Thursday, November 15, 2012

ထိုင်းပြည်သူတို့ အခွန်ထမ်းငွေ ထားဝယ်စီမံကိန်း ပုဂ္ဂလိက အကျိုးအတွက် မဟုတ်

 (Dawei Watch) မှတစ်ဆင့်ဖတ်ပြီးပြန်လည်ကူးယူဝေမျှပါသည်။
-------------------------------------------------------------------
(The Voice Weekly Dawei Supplement မှ ကူးယူဖော်ပြသည်)

ပဗီဒါ ပန်နနွန်၊ သီသိနမ် ပွန်ဆပ်ဟိရပ် (ရင်စနိုင်း ဘာသာပြန်ဆိုသည်)


ကွဲပြားမှုများ အမြစ်တွယ်နေသော ထိုင်းနိုင်ငံတွင် မူဝါဒရေးရာ ချမှတ်သူ အနည်းစုမှာ မြန်မာနိုင်ငံ တောင်ပိုင်းရှိ ဒေါ်လာသိန်းသန်းချီ ကြီးမားသည့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း တည်ဆောက်ရေးကို တခဲနက် အားပေးနေကြသည်။

ဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်တရာ ဦးဆောင်သည့် အစိုးရအဖွဲ့မှာလည်း ဆိပ်ကမ်းအပေါ် အားကုန် နောက်ခံပေးထားသည်။ ယင်လပ် မတိုင်မီ ၀န်ကြီးချုပ်ဖြစ်သော အဘိဆစ် ဝေ့ချာချီဝ သည် ၂၀၁၀ ခုနစ်က ရုပ်မြင်သံကြား မိန့်ခွန်းတစ်ခုတွင် “ တချို့စက်ရုံတွေက ထိုင်းမှာ ဆောက်လုပ်ဖို့ မသင့်တော်ပါဘူး။ အဲဒါကြောင့် အဲဒီ စက်ရုံတွေကို အဲဒီမှာ (ထားဝယ်) မှာ ဆောက်လုပ်ရမယ်” ဟု ပြောဆိုထားသည်။ ထိုင်းနိုင်ငံ အရှေ့ဘက် ပင်လယ်ကမ်းရိုးတန်းရှိ မတ်တပွတ် (Map Ta Phut) စက်မှုဇုန်ကို ဆန့်ကျင်သည့် သဘာဝပတ်ဝန်းကျင်နှင့် လူထု ကျန်းမာရေး ကာကွယ်ရေး လှုပ်ရှားမှုများကို တုံ့ပြန်ကာ ပြောဆိုခြင်းဖြစ်သည်။

သို့သော်ငြားလည်း ထားဝယ်ဒေသတွင် ဖြစ်ပွားလာမည့် ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးများကို ထည့်တွက်ခြင်းမရှိသည့်အပြင် ကျပ်တည်းတဲ့ နိုင်ငံရေး ဘောဂဗေဒဆိုင်ရာ မေးခွန်းများကိုလည်း လျစ်လျူရှုထားသည်။ ယင်လပ် အစိုးရ၏ ထားဝယ်စီမံကိန်းကို ပခုံးလွှဲယူသည့် ဆုံးဖြတ်ချက်မှာ အစုစပ် ပုဂ္ဂလိက ဆောက်လုပ်ရေး လုပ်ငန်းဖြစ်သည့် အီတာလျံ-ထိုင်း အများပိုင် ကုမ္ပဏီ (ITD)။ ယင်း ကုမ္ပဏီ၏ အကျိုးအမြတ်အတွက် ထိုင်းအခွန်ထမ်းများ အပေါ် ၀န်ပိစေသည်။

