Thursday, October 25, 2012

လူမျိုး စကားနဲ့ စာပေ သို့မဟုတ် သွေးကပြောတဲ့ စကား အပိုင်း (၅)

http://www.tavoyanvoice.com/?p=1170

ကမ္ဘာပေါ်မှာ ရှိတဲ့လူမျိုးစုအားလုံးမှာ ကိုယ်ပိုင်စကားဆိုတာ ရှိကြပါတယ်။ ကိုယ်ပိုင်စကားမရှိပဲနဲ့ လူမျိုး တစ်မျိုး ဆိုတာလဲရှိလာမယ်လို့ မထင်မိပါဘူး။ ပြီးတော့ လူမျိုးစုအတော်များများဟာလဲ ကိုယ်ပိုင် စကား ကို မြတ်မြတ်နိုးနိုး နဲ့ပြောနေကြတဲ့အပြင် သူတို့ရဲ့ကိုယ်ပိုင်စကားတွေကို ပြန့်ပွါးအောင်လဲ ကြိုးစားကြ ပါတယ်။ ဥပမာ ပြင်သစ်၊ ဂျာမဏီ၊ စပိန်စတဲ့ နိုင်ငံတို့လိုပေါ့။ အဲဒီနိုင်ငံများဟာ သူတို့စကားကိုပဲ လူသား အားလုံးက ပြောရမယ် သုံးရမယ်လို့ ယူဆထားတဲ့ နိုင်ငံများပါ။ ဒါကြောင့်လဲပဲ သူများစကားကို အဓိက မထားပဲ ကိုယ်ပိုင်စကားပြောပြီး ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ ကမ္ဘာပေါ်မှာ အချိန်အတော်ကြာကြာ ရပ်တည် ခဲ့တာပါ။ ဒါပေမယ့် ခေတ်တွေရဲ့ပြောင်းလဲလာတဲ့ သဘာဝက အင်္ဂလိပ်စကားကို တောင်းဆို လာ တာကြောင့် အင်္ဂလိပ်စကားကို မဖြစ်မနေသင်လာရပါတယ်။ ဒါကလဲ စီးပွါးရေး ဆက်သွယ်ရေးစတဲ့ အသက်ရှင်သန်မှုအတွက် လုပ်ရတဲ့အခြေအနေကြောင့်ပါ။ သူတို့အားလုံးမှာ တူညီတဲ့ ရည်မှန်းချက် ကတော့ အင်္ဂလိပ်စကားကို ရှင်းရှင်းလင်းလင်းနဲ့ ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်အောင် ပါပဲ။ နောက်ထပ်တူညီတဲ့ အချက်တစ်ခု ကတော့ အင်္ဂလိပ်စကားကို ကောင်းကောင်းပြောတတ်ကြပေမယ့် ကိုယ်ပိုင်စကားကို မမေ့အောင် ထိန်းသိမ်းထားနိုင်ခြင်းပါပဲ။ ဒါကြောင့်လဲပဲ သူတို့တွေဟာ မိခင် ဘာသာ စကား ပြင်သစ် စတာမျိုးကို ဖေါ်ပြပြီး ကျန်တဲ့ဘာသာစကားများကိုတော့ ကျွမ်း ကျင်စွာ ပြောတတ်ရေး တတ်တယ်ဆိုတာမျိုးကို ဖေါ်ပြလေ့ရှိပါတယ်။ ဒါက မိခင်ဘာသာစကားကို ဘယ်လောက်တန်ဖိုးထား တယ်ဆိုတာကို သူတို့ရဲ့စိတ်က အလိုလိုဖေါ်ပြနေတဲ့ အခြေအနေပေါ့။


မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားလူမျိုးများလဲ ကိုယ်ပိုင်စကားနဲ့ ရှင်သန်နေကြတာမို့ စာမတတ်ရင်သာနေမယ် ကိုယ့်စကားကိုတော့ တကယ့်ကို တန်ဖိုးထားတာကို တွေ့ရပြန်ပါတယ်။ စာရေးသူအနေနဲ့ တွေ့ဖူးတဲ့ တိုင်းရင်းသားများ ဆိုရင် ရှမ်း၊ ပအိုဝ်၊ ရခိုင်၊ ကရင် အမျိုးမျိုးနဲ့ မွန် ပြီးတော့ ကယား၊ ကချင်နဲ့ ချင်းလူမျိုးတို့ပါပဲ။ သူတို့ဟာ မြန်မာစကားနဲ့ မြန်မာစာကို တတ်အောင်ကြိုးစားရင် ရန်ကုန်နဲ့ မန္တလေးနယ်တွေကို စီးဆင်းလာတဲ့ လူမျိုးတွေပါပဲ။ သူတို့တွေဟာ မြန်မာစကားနဲ့ မြန်မာစာကို တကယ်တတ်ကျွမ်းသွားကြပေမယ့် သူတို့ရဲ့ကိုယ်ပိုင်စကားကိုတော့ မေ့သွားတာမျိုး မပြောတတ်တာမျိုးကို မတွေ့ဖူးပါဘူး။ ဘွဲ့ရပြီး အလုပ်ဝင်နေသူများ လုပ်ငန်းချဲ့ပြီး အောင်မြင်နေသူများလဲ ကိုယ်ပိုင်စကားကို လုံးဝမေ့သွားတာမျိုး မရှိကြပြန်ပါဘူး။ ဒါဟာ မိခင်ဘာသာစကား (အမေ့လျှာ= Mother tongue) ကို မဖြတ်တဲ့ သဘောပါပဲ။ တကယ်တော့ အမေ့စကား အမေ့လျှာကို မဖြတ်တာဟာ သဘာဝကျပါတယ်။ မွေးကတည်းက ပါလာတဲ့ လျှာဟာအစာရဲ့အရသာကို ခံစားဖို့ပါ။ လျှာမရှိဘူးဆိုရင် အရသာကိုဘယ်လိုမှ ခံစားနိုင်မှာ မဟုတ်ဘူးဆိုတာကို တော့ စာဖတ်သူများလက်ခံမယ်ထင်ပါရဲ့။ မူရင်းဖြစ်တဲ့ အမေ့လျှာကိုဖြတ်ပြီး လျှာအတုနဲ့လူလုပ်ရင်း အရသာခံမယ်ဆိုရင် တော့ အရသာအတုကိုပဲ သုံးဆောင်ရလိမ့်မယ်ဆိုတာ ယုံမှားစရာ မရှိပါဘူး။ စာဖတ်သူများကရော အရသာအစစ်ကို ခံစားသုံးဆောင်ချင်တာလား သို့မဟုတ် အတုကိုပဲ မက်မောစွာ ခံစားကြမှာလား။

စာရေးသူတွေ့ဖူးတဲ့ လူမျိုးတွေထဲမှာ ကိုယ့်စကားကို တကယ်တန်ဖိုးထားပြီး မပျောက်ပျက်အောင် ထိန်းသိမ်း ထားသူများဟာ တိုင်းရင်းသားများသာဖြစ်ပြီး လူမျိုးကြီးလို့ခံယူထားတဲ့ မြန်မာနဲ့ လူမျိုးကြီးရဲ့အဆက်အနွယ်လို့ ယူဆထားတဲ့ ထားဝယ်များဟာ တိုင်းရင်းသားများလို ကိုယ့်စကားကို တန်ဖိုးထားတာမျိုး မတွေ့ရသလောက်ပါပဲ။ စာဖတ်သူများတိကျတဲ့ အကြောင်းပြချက်များကို လိုချင်ပါသလား။ စာရေးသူမှာ တိကျတဲ့အကြောင်းပြချက်နဲ့ သာဓကတွေရှိပါတယ်။ ဆက်လက်ပြီးသာ ဖတ်ရှုသွားပါ။

