Friday, October 5, 2012

ဝန်ကြီးချုပ် ဦးစိန်ဝင်းကိုလွမ်းတယ်........................ဆရာဇော် (စိတ်ပညာ)

by Phoe Zaw on Thursday, October 4, 2012 (ဆရာဖိုးဇော် (ထားဝယ်) ဖေ့စ်ဘုတ်မှ ပြန်လည်ဝေမျှရပါသည်။

၁၉၇၅ခုနှစ် ဧပြီလ ၁၃ရက် ကမျောကင်းတံထားကို အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ၀န်ကြီးချုပ်ဦးစိန်ဝင်းရဲ့ မွေးရပ်ဇာတိပေါ်ထားရှိတဲ့စေတနာလို့သိရပါတယ်။ ထားဝယ်ဒေသခံတွေအတွက် လမ်းပန်းဆက်သွယ်ရေး အဆင် ပြေချောမွေ့သလို ကုန်စည်စီးဆင်းမှု၊ လှေနှင့်ကူးရလို့အချိန်ကုန်တာ၊ အန္တရာယ်များတာတွေ ကင်းသွားလို့ ပြည်သူလူထုကြီးကလည်း သာဓုခေါ်စရာဖြစ်ပါတယ်။
ကျွန်တော်တို့ ထားဝယ်မြစ်ပေါ်မှာ ထင်ရှားပြီးအရေးပါတဲ့ တံတားနှစ်စင်းရှိပါတယ်။ ကလိန်အောင်တံတားနဲ့ ကမျောကင်းတံတားပါ။ကလိန်အောင်တံတားကိုတော့ ၁၉၃၆ခုနှစ်ကတည်းက တည်ဆောက်အသုံးပြုခဲ့ပါတယ်။ ပြည်နယ်ချင်းဆက်၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ မွန်ပြည်နယ်ဆက်လမ်းဖြစ်တဲ့အပြင် မြန်မာတစ်နိုင်ငံလုံးနဲ့ ဆက်သွယ်သွားနိုင်ပါတယ်။

လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခြင်းဟာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအချက်တစ်ခုဖြစ်ပါ တယ်၊ ဒါကြောင့်လည်းခေတ်အဆက်ဆက်အစိုးရတွေက လမ်းတွေဘယ်လောက်ဖောက်ပြီးပြီ၊တံတားတွေ ဘယ်လောက်များများဆောက်ပြီးပြီဆိုပြီး ဂုဏ်ယူဝံ့ကြွားစွာ ဖော်ထုတ်တတ်တာလည်းတွေ့ရပါတယ်။ ကျွန်တော်တို့ပြည်သူတွေကလည်း ၀မ်းသာပီတိဖြစ်ကြပါတယ်။ သာဓုလည်းခေါ်၊ လက်ခုပ်တီးအားပေးကြပေါ့။
ထားဝယ်ခရိုင်အတွင်း မြို့နယ်ချင်းဆက်၊ ခရိုင်ချင်းဆက် လမ်းတွေမှာ အရေးပါတဲ့တံတားတွေရှိပါသေးတယ်။ ပေါက်တိုင်းတံတား ( ၁၉၇၉ခုနှစ်)၊ ရွှေဂူတံတား ( ၁၉၈၆ခုနှစ်)၊ ၀င်းဝတံတား( ၁၉၉၈ခုနှစ်)တို့လည်း ရှိပါသေးတယ်။ အခုနောက်ပိုင်း(၁)နှစ်(၂)နှစ်အတွင်း ထားဝယ်-ရေးကားလမ်းပိုင်းမှာ အထူးအဖွဲ့ကနေ ဆောက် လုပ်ပေးတဲ့ ကွန်ကရစ်တံတားတွေလည်းရှိပါသေးတယ်။
လမ်းတွေ၊ တံတားတွေကောင်းတာဟာ ဘယ်လောက်အဆင်ပြေလဲဆိုတာ ပြည်သူတွေအားလုံးအသိပါ။ ထားဝယ်ကနေရန်ကုန်အထိ မိုင်(၃၈၀)ကျော်ရှိပါတယ်။ ဒီခရီးကို ပြည်သူတွေဘယ်လိုသွားရတယ်ဆိုတာ ကျွန်တော်ရှင်းပြစရာလိုမယ်မထင်ပါဘူး၊ မိုးဆိုရင် ဗွက်အိုင်ထဲမောင်း၊ တစ်ခါတစ်လေ ကျွဲကလမ်းပေါ် အိုင်ထဲ ရေစိမ်နေလေရဲ့၊ ရန်ကုန်သွားတဲ့ကားက ထားဝယ်ဘက်ခေါင်းလှည့်လို့ လှည့်၊ ရှေ့ ကားကနောက် ကားကို ဆွဲ၊ နွေဆိုရင် ဖုန်တထောင်းထောင်းထ၊ ရှေ့ကားနဲ့နောက်ကားမမြင်ရ၊ ကျွန်တော်တို့ပြည်သူ ဆိုတာ ဆင်းရဲတော့ လေယာဉ်လည်းမစီးနိုင်၊ ဒီကားလမ်းလေးကိုပဲကျေးဇူးရှင်လိုအားကိုးပြီး နိုင်ငံခြားက ခရီးကြမ်းကားပြိုင်ပွဲလိုပဲတွေးရင်းစီးခဲ့ကြ၊ မချစ်သော်လည်းအောင့်ကာနမ်းပေါ့၊

