Friday, November 2, 2012

ကော့သောင်းတွင် ကျောက်မီးသွေး အကွဲအပြဲ စတင်ပြီလော

(Dawei Watch)
(Reporting by Tint Lwin၊ Yen Snaing။ Writing by Editor)

ဒေသခံများ နှစ်ရှည် ဆန့်ကျင် ကန့်ကွက်လာခဲ့သော ကော့သောင်း ကျောက်မီးသွေးစက်ရုံ ကို ထောက်ခံသည့် ဆန္ဒပြပွဲတစ်ခု ပြီးခဲ့သည့် ရက်ပိုင်းက ပေါ်လာပြီး  ကျောက်မီးသွေးဆိုင်ရာ သဘောထားကွဲလွဲမှု စတင်နေပြီဖြစ်သည်။

တနင်္သာရီတိုင်းအတွင်းရှိ အဓိက ခရိုင်မြို့ကြီး သုံးခုဖြစ်သော ထားဝယ်၊ မြိတ် နှင့် ကော့သောင်းဒေသတို့တွင် ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံများ အသီးသီး တည်ဆောက်ရန် စီစဉ်၊ တည်ဆောက်၊ လည်ပတ်ခဲ့သည်။

ကော့သောင်းတွင် စတင်စမ်းသပ်လည်ပတ်နေပြီဖြစ်ပြီး မြိတ်ဒေသတွင် စတင်တည်ဆောက်ရန် စီစဉ်လျက်ရှိသည်။ ထားဝယ်ဒေသတွင် တည်ဆောက်ရန် စီစဉ်ထားသည့် ၄၀၀၀ မဂ္ဂါဝပ် ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံမှာ လူထု ကန့်ကွက်မှုကြောင့် ယခုနှစ်ဆန်းပိုင်းတွင် အစိုးရက ရပ်နားခဲ့သည်။

ယင်းတို့အနက် ကော့သောင်းတွင် ထင်ရှားသော အမြင်ကွဲလွဲမှု စတင်ထွက်ပေါ်လာပြီး မည်သည့် အရွေ့စတင် ပေါ်လာမည်နည်းဆိုသည်မှာ စိတ်ဝင်စားဖွယ်ရာဖြစ်သည်။

ဆန့်ကျင်၊ ယင်းနောက် ထောက်ခံ

ကော့သောင်းမြို့တွင်  လူဦးရေ ၅၀ ဖြင့်  ‘ဆန့်ကျင်’ ဆန္ဒပြခွင့် တရားဝင် ရရှိသည့် ဆန္ဒပြပွဲအပြီး ၈ ရက်အကြာ ကျောက်မီးသွေးစက်ရုံ ‘ထောက်ခံ’ ဆန္ဒပြပွဲ တစ်ရပ်ပေါ်လာသည်။

မြန်မာနိုင်ငံ တောင်ဖျား နယ်စပ်ဒေသခ ကော့သောင်းတွင် လျှပ်စစ်မီတာခ ဈေးနှုန်းကြီးမြင့် စွာ  ပေးဆောင်နေရသည်ကို အကြောင်းပြု၍   ပလုံးတုံတောင်း ကျေးရွာလူထုအများစုနှင့် နှင့် ကော့သောင်မြို့ခံ ပါတီဝင် အချို့ပါဝင်ကာ အင်အား ၂၀၀  ဦးမှ  ကျောက်မီးသွေး ဓါတ်အား ပေးစက်ရုံအားထောက်ခံသည့် ဆန္ဒထုတ်ဖော်ပွဲတစ်ရပ်ကို အောက်တိုဘာလ ၂၄ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

ဆန္ဒထုတ်ဖော်ပွဲကို ကော့သောင်းမြို့မရပ်ကွက်တစ်ခုဖြစ်သော ပိတောက်ရွှေဝါရပ်ကွက်၊ Garden ဟိုတယ် အနီးရှိ စည်ပင်ရုံးအနီမှ စတင်ထွက်ခွာပြီး မြို့မရပ်ကွက်(၅) ကွက်သို့ နှစ်နာရီခန့်အကြာ  လှည့်လည်ခဲ့သည်။

