Saturday, October 6, 2012

ကျွန်မရောက်ခဲ့တဲ့ ထားဝယ်မြို့ (နိုင်းနိုင်းစနေ)




တစ်ပတ်ကျော်ကြာ ကျွန်မနေခဲ့တဲ့ ထားဝယ်မြို့အကြောင်း ကျွန်မသိမြင်ကြားခဲ့ရသမျှကို မျှဝေချင်ပါတယ်။ အားလုံးသိပြီးတဲ့အတိုင်း ထားဝယ်မြို့က မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီကမ်းရိုးတန်းပေါ်မှာ တည်ရှိတဲ့ မြို့လေးတစ်မြို့ဖြစ်ပြီး အရင်က တနသာင်္ရီတိုင်းရဲ့မြို့တော်ဖြစ်ခဲ့ဖူးပါတယ်။ (အခုတော့ မြိတ်မြို့က မြို့တော်ဖြစ်သွားပြီလို့ ဆိုပါတယ်) ထားဝယ်မြို့ကို တောင်တွေနဲ့ လေးဖက်လေးတန် ဝန်းရံထားတယ်ဆိုပေမယ့် အပူပိုင်းဒေသ၊ ပင်လယ်ကမ်းခြေနဲ့ နီးတဲ့အတွက် ရာသီဥတုက ပူအိုက်စွတ်စိုပါတယ်။ ကျွန်မရောက်ခဲ့တဲ့ နိုဝင်ဘာလမှာတောင် ထားဝယ်က ရန်ကုန်နီးနီး ပူနေဆဲဖြစ်တယ်။

ပင်လယ်နဲ့နီးတာမို့ ထားဝယ်မြို့က ဆောင်းဝင်ရင် အရှေ့လေအရမ်းတိုက်တယ်လို့ ဆိုပါတယ်။ လေတော်တော်ကြမ်းတဲ့အတွက် ဆောင်းရောက်ရင် (ကျွန်မတို့ဖက်က နွေရာသီလို) မီးဘေးအန္တရာယ် အမြဲ ကြုံရတယ်လို့ဆိုတယ်။ ဒါကြောင့် ချက်ပြုတ်ပြီး မီးကြွင်းမီးကျန်မထားဖို့၊ မီးဘေးအန္တရာယ်ကာကွယ်ဖို့ ညနေညခင်းတွေမှာ လော်စပီကာနဲ့ ဆော်သြနေတာကို တွေ့ခဲ့ရတယ်။

ထားဝယ်မှာနေထိုင်ကြတဲ့ တိုင်းရင်းသား၊ လူမျိုးကွဲတွေအားလုံး ထားဝယ်စကားကိုပဲ သုံးနှုန်းပြောဆိုကြတာ တွေ့ခဲ့တယ်။ ဗမာစကားကိုတော့ လိုအပ်မှပြောကြတယ်။ ထားဝယ်မှာပဲ ကြီးပြင်းခဲ့သူတွေပြောတဲ့ ဗမာစကားက တော်တော်လေးဝဲတာကို တွေ့ခဲ့တယ်။ ထားဝယ်စကားက အင်းသားစကားနဲ့ တော်တော်ဆင်တာမို့ ကျွန်မအတွက် သိပ်ပြဿနာ မရှိခဲ့ပါဘူး။

ပင်လယ်နဲ့နီးတဲ့အတွက် ဆားငန်ရည်နဲ့ အပူပိုင်းဒေသကိုကြိုက်တဲ့ အုန်းပင်၊ ထန်းပင်၊ ဂွမ်းပင်နဲ့ ဓနိပင်တွေကို ထားဝယ်မြို့ ပတ်ဝန်းကျင်အနှံ့မှာ တွေ့ခဲ့ရတယ်။ ဒါ့အပြင် သီဟိုပင်၊ ကြက်ပေါင်ပင်တွေကိုလည်း တွေ့ခဲ့တယ်။ "ထားဝယ်မြို့သည် မြန်မာနိုင်ငံ၏ ဆီအိုးကြီးဖြစ်သည်" ဆိုတဲ့ ဆိုင်းပုဒ်ကိုလည်း လမ်းဘေးတစ်နေရာမှာ တွေ့ခဲ့ပါတယ်။