အဝေးပြေးလမ်းတွေပဲမကောင်းပြောတော့ ထားဝယ်မြို့ပေါ်ကလမ်းတွေက ကောင်းသလိုပါပဲ၊ လမ်းပြင်နေတဲ့အဖွဲ့တွေ နွေမရှောင်၊မိုးမရှောင်ပြင်တာလည်းတွေ့ရပါတယ်၊ ဒါပေမယ့်ဗျာ စကားပုံအတိုင်း ပျက်နေအစဉ် ပြင်လည်းခဏပါဘဲ၊ ဒါလည်းမြန်မာ့နည်းပညာတစ်ခုနဲ့တူပါတယ်၊ သိချင်တာနဲ့စပ်စုဖူးတယ်ဗျာ၊ ထားဝယ်မြို့ပေါ်ကလမ်းတွေမှာပိုင်ရှင်က (၂)ဦးရှိတယ်၊ တစ်ချို့လမ်းတွေကို စည်ပင်သာယာကပိုင်ပြီး၊ တစ်ချို့လမ်းတွေကို ဆောက်လုပ်ရေးကပိုင်တယ်လို့သိရပါတယ်။

ဟိုးတစ်လောက Voice မှာ ထားဝယ်ဖတ်စာကို ဖတ်ခဲ့မိတယ်၊ ကမ်းနားလမ်းက အင်္ဂါဂြိုဟ်တဲ့၊ ဆရာဖိုးဇော်က သိပ္ပံသမားနဲ့တူပါတယ်၊ ဘာသာရေးတစ်စိုက်မတ်မတ်လုပ်တဲ့ ကျွန်တော့်ဆရာတစ်ပါးကတော့ အာသောကမင်းကြီး လှူဒါန်းခဲ့တဲ့ ရေတွင်း၊ရေကန်ပေါင်းရှစ်သောင်းလေးထောင် ( ၈၄၀၀၀) ၊ ထားဝယ်လမ်းတွေ ပေါ်ရောက်နေကြောင်း၊ ဂုဏ်ယူဖွယ်ပြောပါတယ်။ အမျိုသားလွှတ်တော်မှာ ထားဝယ်သား အမတ်တစ်ဦးက ထားဝယ်-မေတ္တာလမ်းပြင်ဖို့ရှိ/မရှိ မေးတာ ၀န်ကြီးကနှစ်တိုင်းပြင်ကြောင်း၊ မိုးများလို့ပျက် ကြောင်းပြန်ဖြေတာ ထူးဆန်းအံသြဖွယ် ကြားခဲ့ဖူးပါတယ်။
ထားဝယ်ရေနက်ဆိပ်ကမ်းကြောင့် နဘုလယ်ဟာ အရမ်းနာမည်ကြီးလာပါတယ်၊ စီးပွားရေးသမားတွေ အ၀င်အထွက် အရမ်းများတယ်၊ ထားဝယ်သားတွေလည်းသွားလည်ကြနဲ့၊ အခုနောက်ပိုင်း နဘုလယ်ကို ရောက်ဖူးတဲ့ လူတိုင်းသိပါတယ်၊ ယိုးဒယားတွေခင်းထားတဲ့မြေနီလမ်းက နွေဆိုရင်ဖြူးလို့၊ ဆိုင်ကယ်မောင်းရင်း အိပ်တောင်ငိုက်တယ်၊ ကျွန်တော်တို့တွေ ယိုးဒယားကို လမ်းကြမ်းခင်းတာတောင်မမှီပါလားလို့ တွေးပြီး ရှက်ရပါတယ်။