မြန်မာနိုင်ငံ၏ ဖူးပွင့်စ အပြောင်းအလဲမတိုင်ခင်ကပင် ITD သည် စောစောစီးစီး အကွက်မြင်သူပီပီ ထားဝယ်ဒေသကို ဗဟိုပြုသည့် ၂၅၀ စတုရန်း ကီလိုမီတာ အကျယ်ရှိ မြေပေါ်တွင် ဆောက်လုပ်ရန် ၂၀၀၈ ခုနစ်တွင် မူဘောင် သဘောတူညီမှု ရခဲ့သည်။ ယင်းအချိန်က မြန်မာနိုင်ငံ၏ မသဲကွဲသေးသော စီးပွားရေး နယ်ပယ်ကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (SPDC) ၏ လက်အောက်ရှိ ဖိနှိပ်သော စစ်အစိုးရ နှင့် ပေါင်းကာ စီးပွားရေးလုပ်ကိုင်နေသူများကသာ ကြီးစိုးလေသည်။ မြန်မာနိုင်ငံတွင် ခိုင်မာသည့် အကျိုးမြတ်များသော စီးပွားရေးများ လုပ်ရန် ထိပ်တန်းပုဂ္ဂိုလ်များနှင့် နီးစပ်သည့် အဓိက အဆက်သွယ်များ ရှိရန်သာ လိုခဲ့သည်။

ITD အနေဖြင့် ၎င်း၏ မများလှသော အရင်းအနှီးဖြင့် စီမံကိန်းကို ကနဦးအဆင့်ကို စတင်ရန် ရည်ရွယ်ခဲ့ပြီး အခြားသော ရင်းနှီးမြှပ်နှံသူများ ပါဝင်လာမည်ဟု တွက်ဆခဲ့သည်။ ၎င်းရွေးချယ်ခဲ့သည့် ပြည်တွင်း မိတ်ဖက်မှာ စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းဖြစ်သည့် အမေရိကန် ဘဏ္ဍာရေး ဋ္ဌာနမှ အမည်ပျက် စာရင်းဝင်ဆဲ ဦးဇော်ဇော်ဦးဆောင်သည့် မက်မြန်မာ (Max Myanmar) ကုမ္ပဏီဖြစ်သည်။

ထားဝယ်စီမံကိန်း လုပ်ကိုင်ရန် Max Myanmar နှင့် အီတလျံ-ထိုင်း ကုမ္ပဏီတို့ ပူးပေါင်းကာ ဖွဲ့ထားသော ထားဝယ်ဖွံ့ဖြိုးရေး ကုမ္ပဏီအတွက် ရွေးချယ်ထားသော မန်နေဂျာမှာ ဆွန်ချက်သီနာပွန်ဖြစ်သည်။ သူသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရှိ သုဝဏ္ဏဘူမိ လေဆိပ် တည်ဆောက်စဉ် အရှုပ်အရှင်းများ ရှိခဲ့သည့် အစောပိုင်း နှစ်များအတွင်း လေဆိပ် တည်ဆောက်ရေး ကနဦးအဆင့်များကို စီမံခဲ့သည့် အတွင်းလူ ဖြစ်သည်။

Max Myanmar မှာမူ ၂၀၀၇ ခုနစ်တွင် ဗိုလ်ချူပ်ကြီး သိန်းစိန်အစား SPDC မှ ခန့်အပ်လိုက်သည့် ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးနှင့် နီးစပ်သည်။ ဗိုလ်ချုပ်ကြီး နှစ်ဦးလုံးပင် အရပ်ဝတ်လဲကာ ၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲအပြီး လွှတ်တော်တွင် နေရာရကာ ဒုသမ္မတနှင့် သမ္မတ အသီးသီး ဖြစ်လာခဲ့သည်။

ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး အစိုးရနှင့် သူ၏အနီးကပ် လုပ်ဖော်ကိုင်ဖက် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့၏ မြန်မာ့ ဒီမိုကရက်တစ်ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းတွင် ဦးတင်အောင်မြင့်ဦး၏ အရေးပါမှုမှာ ဆုတ်ယုတ်လာသည်။ ၎င်းသည် ယခုနှစ် မေလတွင် ရာထူးမှ အနားယူခဲ့သည်။