ထားဝယ်မှာ မြို့မဈေးနဲ့ ကမ်းနားဈေးဆိုပြီး ဈေးနှစ်ဈေးရှိပါတယ်။ မြို့မဈေးက မြို့လယ်မှာရှိပြီး ကမ်းနားဈေးက ထားဝယ်မြစ်ဘေးမှာရှိပါတယ်။ ကမ်းနားဈေးက ရေထွက်ပစ္စည်းတွေဖြစ်တဲ့ ငါး၊ ပုစွန်တွေကို အဓိကထား ဖြန့်ဖြူးရောင်းချတဲ့ နေရာဖြစ်တယ်။

ကမ်းနားဈေးမှာ ကျွန်မမမြင်ဖူးတဲ့ အမည်မသိငါးကြီးတွေအပြင် ငါးခြောက်၊ ပုစွန်ခြောက်၊ ထားဝယ်ငါးချဉ်တွေကို ဈေးနှုန်းချိုချိုသာသာနဲ့ ဝယ်ယူနိုင်ပါတယ်။


ဗုဒ္ဓဘာသာနိုင်ငံပီပီ ထားဝယ်မြို့နဲ့ အနီးဝန်းကျင်မှာ ဘုရားစေတီနဲ့ ဘုန်းကြီးကျောင်း တော်တော်များများကို တွေ့ခဲ့ရတယ်။ ကျွန်မတို့ရောက်တဲ့အချိန် ထားဝယ်မြို့မှာ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ အနှစ်(၁ဝဝ)ပြည့် ကျင်းပတဲ့အချိန်ဖြစ်တယ်။

နေ့ဖက်မှာ နှစ်ဆယ့်ရှစ်ဆူသော ဘုရားတွေကို ကျောင်းဝင်းတစ်ခုထဲမှာထားပြီး ဘုရားပွဲကျင်းပပါတယ်။ လပြည့်ညရောက်မှ ဘုရားနှစ်ဆယ့်ရှစ်ဆူကို အလှယာဉ်ပေါ်တင်ပြီး အပေါ်အောက် အဖြူရောင် ဝတ်ဆင်ထားကြတဲ့ ကျောင်းသား၊ အရပ်သားတွေနဲ့ ထားဝယ်တစ်မြို့လုံးကို ညလုံးပေါက် လမ်းလျှောက်လှည့်လည် ပူဇော်ကြပါတယ်။ ဘုရားကြွရာ လမ်းဘေးဝဲယာတွေမှာ ယုံကြည်ကိုးကွယ်သူတွေနဲ့ စည်ကားသိုက်မြိုက်ခဲ့ပါတယ်။ အနီးပတ်ဝန်းကျင်မြို့ရွာက ဘုရားဖူးသူတွေနဲ့ လပြည့်ညမှာ နှစ်ကျိပ်ရှစ်ဆူ အနှစ်(၁ဝဝ)ပြည့် ဘုရားပွဲက ကျိတ်ကျိတ်တိုး စည်ကားခဲ့ပါတယ်။ရှေးဟောင်းသမိုင်းဝင် ဘုရားတွေက ထားဝယ်မြို့ ပတ်ဝန်းကျင်မှာ အများအပြားရှိနေခဲ့ပါတယ်။ ပုံထဲက ဘုရားတော်တော်များများကို ကျွန်မတို့ သွားရောက်ဖူးမြော်ခွင့်ရခဲ့တယ်။ထားဝယ်မြို့ရဲ့ နာမည်ကြီးဘုရားတစ်ဆူဖြစ်တဲ့ ရှင်မုထ္တီးဘုရားဖြစ်ပါတယ်။ ဘုရားကျောင်း တော်တော်များများမှာ ဘုရားရာဇဝင်တွေကို ပုံနှင့်တကွ ရေးသားမှတ်တမ်းတင်ထားတာကို တွေ့ခဲ့ရတယ်။ ပုံမှာတွေ့ရတာက ရူးသွပ်ခြင်းကို ပျောက်စေတဲ့ သစ္စာတော်ဆေးအိုးဖြစ်ပါတယ်။
ထားဝယ်မှာနေထိုင်ကြသူအများက ဗုဒ္ဓမြတ်စွာဘုရားကို ကိုးကွယ်ယုံကြည်ကြသလို တရုတ် နတ်ဘုရားတွေကိုလည်း ကိုးကွယ်ကြတယ်။ ကျွန်မတို့ရောက်တုန်းက ထားဝယ်မှာရှိတဲ့ စောစီကုန်းပူဇော်ပသပွဲနဲ့ ဘုရားကျောင်းဖွင့်ပွဲ ကြုံခဲ့ပါတယ်။