အဲဒီတော့ဗျာပြောစရာရှိပါတယ်၊ ယိုးဒယားတွေက ပိုက်ဆံသုံးနိုင်တယ်ပေါ့၊ဒါကြောင့်လုပ်နိုင်တာ၊ ပြီးတော့ လမ်းကလည်းတိုတယ်ပေါ့၊ လက်ခံပါတယ်ဗျာ၊ ကျွန်တော်တို့က ခေတ်အဆက်ဆက် အစိုးရဘတ်ဂျက်ဆိုတာ လျှိုဝှက်ချက်၊ ပြည်သူဆိုတာသိခွင့်မရှိဘူး၊ သွားချင်သွားမသွားချင်နေ၊ ဒီလိုကိုးဗျ။
အခုတစ်ပတ်ဂျာနယ်တစ်စောင်မှာ မောတောင်လမ်းကို တာဝန်ယူထားတဲ့ ကုမ္ပဏီတစ်ခုကစာချုပ်အတိုင်း မပြီးလို့ လမ်းတစ်ဝက်ပဲလုပ်ခွင့်ပြန်ပေးကြောင်း ထားဝယ်သား ၀န်ကြီးတစ်ဦးက ပြောကြောင်း ဖတ်လိုက်ရပါတယ်။ ဒါဆိုရင် ရေး-ထားဝယ်ကားလမ်းကော ဘယ်ကုမ္ပဏီတွေနဲ့စာချုပ်ချုပ်ထားလဲ.. ဘယ်နှစ်ကတည်းကလဲ၊ ပြည်သူတွေကတော့သိချင်မှာပါဗျာ။

ဘယ်ကုမ္ပဏီတွေနဲ့၊ ဘယ်နှစ်ကစာချုပ်ချုပ်တယ်၊မချုပ်ဘူးဆိုတာထက် ပြည်သူလူထုကတော့ လမ်းကြေး၊ တံတားကြေး၊ မြို့ဝင်ကြေးကတော့ ပေးရစမြဲပါ။ ထားဝယ်ကနေရန်ကုန်သွားရင် ဒီကြေးတွေဘယ်လောက်ရှိလဲ ဆိုတာ ပြည်သူတွေကလည်းစိတ်ဝင်စားတာမတွေ့ရဘူး၊ အရှုံးပေးနှလုံးတဲ့ထုံးအတိုင်းနေလိုက်တယ်၊ ဒါကလည်းစနစ်ကိုကြောက်တာကိုး၊မကျေနပ်လို့သွားပြောရင်ဘာဖြစ်မယ်ဆိုတာ ပြည်သူကနှစ် (၆၀)သင်ထား ပြီးပြီ။