ထောက်ခံသည့် အကြောင်းရင်းမှာ လက်ရှိ သုံးစွဲနေသော လျှပ်စစ်မီတာခအောက် လေးဆကွာခြားသောကြောင့်။ ကျောက်မီးသုံးလည်ပါက လက်ရှိနှုန်း တစ်ယူနစ် ကျပ် ရှစ်ရာအစား ကျပ် နှစ်ရာဖြင့်ရမည်။

“ထုတ်လုပ်မှုအဆင့်ရောက်ရင် ဈေးထပ်လျော့ဦးမယ်၊ ဒါကြောင့် ထောက်ခံတယ်”ဟု ယင်းဆန္ဒထုတ်ဖော်ပွဲအား ဦးဆောင်သူ  ပလုံးတုံတောင်းရွာခံ ဦးခင်အောင်က ပြောကြားသည်။

ပလုံးတုံတောင်း ကျေးရွာမှာ ကျောက်မီးသွေး စက်ရုံ တည်ရှိသော ကော့သာင်းမြို့နှင့် ၇ မိုင်ခန့်အကွာတွင်ရှိသော ရေလည်ကျွန်းရွာ တစ်ရွာဖြစ်သည်။

ဆန္ဒထုတ်ဖော်သူများက ‘မီးဖိုချောင်အတွင်းပြေလည်ရေး ကျောက်မီးသွေးဓါတ်အား သုံးစွဲပေး’၊ ‘လုပ်ကိုင်ခွင့်လမ်းအဆင်ပြေရေး ကျောက်မီးသွေးစက်ရုံလည်ပတ်ပေး’၊ ‘ကော့သောင်းဒေသဖွံ့ဖြိုးရေး ကျောက်မီးသွေးစက်ရုံအမြန်လည်ပတ်ပေး’ ဟု ကြွေးကြော်ကြပြီး သန်ြးုဖိုးသူသတ္တူတွင်းလုပ်ငန်းကုမ္ပဏီမှ   ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားကို အသုံးပြုလိုပါသဖြင့် စက်ရုံအား အမြန်ဆုံးလည်ပတ်၍  ဖြန့်ဖြူး ပေးရန်တောင်းဆိုကြသည်။

ယင်းထောက်ခံ ဆန္ဒပြပွဲတွင် ပလုံးတုံတောင်မှ ဒေသခံများ၊ ကော့သောင်း မြို့ပေါ်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်များ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ ပါဝင်ကြောင်း ထောက်ခံပွဲ ဦးဆောင်သူ ဦးအောင်ခင်ထံမှသိရသည်။

ကော့သောင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ်သည် ပြီးခဲ့သည့် ရက်သတ္တပတ် ဆန့်ကျင် ဆန္ဒပြပွဲ ပါဝင်ခြင်းမရှိခဲ့ဘဲ ကော့သောင်း ကျောက်မီးသွေး စက်ရုံကိစ္စတွင် ပါဝင် ပတ်သက်ခြင်းမရှိဟု အောက်တိုဘာလ ၃ ရက်နေ့တွင် မြို့နယ် ညီလာခံ ကျင်းပရေး ကော်မရှင်မှ ကြေညာချက် ထုတ်ပြန်ထားသည်။

“ပါတီဝင်တွေပါပေမဲ့  ပါတီကိုကိုယ်စားပြုပြီးပါဝင်တာမဟုတ်ဘူး။ ကျေးရွာလူထုအကျိုး အတွက်ပါဝင်တာပါ” ဦးခင်အောင် ကဆိုသည်။
ယင်း ထောက်ခံ ဆန္ဒပြပွဲကို ကျောက်မီးသွေး စက်ရုံလည်ပတ်နေသည့် သန်းဖြိုးသူ ကုမ္ပဏီ တစ်နည်း တစ်ဖုံပါဝင်ကြောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ တိုင်းစည်းရုံးရေးမှူး ဦးသန်းထွန်းက ပြောဆိုသည်။

ဦးသန်းထွန်းမှာ ကျောက်မီးသွေး စက်ရုံကို တောက်လျှောက် ဆန့်ကျင်ကန့်ကွက်မှုများတွင် ဦးဆောင်ခဲ့သူ ဖြစ်သည်။