ပထမဦးဆုံး စောစီကုန်းကျောင်းထဲမှာရှိတဲ့ ခြင်္သေ့နဲ့နဂါးကို မျက်စိဖွင့်ပွဲ ပြုလုပ်ပြီး ခြင်္သေ့အက၊ နဂါးအကနဲ့ စောစီကုန်းနတ်မင်းတွေကို ပူဇော်ခဲ့ကြတယ်။

နတ်ဘုရားတွေကို ထမ်းစင်နဲ့ထမ်းပြီး တစ်မြို့လုံး လှည့်လည်အပူဇော်ခံခဲ့ပါတယ်။ နတ်ဘုရားရုပ်တု ထည့်ထားတဲ့ထမ်းစင်က လှည့်လည်အပူဇော်ခံရာမှာ တစ်လမ်းလုံး ဘယ်ညာယိမ်းခါနေတာကို မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ပါတယ်။ နတ်တွေက အရမ်းတန်ခိုးကြီးတယ်လို့ ဆိုပါတယ်။ နတ်အသီးသီးက လူကိုယ်ခန္ဓာထဲ ဝင်ပူးပြီး ရောဂါရှိသူ၊ မကျန်းမာသူတွေကို ဆေးကုသပေးတယ်လို့ ဆိုတယ်။

ကျားနတ်ဝင်နေသူတစ်ဦး

တစ်မူးရှိလို့ တစ်ပဲလှူတဲ့... ရှမ်းတောင်သူတွေမှ မဟုတ်ပါဘူး။ မြန်မာလူမျိုးတိုင်းက ရောက်ရာအရပ်မှာ အလှူရေစက် လက်နဲ့မခွါခဲ့ကြပါဘူး။ အခုလည်း အမေရိကန်ရောက် ထားဝယ်လူငယ်တွေရဲ့ အလှူတစ်ခုကို အလှူရှင်တွေကိုယ်စား မိဘအုပ်ထိန်းသူတွေက သီလရှင်ကျောင်းတစ်ကျောင်းမှာ (ကျောင်းနာမည်မေ့နေတယ်) ပြုလုပ်ပေးခဲ့သလို ဆောက်လက်စ အာယုဒါန ဆေးရုံတော်မှာလည်း ပြုလုပ်ခဲ့ပါတယ်။ (သီလရှင်ကျောင်းမှာ လုပ်တဲ့အလှူက ထားဝယ်လူငယ်တွေရဲ့ (၆)ကြိမ်မြောက်အလှူ ဖြစ်ပါတယ်)