ခေတ်ပညာတတ်မှ ဘ၀မှာတင့်တယ်မယ်လို့ယူဆထားတဲ့ မြန်မာများဟာ (သူတို့အသုံးကတော့ ရွှေမြန်မာပေါ့) အင်္ဂလိပ်စာကို ကျွမ်းကျင်အောင်ကြိုးစားကြပြီး နိုင်ငံခြားတက္ကသိုလ်များမှာပါ ဆက်လက်ပညာသင်နိုင်အောင် လုပ်နေကြတာကို တွေ့ဖူးပါတယ်။ တချို့ကတော့ နိုင်ငံခြားပြောင်းရွှေ့နေထိုင်ကြပြီး နောက်မျိုးဆက်သစ်များကို နိုင်ငံခြားမှာပဲ မွေးကြတာမျိုး ရှိပါတယ်။ အဲဒီလိုလူတွေမှာ တွေ့ရတတ်တဲ့ အခြေအနေတွေကတော့ မြန်မာစကားကို တန်ဖိုးမထားတော့ပဲ အင်္ဂလိပ်စကားကိုပဲ ထယ်လဲပြောနေတာကို တွေ့ရပါတော့တယ်။ မိဘများကလဲ ကိုယ့်စကားကို တန်ဖိုးထားရမယ်လို့ ပြောမယ့်အစား ကိုယ့်သားသမီး အင်္ဂလိပ်စကားပြောတာကို မီးလောင်ရာလေပင့် လုပ်ပေးတာ မျိုးကိုပါ တွေ့ရပြန်ရော။ ဟုတ်တယ် ကျနော် ကျမတို့ရဲ့ သားသမီးများက မြန်မာစကားကို ကောင်းကောင်းနားမလည်ဘူး ကျောင်းမှာက အင်္ဂလိပ်စကားပဲပြောကြတော့ အင်္ဂလိပ်စကားပဲပြောတတ်တော့တယ်လို့ ဂုဏ်ယူစွာပြောတတ်ပြန်ပါတယ်။
တကယ်တော့ ကိုယ်ဟာ ဘယ်လိုလူမျိုးလဲဆိုတာကို ကောင်းကောင်းနားလည်ထားဖို့ပါပဲ။ စာရေးသူရဲ့အမြင်ကို ပြောပြတာထက် ကြားခဲ့ကြုံခဲ့ရတဲ့အဖြစ်လေးကိုပဲ စာဖတ်သူများကို အသိပေးပါရစေ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကကို မသွားခင်တုန်းက အင်္ဂလန်ကိုသွားခဲ့တယ်ဆိုတာ စာဖတ်သူများသိမှာပါ။

အင်္ဂလန်ခရီးစဉ်တစ်ခုမှာ မြန်မာသတင်းသမားများနဲ့ တွေ့ဆုံပွဲတစ်ခုမှာပေါ့။ သတင်းသမား တယောက်စီကို မေးခွန်းတစ်ခုစီ မေးခွင့်ပေးပါတယ်။ စည်းကမ်းကတော့ မြန်မာစကားနဲ့ပဲ မေးရမယ်တဲ့။ ဒါပေမယ် VOA က မြန်မာသတင်းထောက် (အမျိုးသမီး) တစ်ယောက် က အင်္ဂလိပ်စကားနဲ့မေးဖို့ တောင်း ဆို ပါတယ်။ နိုင်ငံခြားမှာ အနေကြာတာရယ် မြန်မာစကားပြောနေကျ မဟုတ်တာရယ် ကြောင့် မြန်မာ စကားနဲ့မေးတာထက် အင်္ဂလိပ်စကားနဲ့မေးတာကို ပိုအဆင်ပြေကြောင်းပါ ထပ်လောင်း ရှင်းပြပါ တယ်။ ဒေါ်အောင်ဆန်း စုကြည်ဘာပြောမယ်လို့ စာဖတ်သူများထင်ပါသလဲ။ နိုင်ငံခြားဘာသာစကား တတ်တာကို ဂုဏ်ယူရမှာဖြစ်ပေမယ့် ကိုယ်မိခင်ဘာသာ စကားမေ့သွားတာတော့ ဂုဏ်ယူစရာ မဟုတ်ပါဘူးတဲ့။ မြန်မာနိုင်ငံသားမှန်ရင် မြန်မာစကားပြောကို ပြောတတ်ရမယ်ပေါ့။

