင်ဖက် ဘုမ္မော်ချောင်းနဲ့ မြောက်ဖက် မြောင်ပုလဲချောင်းကို ကျုံးကာရံပြီး တည်ဆောက်ထားတယ်ဆိုတာ လေးကိုမျက်စိထဲ မြင်ယောင်ကြည့်လိုက်ပါ။ ဇိနသီရိဘုရားကုန်းတော်ဆိုတာ ဘယ်နေရာများဖြစ်မယ်ထင်ပါသလဲ။ ရင်းနှီးခဲ့ရသူထားဝယ်ကြီးရဲ့ပြောပြချက်ကတော့ ဇိနသီရိဘုရားကုန်းတော်ဆိုတာ အခုလက်ရှိအသုံးပြုနေတဲ့ ထားဝယ်ရုံးကြီးနေရာပါတဲ့။ စာရေးသူလဲ ထားဝယ်ကိုရောက်တုန်း လေ့လာကြည့်ပါတယ်။ မြို့ရဲ့ထုံးစံဟာ မြို့လယ်မှာ တောင်ကုန်းရှိစရာအကြောင်း မရှိပါဘူး။ မြန်မာမင်းများရဲ့ ပုဂံကိုလေ့လာကြည့်ပါ။ မြို့ထဲမှာ စေတီပုထိုးကလွဲပြီး ကုန်းဆိုတာမျိုးတကယ်မရှိခဲ့ပါဘူး။ ပြီးတော့ ကုန်းဘောင်မင်းဆက်ရဲ့နောက်ဆုံးမင်းတည်ခဲ့တဲ့ ရတနာပုံ နန်းတော်ကိုလဲ ခဏလောက်လေ့လာကြည့်လိုက်ပါ။ နန်းတွင်းမှာ ကုန်းတော်ဆိုတာ လုံးဝ(လုံးဝ)မရှိ ခဲ့ပါဘူး။ ဒါဆို ထားဝယ်မြို့ (သာယာဝတီ) ကို တည်ထောင်ခဲ့တဲ့ မင်းနဲလှ ကရောမြို့ထဲမှာ သီးသန့်ကုန်းဆိုတာကို များထားပြီး မြို့တည်လိမ့်မယ်လို့ထင်ပါသလား။ သမိုင်းကတော့ ဖြစ်ကြောင်းကုန်စင်ကို ပြောပြနေဆဲပါပဲ။ ဘုမ္မော်ကနေ မြောင်းပုလဲထိ လမ်းလျောက်ရင်း လေ့လာကြည့်တော့ ရုံးကြီးတည်ထားတဲ့နေရာကလွဲပြီး မြို့ထဲမှာ ကုန်းဆိုတာ တကယ့်ကို မရှိခဲ့ပါဘူး။ ဒါဆို ရင်းနှီးသူထားဝယ်ကြီးပြောတဲ့ စကားဟာမှန်နေပြီပေါ့။ ဖြစ်နိုင်စရာ အကြောင်းတွေကလဲ အမြောက်အမြားရှိနေပါတယ်။ ပထမအင်္ဂလိပ်မြန်မာစစ်ဖြစ်ကတဲက တနင်္သာရီဟာ အင်္ဂလိပ်ရဲ့လက်အောက်ကိုရောက်ခဲ့ရတယ်လို့ မှတ်သားရခဲ့ဖူးပါတယ်။ ရွှေတိဂုံဘုရားကိုတောင် ခံတပ်အဖြစ်အသုံးပြုခဲ့တဲ့ အင်္ဂလိပ်များဟာ ထားဝယ်မြို့မှာ တည်ထားတဲ့ ဇိနသီရိစေတီတော်နဲ့ ဘုရားကုန်းကို ဖြိုပြီး ရုံးအဖြစ် တည်ဆောက်လိမ့်မယ်ဆိုတာတော့ သံသမရှိနိုင်တဲ့ အရာပါ။ ဘုရားမရှိတဲ့လူသားများအတွက် အဆင်ပြေတဲ့နေရာကို သင့်သလိုအသုံးပြုသွားမယ့်အဖြစ်ကိုလဲ လက်ခံပါတယ်။ စာဖတ်သူများလဲ ထားဝယ်ကိုရောက်ခဲ့မယ်ဆိုရင် အာဇာနည်လမ်းပေါ်မှာရှိတဲ့ တောင်ကုန်းလေးပေါ်က ထားဝယ်ရုံးကြီးကို ခဏလောက်လေ့လာကြည့်လိုက်ပါ။ ပြီးတော့ မြို့ထဲမှာ ဘာဖြစ်လို့ ကုန်းတစ်ခုက တည်ရှိဖြစ်ပေါ်နေရတာလဲဆိုတဲ့ မေးခွန်းလေးကိုပါ ခေါင်းထဲကို ထည့်ကြည့်လိုက်ပါ။ အဖြစ်အပျက်အားလုံးကို သမိုင်းက ပြန်ပြောပြသွားပါလိမ့်မယ်။ သမိုင်းကို မသိခဲ့တဲ့အဖြစ်ဟာ တကယ့်ကိုဝမ်းနည်းစရာကောင်းတယ်ဆိုတာကို သမိုင်းအကြောင်းလေ့လာရင် စာဖတ်သူများ သိသွားမှာပါ။ စာဖတ်သူကိုယ်တိုင် လူမျိုးနဲ့ ယဉ်ကျေးမှုကိုလေးစားပြီး သမိုင်းကိုလဲ တန်ဖိုးထားတတ်သွား မှာပါ။ မသိသလိုနေပြီး ဘ၀ကိုဖြတ်သန်းသွားဦးမယ်ဆိုရင်တော့ ဘုရားစေတီနဲ့ ဘုရားကုန်းဖြစ်ခဲ့ဖူးတဲ့ ဇိနသီရိကုန်းတော် ကို ရုံးအဖြစ်အသုံးပြုသလို အဖြစ်မျိုးတွေ ထပ်ဆင့်ပေါ်လာနိုင်သေးတယ်ဆိုတာကို စာဖတ်သူများ သိထားရပါလိမ့်မယ်။ စာဖတ်သူများ ထားဝယ်မြို့လယ်မှာ ရှိနေဆဲဖြစ်တဲ့ ကုန်းတော်တစ်ခုကို အရင်က ဇိနသီရိကုန်းတော်ဖြစ်ခဲ့ပြီး ဘုရားစေတီတည်ရာလို့ရော လက်ခံနိုင်ပါ့မလား။ သမိုင်းကပြောနေတဲ့ သမိုင်းရဲ့ အသံတွေကတော့ အခုတိုင် ပံတင်ထပ်နေဆဲဆိုတာ စာဖတ်သူများကို သိစေချင်ပါတယ်။ စာရေးသူ အရမ်းပြောတာမဟုတ်ပါဘူး။ သမိုင်းနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူပါလို့ အသိအမှတ်ပြုခံရတဲ့ ဒေါက်တာသန်းထွန်းရဲ့ ခန့်မှန်းချက်များပါ။ သူရဲ့ ခန်းမှန်းချက်များကို နှစ်တရာပြည့် မော်ကွန်းအထူးထုတ် ထားဝယ်အသင်းမဂ္ဂဇင်း စာမျက်နှာ (၁၇၈)မှာ ဒီလို လေးဖေါ်ပြထားပါတယ်။
ဒေါက်တာသန်းထွန်းရဲ့ ခန်းမှန်းချက်အရ တနင်္သာရီတိုင်းတွင် လူများစတင်နေထိုင်မှုသည် နှစ်ပေါင်း (၄၀၀၀) ကျော်ခဲ့ပြီဆိုသည်ကို ကျောက်ခေတ်လက်နက်များ၊ လူအသုံးအဆောင်များက သက်သေခံနေပြီဖြစ်သည်။ ထားဝယ်နယ်တွင်လည်း လွန်ခဲ့သော နှစ်ပေါင်း (၄၀၀၀)ကျော်ကတည်းက လူများစတင်နေထိုင်ခဲ့ကြသည်ဟု မှတ်ယူရမည်တဲ့။
