Friday, November 2, 2012

ဒုတိယသမ္မတ ဦးဥာဏ်ထွန်း တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့သို့ သွားရောက် ကြည့်ရှု လေ့လာ


နေပြည်တော် အောက်တိုဘာ ၂၈
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းသည် ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဦးအေးမြင့်၊ ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီးများနှင့် ဌာနအကြီးအကဲ များလိုက်ပါလျက် တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့သို့ ယမန်နေ့ နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရောက်ရှိကြရာ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို နှင့် တာဝန်ရှိသူများ ကြိုဆိုကြသည်။

ထိုမှတစ်ဆင့် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် မော်တော်ယာဉ်များဖြင့် ဆက်လက် ထွက်ခွာကြပြီး ထားဝယ်အထူးစီးပွားရေးဇုန် ရှင်းလင်းဆောင်သို့ ရောက်ရှိကြရာ ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ သူရ ဦးသောင်းလွင်က အထူး စီးပွားရေးဇုန် ဆောက်လုပ်မှုနှင့်အတူ လူမှုရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး တို့ကိုပါ တစ်ပြိုင်တည်း လုပ်ဆောင်နေမှု၊ ဒေသ၏ နောက်ခံအခြေအနေ၊ ကျေးရွာသစ် ဆောက်လုပ်ပေးမှု၊ ကျန်းမာရေး စောင့်ရှောက်ပေးနေမှု၊ အသက်မွေးဝမ်းကျောင်း ဆိုင်ရာ နည်းပညာ ဖြန့်ဝေပေးမှုတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် Italian Thai Development Public Co.,Ltd.(ITD) ဥက္ကဌ Mr. Premchai Karnasuta က စီမံကိန်းဆိုင်ရာ တည်ဆောက်ရမည့် အခြေခံ အဆောက်အအုံများ၊ လုပ်ငန်း ပြီးစီးမှုနှင့် တွေ့ကြုံရသည့် အခက်အခဲများကို တင်ပြသည်။

ထို့နောက် ထားဝယ်အထူးစီးပွားရေးဇုန် အထောက်အကူပြု လုပ်ငန်းအဖွဲ့(ယာယီ) ဥက္ကဌ  ဦးတင်မောင်ဆွေက စီမံကိန်းတည်နေရာ၊ လက်ရှိရေကြောင်း ကုန်စည် ပို့ဆောင်ရေး အခြေအနေ၊ စက်မှုဇုန်များ တည်ဆောက်မည့် အစီအမံ၊ ထားဝယ်ရေနက်ဆိပ်ကမ်း  စီမံကိန်း Port Basin တည်ဆောက်မည့် အခြေအနေ၊ လမ်းဖောက်လုပ်မှု၊ ပတ်ဝန်းကျင် ဆိုင်ရာ လေ့လာဆန်းစစ်ထားရှိမှု၊ ဘဝါ မြို့သစ် နေအိမ်များ အသစ်တည်ဆောက်ပြီးစီးမှု၊ စီမံကိန်း ဧရိယာအလိုက် လျော်ကြေးငွေ ပေးအပ်ပြီးစီးမှုနှင့် ကျန်ရှိမှု၊ စီမံကိန်း ဧရိယာအတွင်း မြေအသုံးချမှုနှင့် လုပ်ငန်းအဖွဲ့၏ လက်ရှိဆောင်ရွက်နေမှု တို့ကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယသမ္မတက အမှာစကား ပြောကြားရာတွင် ယနေ့ပြည်သူများ၏ ဆန္ဒသည် တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနှင့် တိုင်းရင်းသားအားလုံး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးပင် ဖြစ်ပါကြောင်း၊ တည်ငြိမ်အေးချမ်းရေးနှင့် ပတ်သက်၍ နိုင်ငံရေး အယူအဆ၊ အတွေးအခေါ် ကွဲပြားမှုများကြောင့် လည်းကောင်း၊ လူမျိုးစွဲ၊ ဒေသစွဲများကြောင့် လည်းကောင်း သမိုင်းတစ်လျှောက် တွေ့ကြုံခဲ့ရသည့် စိတ်ဝမ်းကွဲမှုများ၊ မသင့်မြတ်မှုများကို ရင်ကြားစေ့နိုင်ရေးအတွက် တူတာတွေပေါင်း၊ မတူတာတွေ အတွက် စိတ်ရှည်သည်းခံ ညှိနှိုင်းကာ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွင် သက်ဆိုင်သူအားလုံး ပါဝင်ခွင့် ရအောင် ဆောင်ရွက်ခြင်းဖြင့် တည်ငြိမ်အေးချမ်းရေးကို ဖော်ဆောင်လျက် ရှိပါကြောင်း။

လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် ယနေ့ အဓိက မှီခိုအားထား နေရဆဲ ဖြစ်သော လယ်ယာကဏ္ဍ တစ်ခုတည်းဖြင့် လုပ်ဆောင်၍ မရပါကြောင်း၊ စက်မှုကဏ္ဍ ဖွံ့ဖြိုးအောင် လုပ်ဆောင်မှသာ တိုးတက်နိုင်မည် ဖြစ်ပါကြောင်း၊ စက်မှုကဏ္ဍ အကောင်အထည် ဖော်နိုင်ရန် လိုအပ်သည့် ရင်းနှီးမြုပ်နှံမှုများ ရရှိရေးအတွက် နည်းလမ်း တစ်ရပ်ဖြစ်သော အထူးစီးပွားရေးဇုန်များ တည်ဆောက်ခြင်း ဖြစ်ပါကြောင်း၊ မိမိတို့၏ နိုင်ငံတွင် သယံဇာတနှင့် ရေခံမြေခံ အခြေအနေကောင်းများ ရှိရာ နည်းလမ်းကောင်းများ အသုံးပြု၍ အကျိုးရှိရှိ အသုံးချရန် လိုပါကြောင်း၊ ယခုစီးပွားရေးဇုန်တွင် အခြေခံ အဆောက်အအုံများ အမြန်ပြီးစီးအောင် ဆောင်ရွက်နိုင်ငံပါက နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများ လျင်မြန်စွာ တိုးတက်ရရှိ လာမည် ဖြစ်ပြီး နိုင်ငံတကာ အဆင့်မီ စက်ရုံများ ပေါ်ပေါက်ကာ ကမ္ဘာ့ဈေးကွက်သို့ လက်လှမ်းမီ နိုင်မည် ဖြစ်ပါကြောင်း။

ထို့ပြင် အထူးစီးပွားရေးဇုန် တည်ဆောက်ပြီးစီးပါကလည်း ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ၊ ပိုမိုကောင်းမွန်သော ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုများ ရရှိလာနိုင်မည် ဖြစ်သကဲ့သို့ လူနေမှုအဆင့်အတန်း ပိုမိုမြင့်မား တိုးတက်နိုင်သည့် အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများ ဖိတ်ခေါ်ရာတွင်လည်း နိုင်ငံတော်သမ္မတ၏ မိမိတိုင်းရင်းသားများ အကျိုးစီးပွား မထိခိုက်စေရန်၊ တိုင်းပြည် ဂုဏ်သိက္ခာကို မထိခိုက်စေရန၊် နိုင်ငံတော်၏ အချုပ်အခြာအာဏာ မထိခိုက်စေရန်နှင့် သဘာဝ ပတ်ဝန်းကျင် မပျက်ယွင်းစေရန် ဟူသော လမ်းညွှန်ချက်ကို အလေးအနက် လိုက်နာသွားရန် လိုအပ်ပါကြောင်း။

လုပ်ငန်းများ လုပ်ဆောင်ရာတွင် အခက်အခဲများ ရှိနိုင်သော်လည်း ထိုအခက်အခဲများကို ကုစားနိုင်သည့် နည်းလမ်းများလည်း ရှိပါကြောင်း၊ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများနှင့် ပတ်သက်၍ စူးစမ်းလေ့လာမှုများ ပြုလုပ်ပြီး လူမှုရေး အကျိုးသက်ရောက်မှုအတွက် စဉ်းစား ဆောင်ရွက်နေပါကြောင်း၊ ဤသို့ ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ပေးနေမှုကို ဒေသခံ ပြည်သူများ လက်တွေ့ခံစားယုံကြည်ပြီး ပူးပေါင်းပါဝင်ဆောင်ရွက်မှု အားကောင်းလာအောင် ဒေသဆိုင်ရာနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြိုးစားဆောင်ရွက် ကြရမည် ဖြစ်ပါကြောင်း။