တချိန်တည်းမှာပင် ထားဝယ်စီမံကိန်းအတွက် ဓါတ်အားပေးမည့် မဂ္ဂါဝပ် ၄၀၀၀ ရှိ ကျောက်မီးသွေးစက်ရုံတည်ဆောက်မှု ကို သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကြောင့် ရပ်ဆိုင်းခဲ့သည်။ နောက်နှစ်လအတွင်းမှာပင် Max Myanmar မှ စီမံကိန်းမှ နှုတ်ထွက်ကြောင်း ကြေညာခဲ့သည်။

ITD အတွက်မူ နိုင်ငံရေး အဆက်အသွယ်များ၏ နောက်ခံဖြင့် ထိုင်းဘတ်ငွေများ အလွယ်တကူရရှိနိုင်ရာမှ မဖြစ်နိုင်သည့် ဘက်သို့ မြန်မြန်ဆန်ဆန်ပင် ရောက်ရှိသွားသည်။ ITD ၏ စီမံကိန်း ကနဦး အဆင့်အတွက်လိုအပ်သော ကန်ဒေါ်လာ ၈ ဒဿမ ၅ ဘီလျံ မပြည့်မီချိန်တွင် ၎င်း၏ ရှယ်ယာ ဈေးနှုန်းများ မတည်မငြိမ်ဖြစ်လာသည်။ စိတ်ဝင်စားသော ရင်းနှီးမြှပ်နှံသူများလည်း လန့်ဖြန့်သွားသည်။

ထိုစဉ် ယင်လပ် အစိုးရ၏ အာမခံချက်ဖြင့် ITD ကို ကယ်မရန် ဖြစ်လာသည်။

ယင်းလပ်အစိုးရသည် ထိုင်း သံတမန်ရေးရာကို နှင့် စီးပွားရေး အားကောင်းမှုကို အသုံးပြုကာ ရရှိထားသော နားလည်မှု စာချွန်လွှာများ ခိုင်မာစေရန် ITD က စတင်ခဲ့သည့် ကိစ္စများကို ပြန်လည် အသက်သွင်းတော့သည်။ အရေးပါသည့် နားလည်မှု စာချွန်လွှာများကို သမ္မတ ဦးသိန်းစိန်၏ ဇူလိုင်လ ဘန်ကောက်သို့ တရားဝင် ခရီးစဉ်နှင့် ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ရန် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့သို့ ရောက်ရှိစဉ် တွေ့ဆုံကာ သဘောတူ လက်မှတ်ထိုးခဲ့ကြသည်။ ကော်မတီခွဲများ ပါဝင်သော အဆင့်မြင့် ပူးတွဲ ကော်မတီ၏ လုပ်ငန်းအ၀၀ကို မြန်မာနိုင်ငံ ဒုသမ္မတနှင့် ထိုင်း ဒု ၀န်ကြီးချုပ်တို့ ဦးဆောင်ကိုင်တွယ်မည် ဖြစ်သည်။

ထိုင်းအစိုးရ၏ စိတ်အားထက်သန်စွာ နောက်ခံပေးမှုနှင့်အတူ ထားဝယ်စီမံကိန်းသည် ပုံမှန်လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်သည်။ သို့သော် ယခုပြန်လည် စတင်လာသည့် စီးပွားရေး အစီအစဉ်တွင် ITD ၏ အခန်းကဏ္ဍကို ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပေ။