အခုတောခေတ်လည်းပြောင်း၊ စနစ်လည်းပြောင်းလို့ပြောချင်တာလေးတွေအချို့လည်းပြောခွင့်ရှိလာပြီး၊ စဉ်းစားကြည့်ရအောင် ထားဝယ်-ရန်ကုန်ကားလက်မှတ်က (၁၁၀၀၀)လောက်ရှိပါတယ်။ ဆီဈေးတက်လို့၊ ဟိုကြေးဒီကြေးတွေပေးရလို့နဲ့ဖြစ်လာတာပါ။ ကားပိုင်ရှင်တွေ၊ လိုင်းပိုင်ရှင်တွေဆိုတာ စီးပွားရေး သမားတွေပါ။ သူတို့ရမယ့်အမြတ်တွက်ပြီးသားပါ၊ အထိမခံပါဘူး၊ ပေးစရာ ရှိရင် ပြည်သူ လူထုဆီကယူ မှာပါ။ ဒါကလည်း သဘာဝပဲလေ။နိုင်ငံတော်ရဲ့စေတနာဖြစ်တဲ့ လမ်းတွေ၊တံတားတွေဖောက်တာ၊ဆောက်တာ ၀မ်းသာပါတယ်။ ဒီလမ်းတွေ၊ တံတားတွေထိန်းသိမ်းဖို့ကောက်တာကိုလည်း လက်ခံပါတယ်။ သင့်တင့်မျှတဖို့လိုပါတယ်၊ ပြည်သူကတာဝန်ယူ ဆိုတာ ဆိုရှယ်လစ်ခေတ် အတွေးနဲ့တူပါတယ်။ နိုင်ငံ သားတစ်ယောက်က အစိုးရကို အခွန်ဆောင်ရမှာ တာဝန်တစ်ခုဖြစ်ပါတယ်၊ လမ်းအသုံးပြုခဆိုတာ နားမလည်ပါ။ လမ်းဆိုတာရှိရင်အသုံးပြုမှာပါ။ အသုံးပြုဖို့ လည်း ဖောက်တာလို့ယုံကြည်ပါတယ်။ ဒီဟာကို ပြည်သူလူထုအတွက်စဉ်းစားစေချင်ပါတယ်။

နောက်တစ်ချက်က မြို့ဝင်ကြေးကိစ္စ၊ ရန်ကုန်ကို သွားရင် ရေးမြို့ကိုဖြတ်သွားရပါတယ်။ မဖြစ်မနေဖြတ် သွားရ တာပါ။ အဲဒီတော့ဗျာ၊ ရိုင်းတယ်ဘဲပြောပြော၊ မဖြစ်မနေဖြတ်သွားရတဲ့မြို့ဝင်ကြေးတွေမပေးချင် ဘူးဗျာ၊ မြို့ပတ်လမ်းတွေဖောက်ပေးပါ၊ ဒီကြေးတွေလျှော့သွားရင် ခရီးစရိတ်တွေလျှော့သွားမယ်ထင်ပါတယ်။ ပြည်သူတွေ လည်းသက်သာမယ်၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကိုအထောက်အကူပြုမယ် ထင်ပါတယ်။အရေးကြီးဆုံးအချက်က ထားဝယ်မြို့အ၀င်ဂိတ်တွေမှာမြို့ဝင်ကြေး၊ လမ်းကြေး၊ တံတားကြေးတွေကောက်ပါ တယ်။ လေလံဘယ်လောက်နဲ့ဆွဲထားတယ်ဆိုတာမသိရပါ။ ဒါပေမယ့်လွန်ခဲ့တဲ့(၂)လလောက်က (၅၂) သိန်း ကျော်အစိုးရကို ပေးသွင်းထားကြောင်း ဗွီနိုင်းထောင်ခဲ့ပါတယ်။ ပြည်သူကို အသိပေးတာနဲ့တူပါတယ်။ အခြားရည်ရွယ်ချက်တွေကတော့ စိုက်တဲ့သူပဲသိပါလိမ့်မယ်။

ပြဿနာအဖြစ်အများဆုံးကတော့ ကမျောကင်းတံတားနဲ့တူပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျောင်းသား ဦးရေ(နေ့ကျောင်းသား၂၀၀၀ကျော်၊ အဝေးသင်ကျောင်းသား ၂၀၀၀ကျော်)၊ ဆရာ/မနှင့်ဝန်ထမ်း ၃၀၀ကျော် ကျောင်းဖွင့်ရက်တွေမှာဖြတ်သန်းနေရလို့ပါ။ ဂိတ်မှာတာဝန်ယူပြီး ပိုက်ဆံ ကောက်ရ သူတွေကလည်း တာဝန်အရကောက်ရတယ်၊ ထားဝယ်တက္ကသိုလ်ကဆို မကောက်ပါဘူး၊ ဒီတော့ အခြားလူတွေကလည်း ကျောင်းသားယောင်ဆောင်တော့တာပါပဲ