သတင်းထောက်မှာ တကယ့်ကိုအားကျဂုဏ်ယူရမယ့်အဖြစ်လေးတစ်ခုကို ဒေါ်အောင်ဆန်းစုကြည် အမေရိကကို ရောက်တော့မှ သိရပါတော့တယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကခရီးစဉ်မှာ လဲ VOA သတင်းဋ္ဌာနကို သွားလည်ပတ်ပါတယ်။ အဲဒီမှာ အင်္ဂလန်တုန်းက သတင်းမေးခဲ့တဲ့ သတင်းထောက်လဲပါတာပေါ့။ သတင်းထောက်က ဂုဏ်ယူစွာနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြောတဲ့ စကားကတော့ အမေစုရေ…. အရင်က ကျမ မြန်မာစကား ကောင်းကောင်းမတတ်ပေမယ့် အခုဆိုရင် စကားအပြင် စာပါဖတ်တတ်နေပြီရှင့်တဲ့။ သတင်းထောက်ရဲ့ စိတ်ကိုတော့ ချီးကျူးမိတာ အမှန်ပါ။ အပြောခံခဲ့ရတာကို အပြစ်လို့မမြင်ပဲ အမှန်လို့လက်ခံပြီးရအောင် ကြိုးစားတဲ့ စိတ်ဓာတ်လေးက ချစ်စရာပါ။
မြန်မာတွေဖြစ်နေသလို ထားဝယ်များလဲဖြစ်နေတာကို စာရေးသူကြုံရဖူးပါတယ်။ ထားဝယ်မိသားစု (အနည်းစု) များဟာ သူတို့သားကို ပြုစုပျိုးထောင်တဲ့နေရာမှာ လွဲသွားတာလေးကို ပြောပြချင်တာပါ။ မိသားစုတစ်စုပြောတဲ့ စကားကကျမသား မြန်မာစကားမပီပဲနဲ့ မြန်မာကြားမှာ စကားပြောနေတာ အရမ်းရှက်တာပဲတဲ့။ ဒါကြောင့် သားကို မြန်မာစကားပီပီသသ ပြောတတ်အောင် မြန်မာစကားပဲ ပြောခိုင်း ထားပါသတဲ့။“  တကယ်တော့ စကားဆိုတာ ဆက်သွယ်တဲ့နေရာမှာ လူသိအောင်လုပ်ပေးတဲ့ သင်္ကေတ တစ်ခုသက်သက်ပါ။ ဒီထက်ဘာမှ မပိုပါဘူး။ စကားကို ပီပီသသပြောတတ်မှ လူနားလည်တယ်ဆိုတာလဲ မဟုတ်ပါဘူး။ ဆိုလိုချက်ကို အပြောခံရသူသိရင်ပြီးတာပါပဲ လူကြီးလူကောင်းဖြစ်သူများဟာ စကားပီတယ် မပီဘူးဆိုတာကို ဘယ်တော့မှ မပြောကြပါဘူး။ သူတို့ကောင်းကောင်းသိပါတယ်။
အခုဆက်သွယ်လာသူဟာ သူတို့လို မိခင်ဘာသာစကားပြောတတ်သူ မဟုတ်ဘူးဆိုတာကိုပေါ့။

“စကားအသုံးအနှုံးမှားရင်တော့ လူကြီးသူကောင်းများက ပြင်ပေးတတ်ပါတယ်။ အပြစ်တော့မပေးတတ်ပါဘူး ဒါက လူကြီးလူကောင်းများမှာ ရှိတတ်တဲ့ အကျင့်ကောင်းတစ်ခုပါ။”
ကိုယ်ပြောချင်တဲ့အကြောင်းအရာတစ်ခုကို သူတို့သိရင်ပြီးသွားတဲ့ကိစ္စမှာ ဘာဖြစ်လို့ ကိုယ့်မိခင်ဘာသာစကားကို မေ့လိုက်ရမှာတဲ့လဲ။ သူများစကားကို ပီပီသသပြောတတ်တာဟာ ဂုဏ်ယူစရာပါ။ ဒါပေမယ့် ကိုယ်ပိုင်စကားကို မပြောတတ်တာ မေ့သွားတယ်ဆိုတာဟာ ဂုဏ်ယူစရာတစ်ခု မဟုတ်ပါဘူး။

တချို့ထားဝယ်များ ပြောတဲ့စကားကို ကြားမိတာလေးရှိပါသေးတယ်။ ရန်ကုန်မှာနေတာကြာလို့ ထားဝယ်စကား မေ့သွားတယ်ဆိုတာမျိုးပေါ့။ စာဖတ်သူများကို စာရေးသူရဲ့ အတွေ့အကြုံလေးကို အသိပေးလိုက်ပါရစေ။ စာရေးသူလဲ ကံကောင်းထောက်မစွာနဲ့ ရန်ကုန်မှာကြီးပြင်းလာခဲ့ရသူပါ။ လူကြီးတွေရဲ့အမြင်ကျယ်မှုကြောင့် ထားဝယ်တွေနဲ့ ဝေးတဲ့နေရာမှာနေပြီး မြန်မာများနဲ့ပဲ ပေါင်းသင်း ဆက်ဆံခဲ့ရပါတယ်။ နှစ်တွေကြာလာတာနဲ့အမျှ မိခင်ဘာသာစကားဖြစ်တဲ့ ထားဝယ်စကားကို မေ့သလိုဖြစ်သွားပါတယ်။ မြန်မာကြားမှာနေတာကြာတော့ ကိုယ့်စကားကို အသုံးချဖို့ အခွင့်အရေး မရတာကြောင့်ပေါ့။ မိတ်ဆွေများကလဲ စာရေးသူကို ထားဝယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ပါဘူး။ မြန်မာတစ်ယောက်လို့ပဲ ထင်ခဲ့ကြတာပါ။ အမှန်အတိုင်းဝန်ခံရမယ်ဆိုရင် မြန်မာကြားမှာ ကြီးပြင်းခဲ့တဲ့ စာရေးသူဟာ ထားဝယ်စကားကို တကယ့်ကို ကောင်းကောင်း မပြောတတ်ခဲ့ပါဘူး။

