Sunday, October 28, 2012

ကော့သောင်း ကျောက်မီးသွေးစက်ရုံ ထောက်ခံပွဲ NLD နှင့် ကြံ့ခိုင်ရေး ပါတီဝင်များ ပါဝင်



ထားဝယ်၊ အောက်တိုဘာ ၂၈

မြန်မာနိုင်ငံတောင်ပိုင်း ကော့သောင်းမြို့တွင် စတင်စမ်းသပ် လည်ပတ်နေပြီဖြစ်သော ၈ မဂ္ဂါဝပ်ရှိ ကျောက်မီးသွေး စက်ရုံကို ထောက်ခံပွဲတစ်ရပ်ပြုလုပ်ခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ ပါဝင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

လျှပ်စစ်မီတာခ ဈေးနှုန်း ပိုမို သက်သာစွာဖြင့် သုံးစွဲနိုင်ရေးအတွက် ဆန့်ကျင်မှုများနှင့် ကြုံတွေ့နေသော ယင်း စက်ရုံကို ပလုံးတုံတောင်းကျေးရွာမှ ရွာခံများနှင့် ပူးပေါင်း ထောက်ခံဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း ယင်းဆန္ဒပြပွဲ ဦးဆောင်သူ ဦးခင်အောင်က ပြောကြားသည်။

ဆန္ဒထုတ်ဖော်ပွဲကို အောက်တိုဘာ ၂၄ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး ကော့သောင်းမြို့မရပ်ကွက်တစ်ခုဖြစ်သော ပိတောက်ရွှေဝါရပ်ကွက်၊ Garden ဟိုတယ် အနီးရှိ စည်ပင်ရုံးအနီမှ စတင်ထွက်ခွာပြီး မြို့မရပ်ကွက်(၅) ကွက်သို့ နှစ် နာရီခန့်အကြာ လှည့်လည်ခဲ့သည်။

စက်ရုံကို ဆန့်ကျင်သည့် ဆန္ဒပြပွဲတစ်ရပ်ကို အောက်တိုဘာ ၁၆ ရက်နေ့တွင် ဒီမိုကရက်တစ်ပါတီ (မြန်မာ) နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ ဦးဆောင်ပြုလုပ်ခဲ့ပြီး ယင်းဆန့်ကျင်ပွဲတွင် NLD မပါရှိခဲ့ပေ။

ကော့သောင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ်သည် ကော့သောင်း ကျောက်မီးသွေး စက်ရုံကိစ္စတွင် ပါဝင်ပတ်သက်ခြင်းမရှိဟု အောက်တိုဘာလ ၃ ရက်နေ့တွင် မြို့နယ် ညီလာခံ ကျင်းပရေး ကော်မရှင်မှ ကြေညာချက် ထုတ်ပြန်ထားသည်။

“ပါတီဝင်တွေပါပေမဲ့ ပါတီကိုကိုယ်စားပြုပြီးပါဝင်တာမဟုတ်ဘူး၊ ကျေးရွာလူထုအကျိုး အတွက်ပါဝင်တာပါ” ဦးခင်အောင် ကဆိုသည်။

ယင်း ထောက်ခံ ဆန္ဒပြပွဲကို ကျောက်မီးသွေး စက်ရုံလည်ပတ်နေသော သန်းဖြိုးသူ ကုမ္ပဏီ ကမကထပြုမှုဖြင့် ပြုလုပ်သည်ဟု စွပ်စွဲချက်များ ရှိသော်လည်း စက်ရုံမန်နေဂျာ ဦးလှမော်က ယင်းသတင်း မဟုတ်မှန်ကြောင်း ငြင်းဆိုထားသည်။ 
 
Dawei Watch/ The Voice Daily Newsletter

0 comments:

Post a Comment