ဂိတ်မှာလူသစ်ဝင်ရင် ပိုဆိုးပါတယ်။ ဘယ်သူကဆရာ/မ၊ကျောင်းသား/သူဆိုတာမသိတော့ အတင်း တား၊ဆွဲနဲ့ ပြဿနာဖြစ်ရပါတယ်။ လွန်ခဲ့တဲ့(၁)ပတ်လောက်က ဂိတ်က(၂)ဂိတ်ကွဲသွားတယ်။ မြို့ဝင်ကြေးက စည်ပင် သာယာ၊ တံတားက ဆောက်လုပ်ရေးတဲ့။ တံတားကြေးကောက်တဲ့ဂိတ်က သူဌေးလား၊ဘာလားမသိပါဘူး၊ ကျွန်တော်ကို အတင်းတားပြီးပိုက်ဆံတောင်းလေရဲ့၊ ကျွန်တော်က ထားဝယ်တက္ကသိုလ်ကပါလို့ပြောတော့၊ ခင်ဗျားတို့ပညာ တတ်တွေဆိုတော့ပိုကောင်းတာပေါ့ ၊ ဆိုင်းဘုတ်တွေထောင်ပြီး စည်းကမ်တွေရေးထားတယ် ဖတ်ကြည့်ပါ၊ အခွန်လွတ်တဲ့အထဲ တက္ကသိုလ်မပါဘူးပေါ့။

ဒီတော့ကျွန်တော်က ခင်ဗျားတို့အစည်းအဝေးဆုံးဖြတ်ချက်ထဲမပါဘူးလားလို့မေးတော့၊ မပါဘူးတဲ့၊ ဒါဆို ကျွန်တော်တို့ ကျောင်းသူ/သားတွေ၊ ဆရာ/မတွေပေးရမှာလားလို့မေးတော့၊ ခဏစဉ်းစားပြီး ကျွန်တော်တို့နား လည်မှုနဲ့ပါ၊ မကောက်ပါဘူး၊သွားပါ၊ အပြောင်းအလဲကာလမို့ဖြစ်တာပါတဲ့။ ထားဝယ်တက္ကသိုလ်ကနေ ဒီလူကို ကျေးဇူးတင်ရမလိုပါပဲဗျာ။

ဒီလူမသိတာက ကျွန်တော်ဒီလမ်းကို သွားနေတာ ( ၁၁)နှစ်ပြည့်ဖို့(၂)လပဲလိုတယ်ဆိုတာရယ်၊ ကျွန်တော်တို့ ထားဝယ်သား ဒုတိယ ပါမောက္ခချုပ်ဆရာကြီးဒေါက်တာကျော်ကျော်ဌေးရှိတုန်းကဆိုရင် တက္ကသိုလ်အတွက် တာဝန်ယူခဲ့တာတွေ၊ အစည်းအဝေးမှာ တရားဝင်ဆုံးဖြတ်ခဲ့တာတွေ၊ ကျွန်တော်ကကြားဖူးခဲ့တယ်ဆိုတာပါ။ ပြီးတော့ ကျွန်တော်တို့ တက္ကသိုလ်အသိုင်းအ၀ိုင်းကလည်း မည်သူနှင့်မျှပြဿနာမဖြစ်လိုပါ။ တက္ကသိုလ်တွေကို လူစုခွဲ၊ မြစ်တစ်ဘက်ပို့ ဗျူဟာကြောင့် ကမျောကင်းဘက်ကကိုလာနေရတာပါ။