မောင်းမကန်သွားတဲ့ဖက် မြို့ပြင်တစ်နေရာမှာ ထားဝယ်တက္ကသိုလ်တည်ရှိပါတယ်။ ခါးကျော်ကျော် မြက်ရိုင်းတွေကြားမှာ တက္ကသိုလ်ကို ခမ်းနားထည်ဝါအောင် ဆောက်ထားပေမယ့် (ကျောင်းပိတ်ရက်မို့ထင်) လူတစ်ဦးတစ်ယောက်မှ မတွေ့ခဲ့မိပါဘူး။

ထားဝယ်မှာ ရှင်မတောင်သနပ်ခါးတုံးနဲ့ သနပ်ခါးသွေးလိမ်းကြတာ နည်းပါတယ်။ ကသစ်ဖုတွေသာ သွေးလိမ်းကြတာကြောင့် ဈေးထဲမှာ ကသစ်ဖုတွေ ဒီလိုပုံရောင်းနေတာ တွေ့ခဲ့တယ်။ ဆေးဖက်ဝင် ကသစ်ဖုပဲ လိမ်းကြလို့လား၊ ရေမြေကောင်းလို့ပဲလားမသိ ထားဝယ်သူတွေရဲ့ အသားအရည်က အိစက်ချောမွတ် လှပနေပါတယ်။

ထားဝယ်မြို့က ဖုန်တစ်ထောင်းထောင်း လမ်းဆိုးတွေနဲ့ ပူပြင်းလှပတယ်ဆိုပေမယ့် အစားပုပ်သူပီသတဲ့ကျွန်မ ထားဝယ်အစားအစာကို စိတ်အဝင်စားဆုံးဖြစ်ခဲ့တယ်။ ဒေသကွဲတွေမှာ သူ့ဒေသအလိုက် ရိုးရာအစားအစာတွေက ရှိစမြဲဖြစ်တယ်။

ထားဝယ်မြို့ရဲ့ နာမည်ကြီး ရိုးရာအစားအစာတစ်ခုက မုန့်လက်သုပ်လို့ ဆိုပါတယ်။ မုန့်လက်သုပ်ဆိုလို့ အသုပ်လို့တော့ မထင်လိုက်ပါနဲ့... ကျွန်မတို့ စားနေကြ အာပူလျှာပူလို ပုံစံဖြစ်တယ်။ မုန့်လက်သုပ်က ဓနိရည်နဲ့ချက်ထားကြောင့် ချဉ်စပ်စပ် အရသာရှိတယ်။ ငါးအသား၊ ငါးဥတွေနဲ့ ရှမ်းနံနံနိုင်နိုင်ထည့်ပြီး စားရတဲ့ မုန့်လက်သုပ်ကို တစ်ခြားအစာတွေထက် ကျွန်မပိုကြိုက်မိပါတယ်။