ဒါပေမယ့် အသားထဲမှာ စီးနေတဲ့ သွေးဟာ ထားဝယ် မိဘများရဲ့သွေးပဲဖြစ်တာမို့ စာရေးသူထားဝယ်စကားကို ပီပီကြီးကိုပြန်ပြော တတ်ခဲ့သူပါ။ လွယ်လွယ်နဲ့တော့ ရခဲ့တာ မဟုတ်ပါဘူး။ ကျင့်ခဲ့ရသလို အချိန်တွေလဲ ယူခဲ့ရပါတယ်။ လိုချင် ဖြစ်ချင်တဲ့စိတ်က အရာရာကိုရအောင် စွမ်းဆောင်ပေးခဲ့တယ်ပြောရင် ရမယ်ထင်ပါတယ်။ စာရေးသူဟာ ထားဝယ် များနဲ့အတူ သုံးနှစ်လောက် ထားဝယ်စကားကိုပြန်သင်ရင်း ပြောရင်းနဲ့ မိခင်လျှာကိုပြန်တပ်ခဲ့ရသူပါ။အခုဆို မြန်မာစကားမပီတော့တဲ့ ထားဝယ်သားကြီးဖြစ်နေပြီလေ။ မိခင်စကားကို ဂုဏ်ယူဆဲပါ။ဘာဖြစ်လို့လဲဆိုတော့ မိခင်ကို ချစ်လို့ပါပဲ။

စာရေးသူတွေ့ရဖူးတဲ့ ထားဝယ်သားကြီးအကြောင်းကို စာဖတ်သူသိအောင် ပြောခွင့်ပြုပါဦး။ ထားဝယ်သားကြီးဟာ ထားဝယ်ကနေ ရန်ကုန်ကိုပြောင်းသွားတဲ့ နှစ်တွေဟာ ဆယ်စုနှစ်များစွာကိုကျော်လို့ သမီးရဲ့ခေါင်းပေါ်မှာ ရှိတဲ့ ဆံပင်တောင် ဆေးဆိုးစရာမလိုပဲ အဖြူရောင်သန်းနေပါပြီ။ ဒါပေမယ့် ထားဝယ်သားကြီးကတော့ ထားဝယ်မြေ ထားဝယ်စကား ထားဝယ်ယဉ်ကျေးမှုကို အသက်လောက်ချစ်ခင်နေဆဲဆိုတာ သူပြောနေတဲ့စကားက သက်သေခံနေပါတယ်။ ထားဝယ်သားကြီးမှာ သမီးများနဲ့ သားဆိုတာရှိပါတယ်။ “သူ့ရဲ့သီအိုရီကတော့ ထားယ်ဖြစ်နေလို့ ကိုယ့်ဟာကိုယ်အပြင်မှာ ဘယ်လိုစကားမျိုးကိုပဲ သုံးခဲ့သုံးခဲ့ အိမ်ရောက်ရင်တော့ ထားဝယ်စကားပဲ ပြောရမယ်တဲ့လေ။ တကယ်လဲ ကျင့်သုံးခဲ့သူပါ။ သူရဲ့သားသမီးတွေထဲမှာ ထားဝယ်ကို မရောက်ဖူးသေးတဲ့ သူများရှိသေးတယ်ပြောရင် စာဖတ်သူများ အံ့သြမလားပဲ။ ထားဝယ်ကို တစ်ခါမှ မရောက်ဖူးပေမယ့် ထားဝယ်စကားကို ကောင်းကောင်း ပြောတတ်နေတယ်ဆိုတာကတော့ သေချာမက သေချာနေပါတယ်။
“ထားဝယ်သားကြီး ဂုဏ်ယူစွာပြောတတ်တဲ့ စကားကတော့ သူပြောလိုက်တဲ့စကားကို ကြားပြီးသူ့ကို ထားဝယ်သားပါလို့ လူတွေသိသွားရင် အရမ်းဂုဏ်ယူပါသတဲ့။” စာဖတ်သူများကရော ဘယ်လိုသဘောရှိပါသလဲ။ တကယ်တော့ လူမျိုးတစ်မျိုး ဆက်လက်ရှင်သန်အောင်ဆိုရင် စကားဟာ တကယ့်ကိုအရေးကြီးပါတယ်။ စာမရှိတာက စကားမရှိတာလောက် အရေးမကြီးပါဘူး။ စကားဆိုတာရှိနေသရွေ့ စာဆိုတာ အချိန်မရွေးဖေါ်ထုတ်လို့ရတယ်ဆိုတာကို စာဖတ်သူများ မမေ့ပါနဲ့။
စာရေးသူနဲ့ စာဖတ်သူများ ကိုးကွယ်နေတဲ့ ဗုဒ္ဓရဲ့ အတွေးအခေါ်နဲ့ အလုပ်လေးတွေကိုပါ မျှလိုက်ပါရစေဦး။ ဗုဒ္ဓရဲ့ လမ်းစဉ်ကိုကြည့်မယ် ဆိုရင် လောကတ္ထစရိယ=လူသားများကောင်းကျိုးရစေဖို့၊ ဉာတတ္ထစရိယ= ဆွေမျိုးများ ကောင်းကျိုးရစေဖို့နဲ့ ဗုဒ္ဓတ္ထစရိယ=ကိုယ်တိုင်သိဖို့များပါပဲ။ နောက်ကနေပြန်ကြည့်မယ်ဆိုရင် လူသားအကျိုး ဆွေမျိုးအကျိုးကို ဆောင်ဖို့ဆိုရင် ကိုယ်တိုင်ကျင့်ပြီးသိနေရမှာပါ။ ဗုဒ္ဓဟာ လူသားများအပေါ်မှာ အလေးထားခဲ့သလို ဆွေမျိုးများအပေါ်မှာလဲ အလေးထားခဲ့တယ်ဆိုတာ လွန်ခဲ့တဲ့နှစ် (၂၆၀၀) လောက်ဖြစ်ခဲ့ အဖြစ်အပျက်တွေက သက်သေပြလျက်ရှိပါတယ်။ ဗုဒ္ဓလက်ထက်တော်တုန်းက သာဝတ္ထိပြည့်ရှင် ကောသလ မင်းကြီးဆိုတာ ရှိခဲ့ဖူးပါတယ်။ သာကီနဲ့ အမျိုးတော်ချင်လွန်းတဲ့ မင်းကြီးရဲ့ဆန္ဒက အမှားတစ်ခုကို မွေးဖွားပေးလိုက်သလို ဖြစ်သွားပါတယ်။