စက်တင်ဘာလထဲမှာ ကျွန်တော်နဲ့၂၀၀၄ခုနှစ်ကတည်းက ကုတင်ချင်းကပ်အိပ်ခဲ့တဲ့ လက်ထောက် ကထိက ဆရာတစ်ဦး ကမျောကင်းတံတားပေါ်မှာ ဆိုင်ကယ်မှောက်ပြီးဆုံးတယ်၊ ဒီတော့တပည့်တစ်ဦး ကပြောလေရဲ့ ဆရာတဲ့ တံတားကြေးကောက်တဲ့လူတွေ နာရေးလာမမေးဘူးလားတဲ့ ၊ တံတားပေါ် မှာဖြစ်တာပဲ။တံတားကြေးတော့ ကောက်ပြီးတော့တဲ့၊ ကျွန်တော်က လာ-မလာငါလည်း မသိဘူး၊ တံတားကြေးပေးတဲ့အထဲ ငါတို့မပါဘူး၊ လို့ပြန်ပြောလိုက်မိပါတယ်။
တနင်္သာရီမြို့ကို လေ့လာရေးခရီးသွားတုန်းကလည်း တနင်္သာရီတံတားပေါ်ဆိုင်ကယ်ဖြတ်မောင်းတော့ ရထားသွားတဲ့ အသံထွက်နေလေရဲ့၊ ခင်းထားတဲ့ သစ်သားတုံးတွေကို ချုပ်တဲ့သံချောင်းတွေ ထောင် တဲ့ချောင်းက ထောင်၊ ကြွတဲ့အချောင်းကြွနဲ့၊ ဂျူံးဂျူံး-ဂျူံးဂျူံးနဲ့၊ ပျော်စရာပဲ။ ဒီတော့ လိုက်ပို့တဲ့မိတ်ဆွေက သိပ်ပျော်မနေနဲ့ဆရာ၊ သံချောင်းနဲ့ဆိုင်ကယ်ငြိပြီးတံတားဘောင်နဲ့ရိုက်လို့ သွားမရှိတဲ့လူရှိ တယ်၊ တော်ကြာ တနင်္သာရီက ရိုက်လှဲစွာကြိုဆိုပါ၏ ဖြစ်နေအုံးမယ်လို့ ပြောခဲ့တာလည်း သတိရမိပါတယ်။

တံတားကြေးကောက်နေတဲ့တံတားတွေပဲလားဆိုတော့ ဘယ်ဟုတ်မလဲဗျာ။ ပိုဆိုးတာက တံတားကြေး မကောက်တဲ့တံတားတွေ၊ ဥပမာဗျာ- ချောက်ချောင်းတံတားဆိုပါတော့၊ ဆောက်လုပ်ရေးအနေနဲ့ ဘတ်ဂျက်အကြောင်းပြတယ်၊ အနီးဆုံးတာဝန်ရှိတဲ့ ချောက်ချောင်းရွာကလည်း တာဝန်ရှိပြန်ကော၊ ကျေးရွာအုပ်ချုပ်ရေးမှူးရေးနှင့်ဒေသခံတွေလည်း စိတ်ရှုပ်ရပြန်ရော၊ ဟိုလူတာဝန်၊ဒီလူ့တာဝန်နဲ့တံတားက သွားမရ၊ နွေဆိုရင်ချောင်းထဲကဖြတ်၊ ပြင်တဲ့အခါလည်းပြင်၊ ကြုံသလိုပါပဲ။

ပြည်သူတွေလည်းပင်ပန်းလှပါပြီ။ ဟိုကြေးဒီကြေးတွေလည်းပေးခဲ့ရပေါင်းများပါပြီ။ဆင်းရဲနွမ်းပါးမှုလျှော့ ချရေး အတွက် အထောက်အကူလည်းဖြစ် ၊ အစိုးရအနေနဲ့လည်း ပြည်သူယုံကြည်ထောက်ခံမှုရနိုင်တဲ့ကိစ္စ ပါ။ ပြည်သူအသံ ပြည်သူဆန္ဒခေတ်မှာ ပြည်သူလူထုက ဒီကြေးတွေ ပေးချင်၊မပေးချင်ဆန္ဒကောက် ယူ ကြည့်စေချင် ပါတယ်။ ဒီလိုကောက်ယူမယ်ဆိုရင် ကျွန်တော်အနေနဲ့ ကိုယ့်ထမင်း ကိုယ်စားပြီး စေတနာ့ ၀န်ထမ်း အဖြစ် ဆောင်ရွက်ပေးပါမယ်။

လမ်းတွေ၊တံတားတွေဖောက်ပေး၊ဆောက်ပေးတဲ့အစိုးရတွေကို ပြည်သူက ကျေးဇူးတင် လေးစားနေမှာပါ။ မဲဆွယ်ပွဲကာလတွေမှာ အချို့အမတ်လောင်းတွေဟာ လမ်းတွေကောင်းအောင်လုပ်ပေးမယ်လို့ ကတိပေး မဲဆွယ်ခဲ့ပါတယ်။ လုပ်ပေး၊မပေးတော့ ကျွန်တော်လည်း မသိပါ။ ပြောချင်တာကတော့ ပြည်သူ လိုအပ် ချက်ဖြစ် တယ်ဆိုတာပါ။ ပြည်သူလိုအပ်ချက်ကို ဖြည့်ဆည်းပေးတတ်တဲ့ မည်သည့်ပါတီက အမတ်လောင်းဖြစ်ပါစေ ပြည်သူကဆန္ဒမဲပေးမှာသေချာပါတယ်။ ပြည်သူဟာ ထူထူအအတွေမဟုတ်တော့ ပါဘူး၊

အနှစ်ချုပ် ပြောရရင်တော့ ကမျောကင်းတံတားကို တည်ဆောက်ခဲ့တုန်းက ကုန်ကျစရိတ် ဟာ နှစ်အဆက် ဆက် လေလံကြေးနဲ့ကျေလောက်ပါပြီ၊ နှစ်စဉ်ဘယ်လောက်ရတယ်ဆိုတာ မသိပါဘူး၊ ပြည်သူသာအမိ ၊ ပြည်သူသာအဖ၊ ပြည်သူ့အသံ လွှတ်တော်အသံ၊ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒခေတ် မှာ ပြည်သူလူထု အတွက် တံတားကြေး၊မြို့ဝင်ကြေးတွေ မရှိသင့်တော့ပါဘူး။

ထားဝယ်သားတွေက ဒီကမျောကင်းတံတားကြီးကို တည်ဆောက်ပေးခဲ့တဲ့ဝန်ကြီးချုပ်ဦးစိန်ဝင်း ကို ကျေးဇူး တင် တုန်း၊ ဂုဏ်ယူပြောကြတုန်းပါ။ ကျွန်တော်အနေနဲ့ ၀န်ကြီးချုပ်ဦးစိန်ဝင်းကို တွေ့ပြီး ၀န်ကြီးချုပ်ရယ် ဒီတံတားကြီးကို  ဘယ်သူတွေအတွက်ဆောက်ပေးခဲ့တာလည်း မေးချင်မိပါတယ်၊ ၀န်ကြီးချုပ်ပြောတဲ့ စကားကို ဗွီနိုင်းထောင်ပြီး တံတားဟိုဘက်ထိပ် ( လောင်းလုံးဘက်)၊ ဒီဘက်ထိပ် ( ထားဝယ်ဘက်)မှာ ထားလိုက်ချင် တယ်။

အခုတော့ဝန်ကြီးချုပ်ကတော့ ကုသိုလ်တွေများစွာနဲ့ ၊ ငြိမ်းချမ်းစွာအနားယူနေပါပြီ။
ကျွန်တော်ကတော့ ၀န်ကြီးချုပ်ဦးစိန်ဝင်းကို လွမ်းနေမိပါတော့တယ်။       ။

ဆရာဇော်(စိတ်ပညာ)

(မိမိ၏စာမျက်နှာများပေါ်မှာအလျဉ်းသင့်သလိုရေးသားဖော်ပြဖြစ်တဲ့ ဆရာဇော်က ဒီကနေ့ညနေမှာပဲဆောင်းပါးလေးတစ်ပုဒ်လာပေးပါတယ်။မိမိတို့အလုပ်တာဝန်အရဖြတ်သန်း
သွားလာနေရတဲ့..လမ်းပေါ်ကနေ့စဉ်ကြုံတွေ့၊ကြုံတွေ့တိုင်း တွေးမိနေကျအတွေးမို့..  ဆောင်းပါးကိုမှတ်မှတ်ရရရေးဖြစ်တဲ့ ဆရာဇော်ကိုလည်းကျေးဇူးပါဗျာ....)
                                                                                                                                                                                     ဖိုးဇော်(ထားဝယ်)


ဓါတ်ပုံ - ဆရာဇော် (စိတ်ပညာ)


 ဓါတ်ပုံ - ဆရာဇော် (စိတ်ပညာ)
 ဓါတ်ပုံ - ဆရာဇော် (စိတ်ပညာ)
 ဓါတ်ပုံ - ဆရာဇော် (စိတ်ပညာ)

0 comments:

Post a Comment