“ကားကြို/ပို့နဲ့ အစားအသောက် အကျွေးအမွေးတွေကို သန်းဖြိုးသူကုမ္ပဏီက ကမကထပြုတယ်”ဟု ဦးသန်းထွန်းက ပြောသည်။

သို့သော် ယင်းကိစ္စနှင့် ပတ်သက်၍ ကုမ္ပဏီ အနေနှင့် ပါဝင်ပတ်သက်မှု မရှိကြောင်း ကျောက်မီးသွေး စက်ရုံ မန်နေဂျာ ဦးလှမော်က ပြောကြားသည်။

“ဒါက သပ်သပ်မဲ့ စွပ်စွဲတာပါ”ဟု ဦးလှမော်က ဆိုသည်။

အုပ်စု နှစ်စု အလွန်
ဒီမိုကရက်တစ်ပါတီ (မြန်မာ) နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ တို့ ဦးဆောင် ဆန့်ကျင်ဆန္ဒပြပြီး ရက်ပိုင်းအကြာ ကျေးရွာတစ်ခုက ဦးဆောင်ပြီး NLD နှင့် ကြံ့ခိုင်ရေး ပါတီဝင်တို့ပါဝင်သော ထောက်ခံ ဆန္ဒပြပွဲ ဖြစ်ပေါ်နေချိန် မကြာသေးမီက ဖွဲ့စည်းထားသော ကော့သောင်းအခြေစိုက် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က မူ ‘ကြားနေ’ ဦးမည်ဟုဆိုသည်။


“ဘယ်လောက်အထိ ဆိုးရွားမှုရှိတယ်။ လူထုအပေါ် ကောင်းကျိုး၊ ဆိုးကျိုးတွေ ဘယ်လောက်ရှိနေလဲဆိုတာ စောင့်ကြည့်စေချင်တယ်။
စက်ရုံလည်ပတ်ပြီး ဆိုးကျိုးတွေ့မှ ပြောရင် ကောင်းလိမ့်မယ်ထင်တယ်” ဟု ၈၈ မျိုးဆက်ကျောင်သားများအဖွဲ့ (ကော့သောင်း) မှ ဦးမင်းလွင်က ပြောသည်။

၈ မဂ္ဂါဝပ် ထုတ်လွှတ်နိုင်မည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံတည်ရှိရာ ကော့သောင်းမြို့ပေါ်နှင့် ၇ မိုင်ကွာဝေးသော ပလုံးတုံတောင်းကျေးရွာမှ ရွာခံများဦးဆောင်ကာ စက်ရုံကို ထောက်ခံနေသော်လည်း ယင်းစက်ရုံအနီး နေထိုင်သူအချို့ကမူ စက်ရုံမရှိစေလိုကြောင်း ပြောဆိုကြသည်။

ကျောက်မီးသွေး စက်ရုံဖြင့်လည်ပတ် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပါက ဈေးသက်သာသော်လည်း စက်ရုံအနီးနေထိုင်သူများကို အန္တရာယ်ရှိနိုင်သဖြင့် မထောက်ခံကြောင်း ကော့သောင်း အမေ့အိမ် ပညာဒါနပညာရေး ကွန်ယက်မှ ဘဏ္ဍရေး မှုး ဦးကြင်စံက ပြောဆိုသည်။

“ကျောက်မီးသွေးစက်ရုံ အကြောင်းသူတို့ (ထောက်ခံဆန္ဒပြသူများ) မသိဘူး။ ဈေးအရမ်းသက်သာတာလည်းပါတယ်။ ဝေးလည်းဝေးတယ်။ နီးတဲ့သူတွေကတော့မကြိုက်ကြဘူး”ဟု ဦးကြင်စံက ပြောသည်။

ထိုင်း-မြန်မာ နယ်ခြား ပါချန်မြစ်ကမ်းနဘေးတွင် ၂၀၁၁ ခုနှစ် ကတည်းက တည်ဆောက်ခဲ့သော ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံကို စတင်မလည်ပတ်မီ ကတည်းက ပါတီအချို့ခေါင်းဆောင်ကာ ဒေသခံများ လက်မှတ်ရေးထိုး အကြိမ်ကြိမ်ကန့်ကွက်ခြင်း၊ တိုင်ကြားခြင်း၊ ဆန္ဒပြ ကန့်ကွက်ခြင်းတို့ အကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။

ကျောက်မီးသွေးစက်ရုံကို ယခုလဆန်းတွင် ပြန်လည် စမ်းသပ်လည်ပတ်ခဲ့ပြီး အသံ၊ အနံ့ စသည်တို့ မထွက်ရှိခဲ့ကြောင်း ကျောက်မီးသွေး စက်ရုံ မန်နေဂျာ ဦးလှမော်က ပြောဆိုထားသည်။

စက်ရုံသည် အစိုးရက ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ဆောင်နေခြင်းဖြစ်ပြီး ပတ်ဝန်းကျင် ထိခိုက်မှုရှိသည်ဆိုပါက ပိတ်သိမ်းခံရမည်သာဖြစ်ကြောင်း ဦးလှမော်က ဆိုသည်။

“ထောက်ခံသည် ဖြစ်စေ၊ ကန့်ကွက်သည်ဖြစ်စေ ထိခိုက်မယ်ဆို အပိတ်ခံရမှာပဲ”ဟု သူကဆိုသည်။

အကွဲအပြဲ
ဆိုးကျိုးကို မလိုလားသဖြင့် စက်ရုံအနီးနှင့် မြို့ခံအချို့က ကန့်ကွက်သည်။ သို့သော် အချို့က လျှပ်စစ်မီး ဈေးနှုန်းသက်သာစွာဖြင့် သုံးစွဲနိုင်ရန် စက်ရုံကို ထောက်ခံသည်။

ဤတွင် ကစားပွဲများ စလာသည်။

ဖွံ့ဖြိုးတိုးတက်မှုများနှင့် အတူ ယင်း၏ ဆိုးကျိုးများကိုပါ အချို့ဒေသများတွင် ခံစားနေရသော ထိုင်းနိုင်ငံတွင်မူ ယင်းကဲ့သို့သော အနေအထားသည် ဖြစ်ရိုးဖြစ်စဉ်ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် လူမှုအဖွဲ့ဖြစ်သော Healthy Public Policy Foundation မှ သုတေသီ မစ္စတာဆူဖာခစ် နမ်တဗိုရာခမ်က  Dawei Watch သို့ ပြောဆိုသည်။

ရေနက်ဆိပ်ကမ်း၊ သတ္တုတွင်း၊ စွမ်းအင် စသည့် စီမံကိန်း များကို ဆန့်ကျင်သည့် အဖွဲ့တစ်ခုရှိပါက ကန့်ကွက်သည့် အဖွဲ့တစ်ခု ရှိဆဲဖြစ်ကြောင်း ၄င်းကဆိုသည်။

စက်ရုံ လည်ပတ်ခွင့်ပြု၊ မပြုကို တာဝန်ရှိသူများက ပညာရှင်များ၊ ဒေသခံများ နှင့် ညှိနှိုင်းတိုင်ပင်ပြီးမှသာ လုပ်ကိုင်သင့်သော်လည်း ယင်းကိစ္စရပ်များ လုပ်ကိုင်ခဲ့ခြင်းမရှိသဖြင့် ထိုကဲ့သို့သော ဆန္ဒပြ ကန့်ကွက်မှုများ ဖြစ်ပွားရခြင်းဖြစ်ကြောင်း ဦးကြင်စံက သုံးသပ်သည်။

ဦးကြင်စံ ကဲ့သို့ပင် မစ္စတာဆူဖာခစ်၊ ထားဝယ် ဖွံ့ဖြိုးရေးအဖွဲ့ (DDA) မှ ဦးသန့်ဇင် တို့တွင်လည်း တူညီသော အမြင်ရှိသည်။

စီမံကိန်းစတင်စဉ်က ပွင့်လင်းမြင်သာမှုမရှိခဲ့သဖြင့် ထိုသို့သော ‘အုပ်စုကွဲ’ ပြဿနာများ ဖြစ်ပွားရခြင်းဖြစ်ပြီး အားလုံးသဘောတူညီသော ဆန္ဒဖြင့် လုပ်ဆောင်ခဲ့ခြင်းလည်း မဟုတ်ကြောင်း ဦးသန့်ဇင်ကဆိုသည်။