သာကီရဲ့ထုံးစံက အမျိုးမတော်သူနဲ့ အမျိုးတော်အောင်လုပ်ဖို့ ဘယ်တုန်းကမှ စိတ်မကူးခဲ့တဲ့ လူမျိုးများပါပဲ။ ဒါကို စောင့်လေမျိုးနွယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် အာဏာစက်ကြီးတဲ့ မင်းကြီးနဲ့ ဆန့်ကျင်ဘက် မလုပ်ချင်တဲ့ သာကီများဟာ ကျွန်မနဲ့ ရခဲ့ဖူးတဲ့ သမီးတစ်ယောက်ကို မင်းကြီးထံ အပ်နှံလိုက်တာပေါ့။ မွေးလာတဲ့ သားလေးက ၀ိဋ!ူဘ တဲ့လေ။ သားတော်လေးရဲ့ အမျိုးသာကီကို တွေ့ချင်တဲ့စိတ်ကတား မရဆီးမရပေါ့။ အရွယ်ရောက်တဲ့အချိန် သွားလည်တော့ သူထိုင်ခဲ့တဲ့နေရာကို နွားနို့နဲ့ ဆေးခဲ့တဲ့အချိန်ကစပြီး ရန်ငြိုးဖွဲ့တော့တာပါပဲ။ ပြီးတော့ သာကီတွေကို အမျိုးဖြုတ်ဖို့ အမြဲစဉ်စားနေသူပေါ့။ တစ်ရက် သာကီတွေကို သုတ်သင်ဖို့ရည်ရွယ်ချက်နဲ့ ကပိလ၀တ္ထုကိုအသွားမှာ ဗုဒ္ဓက နေပူလမ်းမှာ စောင့်နေပါသတဲ့။