ထားဝယ်စီမံကိန်း အကောင်အထည်ဖော်ရာတွင် ထိုင်းအစိုးရမှ တာဝန်ခံမည်ဆိုပါက ITD အနေဖြင့် အဓိက ဦးစားပေး အကျိုးခံစားခွင့် ရရှိမည်ဖြစ်သည်။ အစိုးရ၏ ရင်းနှီးမြှပ်နှံမှု မူဝါဒမှာလည်း ကုမ္ပဏီများအကြား ကုမ္ပဏီတစ်ခုတည်းကိုသာ ထောက်ပံ့သည့် အဖြစ်ကိုရောက်ပေမည်။ ယင်းကဲ့သို့ ITD ကို ဦးစားပေး ဆက်ဆံမှုသည် ကိုယ့်အကျိုး၊ သူ့အကျိုးကြည့်နေမှုအပေါ် သံသယဖြစ်လာစေနိုင်ပြီး ကိုယ့်ကျင့်တရားဆိုင်ရာ မေးခွန်းများပေါ်လာစေနိုင်သည်။ ITD အား အခွန်ထမ်းပြည်သူများ၏ ဘဏ္ဍာငွေဖြင့် ငဲ့ကြည့်နေစရာ၊ ကူနေစရာ မလိုပေ။ ဆောက်လုပ်ရေး ကုမ္ပဏီကြီး တစ်ခု အနေဖြင့် ကုန်ကျ-အကျိုးအမြတ်နှင့် ရင်းနှီးမြှပ်နှံရေးကို ၎င်းဘာသာ တွက်ချက်မှုခဲ့သည်မှာ ရေရှည် မကြည့်ခဲ့သည့် အမြော်မြင် ကင်းမဲ့မှုပင်ဖြစ်သည်။

အောင်မြင်လာလျှင် ITD အနေနှင့် သူ၏ အကျိုးအမြတ်များကို ထိုင်းအစိုးရနှင့် ထိုင်းပြည်သူလူထုကို ခွဲတမ်းချပေးမည်မဟုတ်မည် ဧကန်ပင်။ ဆက်အောင်မြင်နေလျှင် ရှယ်ယာတန်ဖိုးများတက်လာမည်။ သို့သော် ITD ၏ အနည်းစုသော ရှယ်ယာပိုင်ရှင်များအလွန် ထိုင်းလူထုဆီ ယင်းတို့ စီးဝင်လာမည်မဟုတ်ပေ။

ထို့အပြင် အစိုးရ၏ ITD ကို အကာအကွယ် ပေးမည့် အာမခံငွေများသည့် မှားယွင်းသည့် သာဓက တခုဖြစ်လာမည်ဖြစ်ပြီး မှားယွင်းသည့် အချက်ပြလည်း ဖြစ်သည်။ ခက်ခဲ၍ အကျလွယ်သော ကမ္ဘာလုံးချီ ယှဉ်ပြိုင်နေရသော အခြားသော ထိုင်း နိုင်ငံစုံ အဖွဲ့အစည်းများအတွက်လည်း မမျှတသည့် ကွင်းတခု ဖန်တီးသကဲ့သို့ ဖြစ်စေသည်။

Thai Union Frozen Products (TUF) and Indorama Ventures တို့ကဲ့သို့ အပြိုင်အဆိုင် လုပ်ကိုင်နေရသည့် ထိုင်း နိုင်ငံစုံ ကုမ္ပဏီများမှာ အခွန်ထမ်းပြည်သူများအပေါ် ၀န်ပိုစေခြင်း မရှိဘဲ ကိုယ်တိုင် စွန့်စားကာ အကျိုးမြတ်ရရှိသည်ချည်းဖြစ်သည်။ ဥပမာ ကမ္ဘာ့အကြီးဆုံး ငါးသေတ္တာတင်ပို့သည့် TUF ကုမ္ပဏီဆိုလျှင် ဆိုမာလီကမ်းခြေတွင် ဓါးပြများ ရန်ကို ၎င်းဘာသာ ရင်ဆိုင်ကျော်လွှားခဲ့သည်။ ထိုင်းဘတ်အလွယ်တကူ ရရှိရန် အကြံဖြင့် ကမ္ဘာလှည့် လုပ်ကိုင်နေသော ထိုင်း နိုင်ငံစုံ ကုမ္ပဏီများ အနေဖြင့် ITD အား အစိုးရမှ အာမခံငွေ ပေးခြင်းဖြင့် တဖက်လှည့် မနစ်နာသင့်ပါ။