အုပ်စုကွဲ အနေအထားများကို ရှောင်လွှဲနိုင်ရန် အစိုးရနှင့် သက်ဆိုင်ရာ စီမံကိန်း တာဝန်ရှိသူများအနေနှင့် သတင်းအချက်အလက် မျှဝေခြင်း၊ စကားဝိုင်း ဆွေးနွေးပွဲများ ကျင်းပခြင်းတို့ဖြင့် လူထုအကြား လုံလောက် မျှတသော သတင်းအချက်အလက်ရရှိရန် လုပ်ဆောင်ပေးသင့်ကြောင်း မစ္စတာ ဆူဖာခစ်က ပြောသည်။

“သတင်းအချက်အလက် ကန့်ကတ်မထား၊ လူထုပါဝင်မှုကို ကန့်သတ်မထားဘူး။ အဲလိုနည်းတွေနဲ့ မြန်မာပြည်မှာ ဒီလိုမျိုး အုပ်စုကွဲ အနေအထားတွေမဖြစ်အောင် ရှောင်နိုင်ပါတယ်”ဟု သူကဆိုသည်။

သို့သော် ယနေ့ အချိန် ကော့သောင်းတွင် နှစ်အုပ်စု စတင်ကွဲယောင်ပြလာသည်။


မြို့နှင့် ၇ မိုင်ကျော်အကွာရှိ ပလုံးတုံတောင်းမှ ရွာခံများက လျှပ်စစ်မီးဈေးချိုရေး မှန်းရည်ကာ စက်ရုံကို ထောက်ခံသည်။
စက်ရုံအနီးနေထိုင်သူများမှာ ဘေးထွက် ဆိုးကျိုးရောဂါများကို စိုးရိမ်ကာ ကန့်ကွက်သည်။
များစွာသော ကန့်ကွက်သူများတွင် စက်ရုံအနီးနေထိုင်သူ ဒေါ်ခင်မျိုးလဲ့လည်း တစ်ဦးအပါအ၀င်ဖြစ်သည်။

“ပလုံးတုံတောင်ကလက်ခံရင် စက်ရုံကိုပလုံးတုံတောင်းကို ပြောင်းဖို့လိုတယ်။ သူတို့က ဝေးနေတဲ့သူဆိုတော့ဘယ်သိမလဲ။  ကိုယ်ခံစားရတာကိုယ်ပဲသိတယ်”ဟု သူမက ထုတ်ဖော်ပြောဆိုသည်။

ထိုကဲ့သို့သော ဆန္ဒပြမှုများ တန်ပြန်ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်လာခြင်းသည် အဖွဲ့အစည်းအတွင်း ကောင်းမွန်သော လက္ခဏာမဟုတ်ဘဲ အချင်းချင်း ‘ကွဲ’ ရန် အကြောင်းရင်းဖြစ်လာနိုင်ကြောင်း ဦးသန့်ဇင်က ဆိုသည်။

“ကွဲပြားရာကနေ ရန်လိုတဲ့အထိ ရောက်နိုင်တယ်” ဟု သူက ထပ်ပြောသည်။


ဆန့်ကျင် အုပ်စုမှာ လက်မလျှော့သေး။

လူထု အင်အာ ၂၅၀ ဖြင့် စက်ရုံကို ကန့်ကွက် ဆန္ဒပြရန် တရားဝင်လျှောက်ထားရန် စက်ရုံတည်ရှိရာ ရွှေပြည်သာရပ်ကွက်ရှိ ဒေသခံ ဦးအောင်ဝင်၏ ဦးဆောင်မှုဖြင့် စီစဉ်နေသည်။

“စက်ရုံမရပ်မချင်း ဆက်လုပ်သွားမယ်”ဟု ဦးအောင်ဝင်းကဆိုလေသည်။

(Reporting  by Tint Lwin၊ Yen Snaing။ Writing by Editor)

0 comments:

Post a Comment