၁၉၈၂ ခုနှစ်တွင် ထားဝယ်မြို့နယ်၌ တိုင်းတိုးချဲ့ ဆေးရုံကြီးကို တည်ဆောက်ရန်အတွက် မြေတူးစက်ဖြင့် တူးဖေါ်စဉ်က ကျောက်ခေတ်နှောင်းလက်နက်အချို့ကို ရရှိခဲ့သည်။ လှည်းတစီးတိုက်ခန့်ရှိသည်ဟုဆိုပါသည်။ သတင်းကြား၍ စာရေးသူ (ထားဝယ် မောင်သန်းဆွေ)သွားသောအခါ အင်ဂျင်နီယာနှင့် အလုပ်သမားများက ကျောက်လက်နက်ဟူ၍မသိသဖြင့် လမ်းခင်းရာတွင်ထည့်၍ သုံးလိုက်ပြီဟု ၀မ်းနည်းဖွယ်ရာသိရသည်။ အလုပ်သမာားတချို့လက်ဝယ်ယူထား၍ ကျန်ရှိနေသေးသည့် ကျောက်လက်နက်အချို့ကို ၎င်းတို့ထံမှ ၀ယ်ခဲ့ရသည်။ ထားဝယ်ရှေးဟောင်းပြတိုက်တွင် ပြထားပါသည်လို့ ထားဝယ် မောင်သန်းဆွေက သူ့ရဲ့အတွေ့အကြုလေးကိုပါ ထပ်ဆင့်ရေးပြထားပါသေးတယ်။
သမိုင်းရဲ့ခြေရာနောက်ကိုလိုက်မိတော့ သမိုင်းနောက်ကျမှပေါ်ခဲ့တယ်လို့ထင်ရတဲ့ ထားဝယ်မြို့ကြီးဟာ တကယ့်ကို ရှေးကျလွန်းတဲ့ သမိုင်းတစ်ခုကို ပိုင်ဆိုင်ထားခဲ့ပါလားဆိုတဲ့ အသိပါတိုးသွားပါတယ်။ လူသားရဲ့ သမိုင်းဟာ ချစ်စရာကောင်းပါတယ်။ လူသားရဲ့ယဉ်ကျေးမှုဟာ မြတ်နိုးစရာနဲ့ပြည့်နေပါတယ်။ လူသားရဲ့စကားဟာ နှစ်သက်စရာဖြစ်ပါတယ်။ လူသားရဲ့ စာပေဟာ တွယ်တာစရာကောင်းပါတယ်။ ချစ်စရာ မြတ်နိုးစရာနှစ်သက်စရာ တွယ်တာစရာနောက်ကိုလိုက်နေတဲ့ စာဖတ်သူလူသားများဟာ ဘာဖြစ်လို့ ကိုယ့်သမိုင်း ကိုယ့်ယဉ်ကျေးမှု ကိုယ့်စကား ကိုယ်စာပေကို တန်ဖိုးမထားနိုင်ရမှာလဲ။ တန်ဖိုးသိလူသားများဟာ တန်ဖိုးရှိအောင် ကြိုးစားနေထိုင်ရင်း တန်ဖိုးရှိအရာများကို ရှာဖွေနေကြတယ်လို့ ထင်ပါတယ်။ စာရေးသူအနေနဲ့ စာဖတ်သူများကို တန်ဖိုးရှိရှိနေထိုင်သူများလို့ ယုံကြည်နေမိတာမို့ ကိုယ့်သမိုင်း ကိုယ့်ယဉ်ကျေးမှု ကိုယ့်စကား ကိုယ့်စာပေကို မြတ်နိုးသူများပဲဖြစ်မယ်ဆိုတာကို သံသယမရှိချင်တော့ပါဘူးလေ…….။ ။
သမိုင်းပေးတာဝန်ကျေသူများဖြစ်ပါစေ
ဦးဉာဏ၀ရ
၁၃၊ ၁၀၊ ၂၀၁၂

0 comments:

Post a Comment