မင်းသားလေးတွေ့တော့ မေးတာပေါ့ နေဟာပူပါတယ် ဘာလို့နေပူထဲနေရပါသလဲလို့လေ။ ဖြေကြားတဲ့ စကားလေးကတော့ နေရဲ့ အပူထက် ဆွေမဲ့မျိုးမဲ့တဲ့အရိပ်က ပိုပူပါသတဲ့ ဆိုလိုတာက ဆွေရိပ်မျိုးရိပ်ဟာ ပိုမိုအေးမြတယ်ပေါ့။ မင်းသားလေးလဲ အမျိုးကိုမထိစေလိုတဲ့စိတ်ကြောင့် ဒီလိုမိန့်ကြားတာနေမှာလို့ သဘောပေါက်ပြီး ပြန်လှည့်သွားပါသတဲ့။ (ကံကုန်တဲ့တစ်နေ့မှာတော့ မင်းသားလေးရဲ့လက်ချက်နဲ့ သာကီများအမျိုးတုန်းသွားရတာပေါ့။) ကိုယ့်အမျိုးကို ကာကွယ်ရမယ်ဆိုတာ စောင့်လေမျိုးနွယ်ဆိုတဲ့ အဆုံးအမနဲ့ သတိပေးခဲ့ပါတယ်။ ကိုယ့်ရဲ့အမျိုးကိုစောင့်ဖို့ ဆိုရင် ကိုယ်ပိုင်စကားကို မမေ့အောင်ထိန်းသိမ်းရမှာဖြစ်သလို ကိုယ်ပိုင်ယဉ်ကျေးမှုကိုလဲ တန်ဖိုးထားရမှာပါ။ ဖြည့်သင့် တာကိုဖြည့်တဲ့အတွက် ဆောင်သီလ ရှောင်သီလ ဆိုပြီး နှစ်ပါးရှိတဲ့အထဲမှာ ဆောင်သီလ ကို ပြည့်အောင်ဖြည့်နေ ရာရောက်ပါတယ်။ ကိုယ့်စကား ကိုယ့်ယဉ်ကျေးမှုကို ကိုယ်တိုင်တန်ဖိုး မထားဘူးဆိုရင် ဘယ်သူများတန်ဖိုးထား ဦးမှာတဲ့လဲ။

စကားနဲ့ ယဉ်ကျေးမှုကို တန်ဖိုးထားလိုက်တာနဲ့ တစ်ယောက်နဲ့တစ်ယောက် သွေးရင်းသား ပမာဖြစ်သွားတာမို့ လက်တွဲကူညီသွားဖို့ လိုအပ်လာပါတယ်။ လောကကြီးမှာ တစ်ယောက်ထဲ ရှင်သန်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ လက် တွဲသွားမှသာ ပိုမိုအောင်မြင်သူတစ်ယောက်ဖြစ်လာမှာပါ။ ကိုယ့်ရဲ့အတ္တတစ်ခုကိုပဲ ရှေ့တန်းတင်ပြီး I don’t care and I only care my family လို့ မပြောလိုက်ပါနဲ့။ ရပ်ကွက်မှာပဲဖြစ်ဖြစ် မြို့နယ်မှာပဲဖြစ်ဖြစ် ကိုယ့်မိသား စုတစ်စုပဲ နေတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ အများနဲ့ပေါင်းနေတဲ့လူသားဟာ အများကိုကူဖို့စိတ်ကို မွေးကိုမွေးရမှာပါ။

မြန်မာများပေါ့လျော့ခဲ့လို့ အခုမြန်မာနိုင်ငံ ရခိုင်ဒေသမှာ ဘာတွေဖြစ်နေတယ်ဆိုတာ စာဖတ်သူများသိမှာပါ။ ကိုယ့်မိသားစုတစ်စုတည်းနဲ့ ရပ်ရွာကိုကာကွယ်လို့ မရဘူးဆိုတာသိထားစေချင်ပါတယ်။ ကိုယ့်မိသားစုအရင်က ထက်ပိုမိုအောင်မြင်ချင်တယ် အေးချမ်းစွာနေချင်တယ်ဆိုရင် အားလုံးနဲ့လက်တွဲနိုင်အောင် ကြိုးစားပါ။ ရှေ့ကမသွားနိုင်ရင် နောက်ကလိုက်ပြီး ထောက်ပံ့ပေးပါ။ ရှေ့ကသွားပြီးလုပ်နိုင်တယ်ဆိုရင်လဲ ရှေ့ကသွားပြီး လမ်းမှန်ရောက်အောင် ပို့ပေးပါ။ ရှေ့ကလဲမသွား နောက်ကလဲမလိုက်ပဲ ကန့်လန့်လုပ်ချင်တဲ့စိတ်ကိုတော့ မမွေးပါနဲ့။