ထားဝယ်မှာ ထားဝယ်မုန့်ဟင်းခါးနဲ့ ရန်ကုန်မုန့်ဟင်းခါးဆိုပြီး မုန့်ဟင်းခါးနှစ်မျိုးရှိပါတယ်။ ထားဝယ်မုန့်ဟင်းခါးက မုန့်ဖတ်များပြီး ဟင်းရည်နည်းနည်းနဲ့ စားကြသလို မုန့်ဟင်းခါးထဲ ကောက်ညှင်းပေါင်းနဲ့ ပဲပြုတ်ထည့်ပြီး စားကြပါသေးတယ်။ မုန့်ဟင်းခါးထဲထည့်တဲ့ ငှက်ပျောအူကို နုတဲ့ငှက်ပျောခေါက်ကိုမယူဘဲ အလယ်အူတိုင်ကိုပဲ ဆီပြန်ဟင်းလို ချက်ထားပါတယ်။ မုန့်ဖတ်ထည့်၊ ဟင်းရည်နည်းနည်းထည့်ပြီး ငှက်ပျောအူတိုင်ဆီချက်ကို အပေါ်မှာထည့်ပေးပါတယ်။ ထားဝယ်မုန့်ဟင်းခါးထဲမှာ ဘာအကြော်မှ ထည့်မစားကြပါဘူး။ ဟင်းရည်နည်းတဲ့အတွက် အသုပ်နဲ့တူနေပါတယ်။ နဂိုကတည်းက မုန့်ဟင်းခါးသိပ်မကြိုက်တဲ့ ကျွန်မအတွက် ထားဝယ်မုန့်ဟင်းခါးကို စားဖူးရုံပဲ စားခဲ့ပါတယ်။ (ပုံရိုက်ဖို့တောင် မေ့သွားတယ်)
ထားဝယ်ရိုးရာမုန့်တချို့ကို ဘုရားဖူးအသွားမှာ စားခဲ့ရတယ်။ ပုံထဲမြင်ရတာက မုန့်သပေါင်းလို့ခေါ်တဲ့ မုန့်ဖြစ်တယ်။ ကောက်ညှင်းမှုန့်ကို နှမ်း၊ အုန်းနို့နဲ့နယ် ဓနိဖက်နဲ့ထုပ်ပြီး ဖုတ်ထားတာဖြစ်တယ်။ ဓနိနံ့သင်းသင်းလေးနဲ့ စားလို့တော်တော်ကောင်းပါတယ်။ လတ်လတ်ဆတ်ဆတ် နွားနို့စစ်စစ်နဲ့ အင်မတန် လိုက်ဖက်ပါတယ်။
ဒါက မုန့်ဆီကြော်(ထားဝယ်အခေါ် ဒိုခွါ)နဲ့ ကောက်ညှင်းဆနွင်းမကင်းလို့ ဆိုပါတယ်။ မုန့်ဆီကြော်ထဲမှာ အုန်းသီးတွေထည့်ထားပါတယ်။ ဆီတွေရွဲနေတာမို့ ကျွန်မ မစားခဲ့ပါဘူး။ အုန်းပင်တွေ ပေါတဲ့အတွက်ကြောင့်လား ထားဝယ်မုန့်တော်တော်များများမှာ အုန်းသီးတွေပါနေတတ်တယ်။ အပူများတဲ့အတွက် အုန်းသီး၊ အုန်းနို့ပါတဲ့ တစ်ခြားရိုးရာမုန့်တွေကို ကျွန်မ မစားခဲ့ရပါဘူး။

ပင်လယ်နဲ့နီးတာမို့ ထားဝယ်မြို့မှာ ပင်လယ်စာကို လတ်လတ်ဆတ်ဆတ် ဈေးနှုန်းချိုချိုနဲ့ ဝယ်စားနိုင်ပေမယ့် ဟင်းသီးဟင်းရွက် ရှားပါတယ်။ ဈေးထဲမှာ ဟင်းသီးဟင်းရွက်တွေ ရောင်းပေမယ့် စုံစုံလင်လင် မတွေ့ခဲ့ရပါဘူး။ ဒေသထွက် ကန်စွန်း၊ချဉ်ပေါင်နဲ့ ပဲတောင့်ရှည်တွေပဲ တွေ့ခဲ့ရတယ်။ ပင်လယ်နဲ့နီးလို့လား မသိပါဘူး... ထားဝယ်အစားအစာတွေက ရှမ်းပြည်သူကျွန်မအတွက် တော်တော်လေး ငန်ပါတယ်။

ဘာပဲဖြစ်ဖြစ် မရောက်ဖူးတဲ့ဒေသ၊ မစားဖူးတဲ့ အစားအစာတွေနဲ့ မကြားမမြင်ဖူးတာတွေကို ကြားသိခံစားခဲ့ရတဲ့ ထားဝယ်မြို့ကို ဒီနေရာမှာချရေးပြီး ကျွန်မလို မရောက်ခဲ့ဖူးသူတွေအတွက် ဝေမျှရင်း အမှတ်တရ သိမ်းထားလိုက်ပါတယ်။

နိုင်းနိုင်းစနေ

0 comments:

Post a Comment