Wednesday, November 14, 2012

ထားဝယ်ရိုးရာ ၀တ်စားဆင်ယင်မှု ပြိုင်ပွဲ ပထမဆုံးအကြိမ် ကျင်းပမည်


ထားဝယ်၊ နိုဝင်ဘာ ၁၄ (Dawei Watch)

မိဘမဲ့နှင့် ချို့တဲ့နွမ်းပါး ကလေးငယ်များ၏ ပညာရေး၊ ကျန်းမာရေးနှင့် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပံ့ပိုးပေးနိုင်ရန်အတွက် ပထမဆုံး ထားဝယ်ရိုးရာ ဝတ်စားဆင်ယင်မှုပြိုင်ပွဲနှင့် အနုပညာစွမ်းရည်ပြပွဲရန်ပုံငွေ ပွဲတော်ကို ထားဝယ်မြို့တွင် ဒီဇင်ဘာ လကုန်ပိုင်းတွင် ကျင်းပမည်ဖြစ်သည်။

ထားဝယ်ဒေသတွင် ရက်လုပ်သောချည်ထည်များဖြင့် ထားဝယ်ရိုးရာဝတ်စုံများကို ပွဲတက်ဝတ်စုံအဖြစ် ဝတ်ဆင်လာစေရန်၊ မိမိဒေသက ရက်လုပ်သောချည်ထည်များကို ခေတ်မီလှပသောဝတ်စုံများ ချုပ်လုပ်ပြီးရိုးရာမပျက်ဝတ်ဆင်နိုင်သည့် အကြောင်း လူအများ သိလာစေရန် ရည်ရွယ်၍ ဒီဇင်ဘာလ ၂၈ ရက်မှ ၃၀ ရက်အထိ ထားဝယ်မြို့တော်ခန်းမတွင် ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းပွဲဖြစ်မြောက်ရေးအတွက် အကျိုးဆောင်လုပ်ကိုင်နေသည့် ကလေးသူငယ်များဖွံ့ဖြိုးတိုးတက်ရေး (CDP) အဖွဲ့မှ ဦးအောင်ဖြိုးဝင်း ကပြောကြားသည်။

အဆိုပါပွဲပြုလုပ်ရန် ကျင်းပရေး ခန့် မှန်းကုန်ကျစရိတ်မှာ သိန်း ၃၀ ဝန်းကျင်ခန့် ကုန်ကျမည် ယင်းအဖွဲ့က ခန့်မှန်းထားသည်။

ကုန်ကျစရိတ်များအတွက် ဒေသအတွင်းရှိ ထားဝယ်ရိုးရာနှင့်ပတ်သက်၍ စိတ်ပါဝင်စားအားပေးသူများနှင့် ဒေသခံစီးပွားရေးလုပ်ငန်းရှင်များထံမှ အကူအညီတောင်းခံမည်ဖြစ်ပြီး ရရှိလာသောအကျိုးအမြတ်များကို ကလေးသူငယ်ဖွံ့ ဖြိုးတိုးတက်ရေး အစီအစဉ်များတွင် အသုံးပြုမည်ဖြစ်ကြောင်း ဦးအောင်ဖြိုးဝင်း ကဆက်လက်ပြောကြားသည်။

အဆိုပါပွဲတွင် ဝတ်စားဆင်ယင်မှုပြိုင်ပွဲအပြင် ထားဝယ်ရိုးရာသံချပ်၊ ကလေးသူငယ်များ၏ ဖျော်ဖြေမှု၊ ထားဝယ်ရိုးရာ ရေအိုးရွက်အက စသည့်ရိုးရာဖျော်ဖြေမှုများ ပါဝင်မည်ဖြစ်သည်။

ထားဝယ်ရိုးရာဝတ်စုံကို မိမိကိုယ်တိုင် မမြင်ဖူးဘဲ ယခုကဲ့သို့ ထားဝယ်ရိုးရာ ဝတ်စားဆင်ယင်မှုပြိုင်ပွဲ ကျင်းပသဖြင့် အလွန်စိတ်လှုပ်ရှားမိကြောင်း ထားဝယ် နည်းပညာတက္ကသိုလ်မှ ကျောင်းသားတစ်ဦးက ပြောကြားသည်။

“ထားဝယ် ရိုးရာဝတ်စုံကို အရင်ကလိုမ၀တ်ကြတော့ဘူး။ ဒါပေမယ့် ခေတ်မီ ဒီဇိုင်း နဲ့ ပြိုင်ပွဲလုပ်ရင် အမြင်တစ်မျိုးနဲ့ လှပါလိမ့်မယ်။ အခြားဝတ်စုံတွေလို ၀တ်လာပါလိမ့်မယ်”ဟု ၀ိဇ္ဇာသိပ္ပံတက္ကသိုလ်မှ ကျောင်းသူတစ်ဦးက သုံးသပ်ပြော ကြားသည်။

ထားဝယ်မြို့တွင် ရိုးရာ လက်မှု ယက္ကန်းရက်လုပ်နေသူမှာ လေးဦးခန့်သာကျန်ရှိတော့ပြီး လူတစ်ယောက်တစ်နေ့ ရက်လုပ်လျှင်နှစ်ကိုက်ခန့် သာပြီးစီးသည်။

ထားဝယ်ရိုးရာလက်မှုရက်ကမ်းပညာသင်ယူရာတွင် အသေးစိတ်သင်ယူရသောကြောင့် နှစ်ချီ၍သင်ယူရပြီး ရိုးရာကိုထိန်းသိမ်းသည့် အနေဖြင့်သာ ယက္ကန်း ရက်လုပ်လုပ်နေခြင်းဖြစ်ကြောင်း ထားဝယ်မြို့မှ ယက္ကန်းပညာရှင် ဒေါ်အေးမူကဆိုသည်။

”တို့  သက်ရှိသရွေ့တော့ ထိန်းသိမ်းသွားမယ်။ နောက် မျိုးဆက်သစ်တွေ မရှိတော့တာကြောင့် စိတ်မကောင်းဖြစ်မိတယ်”ဟု ၎င်းကဆိုသည်။

ထားဝယ်လုံချည်မှာ ယခင်ကာလများက နာမည်ကျော်ခဲ့သော်လည်း ယခုအချိန်တွင် သိရှိသူနည်းပါးနေပြီဖြစ်သည်။



ဒေါ်အောင်ဆန်းစုကြည် ထားဝယ်သို့ စည်းရုံးရေးခရီး လာရောက်စဉ်က ထားဝယ်လုံချည်ဝတ်ဆင်ခဲ့သည်။ ဓါတ်ပုံ AFP

0 comments:

Post a Comment