ဒေါ်အောင်ဆန်းစုကြည် အမေရိကမှာ ပြောခဲ့တဲ့စကားလေးတစ်ခုကို ပြန်ကြားယောင်မိတယ်။ တိုးမီးရှို့မီးတော့ မလုပ်ကြပါနဲ့လို့လေ။ ပြီးတော့ ပြည်ပရောက်နေတဲ့ မြန်မာများ စည်းလုံးတယ်ဆိုတာကို မကြားဖူးဘူးဆိုတာလေး ကိုပါပေါ့။ အသိဉာဏ်နဲ့ ကမ္ဘာကြီး တိုးတက်အောင်လုပ်နေပါတယ်ဆိုတဲ့ လူသားများမှာ မြင့်မြတ်တဲ့စိတ်ဓာတ် ဘာဖြစ်လို့မရှိနိုင်ရမှာလဲ။ ရှိအောင်လုပ်ရင် ရှိလာနိုင်တဲ့အရာတစ်ခုကို မသိသလိုလုပ်နေမယ်ဆိုရင်တော့ လူသားတာဝန်မကျေသူလို့ပဲ သတ်မှတ်ရမယ်ထင်ပါရဲ့။ ကိုယ့်မိသားစုနဲ့ ကိုယ့်ဆွေမျိုးတွေ အေးချမ်းစွာဘ၀ကို ဖြတ်သန်းစေချင်တယ်ဆိုရင် အမျိုးချစ်တဲ့စိတ်နဲ့ ကိုယ့်ဘာသာ ကိုယ့်စကား ကိုယ့်ယဉ်ကျေးမှုကို ကာကွယ်ပြီး အချင်းချင်းလက်တွဲသွားဖို့ပဲရှိတာပါ။ “ကမ္ဘာကျော် မာသာထရေစာ ပြောတဲ့စကားလေးကလဲ မှတ်သားစရာပါ။ သူလုပ်နိုင်တာကို သူများမလုပ်နိုင်ဘူးတဲ့၊ သူများလုပ်နိုင်တာကို သူမလုပ်နိုင်ခဲ့ဘူးတဲ့။ ဒါပေမယ့် အချင်းချင်းသာ လက်တွဲလုပ်ဆောင်သွားရင် ရည်မှန်းထားတဲ့ ပန်းတိုင်ကို ရောက်နိုင်ပါသတဲ့လေ။”
ဗိုလ်မှူး ဗထူး
ဗိုလ်မှူး ဗထူး

စာဖတ်သူရဲ့ အသားထဲမှာ စီးဆင်းနေတဲ့ သွေးဟာ နီရဲပြီး ထားဝယ်သွေးစစ်မယ်ဆိုရင် မျိုးချစ်ပြီး သတ္တိရှိနေမယ်ဆိုတာ စာရေးသူ ရဲရဲကြီး ယုံကြည်ပါတယ်။ ထားဝယ်စကားနဲ့ ထားဝယ်ယဉ်ကျေးမှုကို ထိန်းသိမ်းရင်း အချင်းချင်းလက်တွဲနိုင်သူလို့ပါ ထပ်ဆင့် ယုံကြည်လိုက်ပါတယ်။ ထားဝယ်ထဲမှာ နောက်ဆုံးသူရဲကောင်းဖြစ်တဲ့ ဗိုလ်မှုးဗထူးရဲ့သွေးဟာ ရဲပြီးနီနေပါတယ်။ ဒါဟာ ထားဝယ်သွေးအစစ်ပါ။ ပြီးတော့ အမျိုးကိုလဲ ချစ်ပြီး သတ္တိရှိကြောင်းလဲ ပြသွားပါတယ်။ စာဖတ်သူများကရော ဗိုလ်မှုးဗထူး မွေးဖွားကြီးပြင်းလှုပ်ရှားခဲ့တဲ့နယ်က ထားဝယ်သား မဟုတ်ဘူးလား။ ဘာဖြစ်လို့ သူ့လို သတ္တိရှိပြီး အမျိုးချစ်ကြောင်း ညီညွတ်အောင်လုပ်နိုင်ကြောင်းမပြနိုင်ရမှာလဲ။ စာဖတ်သူသာ ဗိုလ်မှုးဗထူး သုံးခဲ့တဲ့ ထားဝယ်စကားကို သုံးနေသူဖြစ်နေမယ်ဆိုရင်တော့ စာဖတ်သူများလဲ သူရဲကောင်းများပါပဲလေ။
သမိုင်းပေးတာဝန်ကျေသူများဖြစ်ပါစေ
ဦးဉာဏ၀ရ
၁၄၊ ၁၀၊ ၂၀၁၂

0 comments:

Post a Comment