သမိုင်းကြောင်းအရ ရင်းနှီးကျွမ်းဝင်မှုများ ရှိခဲ့သည့် ထိုင်း (Siamese) တို့၏ နှစ်များသို့ မျှော်ကြည့်လိုက်လျှင် ထားဝယ်၏ ပထ၀ီ စီးပွားရေးမှာ ၎င်း၏ ရှုပ်ထွေးပွေလီသော ပထ၀ီ နိုင်ငံရေးကဲ့သို့ စိတ်ဝင်စားဖွယ်ရာ ဖြစ်သည်။ ထားဝယ် သည် ဗမာ (မြန်မာ၏ ယခင်အမည်) နှင့် ထိုင်းအကြား ၁၉ ရာစု အလယ်ပိုင်း တောင်ပိုင်း တနသာင်္ရီဒေသ တခုလုံး ဗမာတို့ ထိန်းချုပ်မှု အောက် မရောက်ခင်အထိ အချိန် အပိုင်းအခြားများကြား တလှည့်စီ ယှဉ်ပြိုင် အုပ်ချုပ်ခံရာ ဒေသ ဖြစ်ခဲ့သည်။ ဗမာ့ တောင်ပိုင်း တပ်မတော်၏ တပ်စွဲရာ နယ်မြေအဖြစ် ၁၇၆၅-၆၇ ခု အယုဒ္ဓယ သို့ တောင်မြောက် ညှပ် ကျူးကျော်တိုက်ရာတွင် ထားဝယ်သည် ယိုးဒယား၏ မြောက်ဘက် ကင်းစခန်းမြို့ဖြစ်သည့် ဖိစနုလွတ်မြို့နှင့် ယှဉ်က ဘန်ကောက်နှင့် ပိုနီးလေသည်။

အသေအချာ ဆိုရလျှင် ထားဝယ် စီမံကိန်းသည် ထိုင်း-မြန်မာ ဆက်ဆံရေးတလျှောက်တွင် ထိုင်း၏ အကြီးဆုံး အသက်သွေးကြော ဖြစ်ရန် အလားအလာရှိသည်။ ထိုင်းနိုင်ငံသည် ထားဝယ်ဒေသအပြင် ရွေ့ပြောင်း လုပ်သားများ၊ သဘာဝ ဓါတ်ငွေ့ တင်သွင်းမှု၊ မူးယစ်ဆေးဝါး နှိမ်နှင်းရေး အစရှိသည့် ကဏ္ဍများတွင် မြန်မာနိုင်ငံကို အမှီသဟဲ ပြုနေရသည်။ အခြားတဖက်တွင် မြန်မာမှလည်း ငွေပေးချေမှု၊ နိုင်ငံခြား ၀င်ငွေ ရရှိမှု၊ ရင်းနှီးမြှပ်နှံမှုနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေး အကူအညီများကို ထိုင်းမှ ရရှိနိုင်သည်။

ထိုင်း မြန်မာ နှစ်နိုင်ငံ သည် တရုတ်နှင့် အိန္ဒိယ၊ တရုတ်နှင့် ဂျပန်တို့ကြား အချက်ချာကျ တည်ရှိသည့်၊ အရှေ့တောင်အာရှ ကုန်းမကြီး ၏ မဟာဗျူဟာကျ စင်္ကြန်လမ်းပေါ်တွင် ဖြစ်တည်လျက်ရှိသည်။ အရှေ့တောင် အာရှ ကုန်းမကြီး သည် ပိုမိုချမ်းသာ ကြွယ်ဝပြီး တည်ငြိမ်သော ပထ၀ီဝင် နိုင်ငံရေး အတူတကွ တည်ရှိနိုင်ရေး ၂၁ ရာစုနှစ်လယ်ခန့်တွင် အိန္ဒိယ တိုက်ငယ်နှင့် အရှေ့တောင် အာရှ ရေကြောင်းကို ဖြတ်ကာ မြောက်အရှေ့အာရှ နှင့် ဆက်သွယ်နိုင်မည် ဖြစ်သည်။ လူဦးရေ ၃ ဘီလီယံရှိ ကျယ်ပြန့်လှသည် အာရှဒေသတွင် လာမည့် သုံးရာစုအတွင်း ပဋိပက္ခ သို့တည်းမဟုတ် ပူးပေါင်းဆောင်ရွက်မှုများ ပိုမို တွေ့လာရမည် ဖြစ်သည်။ အရှေ့တောင်အာရှ ကုန်းမကြီးသည် အာရှ၏ အလယ်ဗဟိုတွင် ရှိသည်နှင့် အညီ မြန်မာနှင့် ထိုင်းမှာ ၎င်း၏ အလားအလာရှိသည့် အချက်အချာကျ ပထ၀ီဝင် ထွက်ပေါက် ဖြစ်သည်။

ထားဝယ်မှ ဘန်ကောက်သို့ တဖြောင့်လမ်းသည် အာရှလမ်းမကြီးအတိုင်း ဗီယက်နမ်တောင်ပိုင်း Tuy Hoa တွင် အဆုံးသတ်မည်ဖြစ်ပြီး အကန့်သတ်ရှိကာ ပြွတ်ကြပ်နေသာ (စင်ကာပူနှင့် အင်ဒိုနီးရှားအကြားရှိ) မလက္ကားရေလက်ကြားကို ရှောင်ရှားသွားနိုင်မည်ဖြစ်သည်။ အပြည့်အ၀အကောင်ထည်ဖော်မည် ဆိုပါက မဟာမဲခေါင် ဒေသခွဲအတွင်း ထားဝယ် ဖွံ့ဖြိုးရေး၊ ချဲ့ထွင်ရေးနှင့် ချိတ်ဆက်ရေးသည် ဒဏ္ဍာရီဆန်လှသည့် Kra Isthmus တူးမြောင်း စင်္ကြန်လမ်းကဲ့သို့ အခြားနည်းလမ်းတခု ဖြစ်လာနိုင်သည်။ အရှေ့အာရှနှင့် ထိုင်းအရှေ့ဘက် ကမ်းရိုးတန်းအတွက် ပထ၀ီ စီးပွားရေး အလှည့်အပြောင်းလည်း ဖြစ်လာပေမည်။

[[[ Kra Isthmus ဆိုသည်မှာ အာရှနှင့် မလေးရှားကျွန်းဆွယ်တို့ကို ချိတ်ဆက်ပေးထားရာ ထိုင်းနိုင်ငံ နယ်နိမိတ်အတွင်းရှိ သေးငယ်သည့် ကုန်းမြေပိုင်းတစ်ခုဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းဒေသ၏ အရှေ့ဘက်တွင် တည်ရှိပြီး ယင်း Kra Isthmus ၏ အရှေ့ဘက်တွင် ကပ္ပလီပင်လယ် အနောက်ဘက်တွင် ထိုင်းပင်ဘယ်ကွေ့တို့တည်ရှိသည်။ မိစ္ဆာလည်ပင်းဟု နာမည်ကျော်သော ထိုဒေသကို တူးမြောင်းဖောက်၍ ကပ္ပလီပင်လယ်နှင့် ထိုင်းပင်လယ်ကွေ့ကို ရေကြောင်းအရ ဆက်စပ်ရန် အဆိုပြုခဲ့ဖူးသည်။ ဘာသာပြန်သူ ]]]

ဤအကြောင်းများကြောင့်ပင် ယင်လပ် အစိုးရသည် ထားဝယ်အပေါ် ဗျူဟာကျကျ အားစိုက်ထုတ်နေခြင်း ဖြစ်နိုင်သည်။ သို့သော် ဦးစွာ ဒေသခံများနှင့် နိုင်ငံတကာ ပုဂ္ဂလိက စိတ်ဝင်စားသူများ ရင်းနှီးမြှပ်နှံနိုင်ရန် လုပ်ငန်း ကုန်ကျစရိတ်များ၊ တိကျသော စည်းမျဉ်းများ ချမှတ်ခြင်း၊ ၀င်ရောက်နိုင်မည့် နယ်ပယ်များ ဖန်တီးပေးခြင်း၊ အခြေခံ အဆောက်အအုံများ ဖန်တီးပေးခြင်း စသည့် အခြေအနေများ ဦးစွာ ချမှတ်ပေးရန် လိုသည်။ ထိုမှသာ ရှေ့တွင်ဖြစ်နိုင်ဖွယ်များကို ကြိုထောက်ချင့်ကာ ရေတို ကျင့်ဝတ်နှင့် မညီသော လုပ်ရပ်ဖြစ်သည့် ညစ်ပတ်သည့် အိမ်နီးချင်း အဖြစ်ကို ရှောင်နိုင်ပေမည်။

ထိုင်းနိုင်ငံအနေဖြင့် နိုင်ငံမှာ တိုက်ရိုက် ပါဝင်ပါသက်မှုကို နည်းစေပြီး မသေချာမှုကို တာဝန်ယူရမည့် အခြေအနေကို ရှောင်ကာ ပွင့်လင်းမြင်သာမှုရှိသည့် သဏ္ဍာန်ဆောင်သင့်သည်။

တနည်းအားဖြင့် ဆိုလျှင် ITD ၏ အဆင့်အတန်းကို ၎င်း၏ ကိုယ်ပိုင် အသုံးစရိတ်ဖြင့် မရှင်းနိုင်သမျှ မည်သည့် ထိုင်းအခွန်ထမ်း၏ ဘဏ္ဍာမျှ မမြှပ်နှံသင့်ပေ။
...................................

ဆောင်းပါးရှင်များ:::
ပဗီဒါ ပန်နနွန် (Pavida Pananond ) သည် ထိုင်းနိုင်ငံ၊ သမ်မဆပ် တက္ကသိုလ်မှ တမားဆပ် စီးပွားရေး ကျောင်း (တမားဆပ် တက္ကသိုလ်) မှ တွဲဘက် ပါမောက္ခဖြစ်သည်။ သီသိနမ် ပွန်ဆပ်ဟိရပ် (Thitinan Pongsudhirak ) မှာ ထိုင်းနိုင်ငံ၊ ချူလာလောင်ကွန်တက္ကသိုလ်၊ နိုင်ငံရေး သိပ္ပံ ဌာန၊ လုံခြုံရေးနှင့် နိုင်ငံတကာ လေ့လာရေး ကျောင်း ၏ ဒါရိုက်တာ ဖြစ်သည်။
....................................
ထားဝယ်စီမံကိန်းတွင် ထိုင်းအစိုးရ၏ ပါဝင်မှု ကုမ္ပဏီ၏ အကျိုးအမြတ်ဖြစ်ထွန်းမှုတို့နှင့် ပတ်သက်၍ ထိုင်းနိုင်ငံမှ ပညာရှင်နှစ်ဦး သုံးသပ်ချက်ဆောင်းပါးကို စက်တင်ဘာ ၁၀ ရက်နေ့က ဘန်ကောက်ပို့စ် သတင်းစာ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည့် No taxpayer money for private gains in Dawei ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြအပ်ပါသည်။ ယင်းဆောင်းပါးဖော်ပြပါရှိပြီး နှစ်လ အကြာတွင် ထိုင်းအစိုးရအနေနှင့် ထားဝယ်စီမံကိန်းတွင် [ထိုင်းအခွန်ထမ်းပြည်သူများ၏ ငွေကို] ရင်းနှီးမြှပ်နှံမည် မဟုတ်ဘဲ ညှိနှိုင်းပေးသည့် တာဝန်သူယူသွားမည်ဖြစ်ကြောင်း တရားဝင်ထုတ်ဖော်ပြောဆိုခဲ့သည်။
(အယ်ဒီတာ)


PIC: ထားဝယ်-ဘန်ကောက် ကားလမ်းဖောက်လုပ်မည့် ထီးခီး-ဖူနမ်ရွယ် နယ်စပ်ဂိတ် ထိုင်းဘက်ခြမ်း။ ဓါတ်ပုံ - Dawei Watch

0 comments:

Post a Comment