အခြားနိုင်ငံများ၏ အထူးစီးပွားရေးဇုန်ဆိုင်ရာ ဖြစ်ထွန်းတိုးတက်မှုများကို လေ့လာပြီး ဆုံးရှုံးမှုများကို သင်ခန်းစာရယူကာ အတွေ့အကြုံနှင့်ယှဉ်၍ အောင်မြင်အောင် လုပ်ဆောင်ကြရမည် ဖြစ်ကြောင်း၊ ထို့ပြင်ပြဌာန်းထားသည့် ဥပဒေများ၊ နိုင်ငံတကာ ကျင့်စဉ်များနှင့် အညီ စနစ်တကျ လုပ်ဆောင်ရန် ဖြစ်ပါကြောင်း၊ မိမိတို့ အနေဖြင့် ဒေသ၏ အကျိုးစီးပွားကို ရှေးရှုပြီး လူမှုစီးပွားဘဝ ကောင်းမွန်မြင့်မားအောင် လုပ်ဆောင်ပေးရမည် ဟူသည့် ထမ်းဆောင်ရမည့်တာဝန်ကို စေတနာကောင်းဖြင့် ထမ်းဆောင်နေခြင်း ဖြစ်ပါကြောင်းနှင့် ပြည်သူလူထု၏ လိုအပ်ချက်များကိုလည်း စောင့်ကြည့် ဖြည့်ဆည်း ပေးသွားမည် ဖြစ်ပါကြောင်းဖြင့် မှာကြားသည်။

ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် စီမံကိန်းနှင့် ပတ်သက်သည့် စက်မှုလုပ်ငန်းဆိုင်ရာ ပုံစံငယ်၊ လူနေအိမ် နမူနာပုံစံငယ်များနှင့် ဒေသခံ ပြည်သူများ အတွက် ဆောင်ရွက်ပေးမှု မှတ်တမ်းများကို လှည့်လည် ကြည့်ရှုကြသည်။

ဆက်လက်၍် ရွှေ့ပြောင်း ပြည်သူများအတွက် ဖြန့်ဝေပေးမည့် ပျိုးပင်နမူနာများနှင့် အကျိုးပြုဇီဝ သက်ရှိ သဘာဝမြေသြဇာ၊ အလတ်စား အိမ်ရာ တည်ဆောက်ထားမှု တို့ကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာ ရပ်မိရပ်ဖများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကား ပြောကြားသည်။

ထို့နောက် ဒုတိယသမ္မတသည် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း တည်ဆောက်မည့် နေရာကို ကြည့်ရှု စစ်ဆေးရာ  ITD ဥက္ကဌက ပုံစံကားချပ်များဖြင့် ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီရုံးနှင့် အထောက်အကူပြု လုပ်ငန်းအဖွဲ့(ယာယီ) အဆောက်အအုံ ဆောက်လုပ်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးကြသည်။

ထို့နောက် ဒုတိယသမ္မတအား ပင်မလမ်းဆုံ၌ ITD ဥက္ကဌ နှင့် တာဝန်ရှိသူများက မြေသားလမ်း ဖောက်လုပ်ပြီးစီးမှု၊ Early Industrial Estate တည်ဆောက်မည့် အစီအစဉ်၊ Ka Loat Htar Dam and Reservoir Construction for DSEZ Water Supply Project  နှင့် အိမ်ရာဆောက်လုပ်ပြီးစီးမှု အခြေအနေတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

ထိုမှတစ်ဆင့် ဒုတိယသမ္မတသည် ထားဝယ်မြို့ရှိ လောကမာရဇိန် ဘုရားကြီးအား ပန်း ၊ ရေချမ်း ၊ ဆီမီးများ ကပ်လှုပူဇော် ဖူးမြော်ကြည်ညိုပြီး ဘက်စုံပြုပြင် တည်ဆောက်ရေးအတွက် အလှုငွေများ ပေးအပ် လှုဒါန်းကာ ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့သည်။

ဒုတိယသမ္မတသည် ယနေ့နံနက် ၉ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ ဒုတိယဝန်ကြီးများနှင့် တိုင်းဒေသကြီး ဝန်ကြီးများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဌက အထူးစီးပွားရေးဇုန် ဆိုင်ရာ ကိစ္စရပ်များနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များနှင့် လုပ်ငန်း လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ဒုတိယသမ္မတက သိရှိလိုသည်များကို မေးမြန်း၍ လုပ်ငန်းဆိုင်ရာ များအား ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌနှင့် ဒုတိယဝန်ကြီး များက သက်ဆိုင်ရာ ဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။

ယင်းနောက် ဒုတိယသမ္မတက နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ တနင်္သာရီတိုင်း ဒေသကြီး အနေဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှု အထိုက်အလျောက် ရှိသည်ကို တွေ့ရှိရသော်လည်း ပြည်သူများ အနေဖြင့် အကျိုးရလဒ်များကို လျင်လျင် မြန်မြန်နှင့် တိုက်ရိုက်ခံစားနိုင်အောင် ကြိုးစားဆောင်ရွက်သွားရန် တိုက်တွန်းလိုပါကြောင်းဖြင့် အမှာစကား ပြောကြားပြီး လိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့ကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment